backup og meta

Superiority Complex (သို့) ဘဝင်မြင့်စိတ်ဆိုတာ ဘာလဲ

Superiority Complex (သို့) ဘဝင်မြင့်စိတ်ဆိုတာ ဘာလဲ

ဘဝင်မြင့်စိတ်ဆိုတာ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ မိမိဟာ တခြားလူအားလုံးထက်သာတယ်လို့ ယုံကြည်တဲ့ စိတ်အခြေအနြေဖစ်ပါတယ်။ အဲဒီစိတ်အကြံအတိုင်းပဲ ပြုမူပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုတွေဟာ တခြားသူတွေထက် သာလွန်နေတယ်လို့ ယုံကြည်ကြပါတယ်။

ဒါပေမယ့် တစ်ခါတရံမှာ Superiority Complex ဘဝင်မြင့်စိတ်ဟာ မိမိကိုယ်ကို အထင်သေးအားမရခြင်းနဲ့ အငုံ့စိတ် inferiority Complex ကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းလည်း ဖြစ်နေတတ်ပါတယ်။

Superiority Complex ဘဝင်စိတ် ဆိုတဲ့ အယူအဆကို ၂၀ ရာစုအစောပိုင်းမှာ စိတ်ပညာရှင် Alfred Adler ဆိုသူက ပထမဆုံး ဖော်ထုတ်ခဲ့ပါတယ်။ မိမိတို့ ရင်ဆိုင်ရုန်းကန်နေရတဲ့ ကမောက်ကမ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာရတဲ့ စိတ်ခံစားချက်တွေကို တုံ့ပြန်ခုခံခြင်းကြောင့်ဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်။

Superiority Complex ဘဝင်စိတ်ရဲ့ လက္ခဏာတွေက ဘာတွေလဲ

Superiority Complex ဘဝင်စိတ်ရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • မိမိကိုယ်ကို တန်ဖိုးအလွန်ထားခြင်း
  • ရှိသည်ထက်ပိုပြီး ကိုယ်ရည်သွေးခြင်း
  • မိမိပုံပန်းသဏ္ဌာန်ကို အာရုံစိုက်ခံလိုခြင်း၊ ထည်ထည်ဝါဝါနေခြင်း
  • လွှမ်းမိုးသြဇာပေးလိုခြင်း
  • တခြားသူများ၏ စကားကိုနားမထောင်လိုခြင်း
  • တစ်စုံတရာအတွက် ပြန်လည်ရယူရာတွင် အခွင့်အရေး ပိုမိုရယူလိုခြင်း
  • စိတ်အပြောင်းအလဲမြန်ခြင်း
  • နောက်ခံစိတ်အခြေအနေတွင် မိမိကိုယ်ကို အကောင်းမြင်စိတ်နည်းခြင်း၊ အငုံ့စိတ်ရှိခြင်း

ဘဝင်မြင့်စိတ်နှင့် အငုံ့စိတ်

ဘဝင်မြင့်စိတ်ဆိုတာ မိမိတန်ဖိုးကို အလွန်အကျွံမြှင့်တင်ခြင်း၊ အလေးပေးခြင်းပဲ ဖြစ်ပါတယ်။ သာမန် သူလိုကိုယ်လို အဆင့်အတန်းတစ်ခုပဲရှိတယ်လို့ လက်ခံထားတဲ့ ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းလည်း ဖြစ်နိုင်ပါတယ်။

စိတ်ပညာရှင် Adler ရဲ့ အယူအဆအရ ဘဝင်စိတ်နဲ့ အငုံ့စိတ်ဟာ အပြန်အလှန်ဆက်စပ်မှု ရှိနေပါတယ်။ တခြားသူတွေထက် ပိုမိုသာလွန်နေသယောင် ပြုမူနေထိုင်သူတွေ၊ တခြားသူတွေက သူတို့လောက် တန်ဖိုးမရှိသလို ထင်မြင်နေသူတွေဟာ တကယ်တော့ သူတို့ရဲ့ အငုံ့စိတ်ကို ဖုံးကွယ်နေခြင်း ဖြစ်တယ်လို့ Adler က ယူဆပါတယ်။

ဘဝင်စိတ်ဆိုတာ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းနဲ့ အတော်လေးကွာခြားပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုဆိုတာ စွမ်းဆောင်ရည်၊ အောင်မြင်မှု၊ သက်ဆိုင်ရာနယ်ပယ်အပေါ် ကျွမ်းကျင်မှု စတာတွေ ပေါင်းစပ်ပိုင်ဆိုင်ပြီး အရှိအတိုင်းထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဘဝင်စိတ်ဆိုတာကတော့ စွမ်းဆောင်ရည်ရော အောင်မြင်မှုပါ ရေရေရာရာမရှိဘဲ ဖြစ်တည်လာတဲ့ မိမိကိုယ်ကို လွဲမှားစွာ ယုံကြည်မှုလွန်ကဲခြင်းပါပဲ။

ဘဝင်မြင့်စိတ် ဘာကြောင့်ဖြစ်ပေါ်ရသလဲ

တစ်စုံတစ်ယောက်ဟာ ဘာကြောင့် ဘဝင်မြင့်စိတ်ဖြစ်ပေါ်ရတယ်ဆိုတာ သေချာရှင်းလင်းစွာ မသိရသေးပါဘူး။ အခြေအနေ အကြောင်းခြင်းရာ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

အခြေအနေတချို့ကတော့ ကျရှုံးခြင်းတွေပဲ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ဟာ မိမိအလိုရှိရာ ရည်မှန်းချက်ပန်းတိုင် ချမှတ်ပြီး ကြိုးစားသည့်တိုင်အောင် အောင်မြင်ချင်မှ အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှုံးနိမ့်မှုကနေ ရရှိလာတဲ့ စိတ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ လေ့လာသင်ယူဖို့ လိုပါတယ်။

ဒါမှမဟုတ်ဘဲ အရှုံးကို လက်မခံဘဲ ငါဟာ သူတစ်ပါးထက် သာလွန်နေတယ်လို့ လက်ခံထားခြင်းဟာ ရေလိုက်လွဲပြီး အဖြစ်မှန်ကနေ ရှောင်ပုန်းထွက်ပြေးခြင်း ဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကနေ မြင်မယ်ဆိုရင် ထိုသူဟာ စိတ်ကြီးဝင်နေသူ အခြောက်တိုက် မာနကြီးနေသူလို့ပဲ မြင်မိမှာဖြစ်ပါတယ်။

ဘဝင်မြင့်စိတ်ဟာ သီးသန့်စိတ်ရောဂါတစ်မျိုးတော့ မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးချို့ယွင်းမှု အမျိုးအစားထဲတော့ တရားဝင်ထည့်သွင်း မထားပါဘူး။ ဒါပေမယ့် ဒီပြဿနာရဲ့ လက္ခဏာတချို့ကတော့ စိတ်ကျန်းမာရေးပြဿနာတချို့နဲ့ ဆင်တူပါတယ်။ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း စတဲ့လက္ခဏာတချို့နဲ့ ဆင်တူပါတယ်။

ဘဝင်မြင့်စိတ်ကြောင့် ဘာဆိုးကျိုးတွေဖြစ်နိုင်သလဲ

ယေဘုယျအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မိမိကိုယ်မိမိ လိမ်ညာနေခြင်း၊ မိမိကိုယ်ကို ပုံကြီးချဲ့လွန်းခြင်းဟာ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ လိုဘမပြည့်နိုင်ဘဲ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေ ပိုဆိုးလာနိုင်ပါတယ်။ တခြားစိတ်ကျန်းမာရေးအခြေအနေများ ဆက်စပ်ပေါ်ပေါက်လာနိုင်ပြီး ကျန်းမာရေးကို သွယ်ဝိုက်ပြီး ထိခိုက်စေမှာပဲ ဖြစ်ပါတယ်။

မိမိကိုယ်တိုင်ပဲဖြစ်ဖြစ် မိမိဝန်းကျင်က တစ်စုံတစ်ယောက်ဖြစ်ဖြစ် ဘဝင်မြင့်စိတ်လက္ခဏာလွန်ကဲလာရင် စိတ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူများနဲ့ စနစ်တကျ ဖွင့်ဟတိုင်ပင်ဖို့ လိုအပ်ပါတယ်။

မိမိခံစားချက်အပေါ် ရိုးသားစွာ သုံးသပ်ခြင်း၊ အရှိအတိုင်းမြင်နိုင်အောင် ဆင်ခြင်ခြင်း၊ မိမိစိတ်ကို သတိကပ်စောင့်ကြည့်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ဘဝင်မြင့်စိတ်လွန်ကဲမလာအောင် ကာကွယ်နိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/mental-health/superiority-complex Accessed Date 24 September 2019

ယခုပုံစံ

28/10/2021

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ကျန်းမာရေးအတွက် ပျိုးထောင်သင့်တဲ့အလေ့အကျင့်အချို့

စိတ်ဖိစီးမှုကင်းတဲ့ အလုပ်ခွင်လေးဖန်တီးကြမယ်



Dr. Thant Zin မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement