brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Psychosis ( စိတ်ရောဂါ )

အဓိပ္ပာယ်ဖွင့်ဆိုချက်

Psychosis ( စိတ်ရောဂါ ) ကဘာလဲ။

စိတ်ရောဂါ ဆိုတာက ထင်ယောင်ထင်မှားဖြစ်ခြင်း သို့မဟုတ် သွေးလေချောက်ချားခြင်းတို့ကြောင့် ပုံမှန်မဟုတ်တဲ့ စိတ်ကျန်းမာရေး အခြေအနေတစ်ခုကို ခေါ်ပါတယ်။

Psychosis ( စိတ်ရောဂါ )

ထင်ယောင်ထင်မှားဖြစ်ခြင်းဆိုတာ လွဲမှားစွာ ယုံကြည်ခြင်းဖြစ်ပြီး သွေးလေချောက်ချားခြင်းဆိုတာကတော့ တကယ်မရှိတဲ့ အရာတွေကို မြင်ရကြားရခြင်း ဖြစ်ပါတယ်။

စိတ်ရောဂါက ဘယ်လောက်အဖြစ်များသလဲ။

စိတ်ရောဂါဆိုတာ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်နှစ်ခွဖြစ်သော ရောဂါများစသော စိတ်မကျန်းမာမှုများရဲ့ အဓိကလက္ခဏာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ရောဂါ သည် အောက်ပါသူတို့တွင် အဖြစ်များပါတယ်။

  • စိတ်ကစဉ့်ကလျား ရောဂါရှိသူများ
  • စိတ်နှစ်ခွရောဂါ ( စိတ်တက်ကြွလိုက် စိတ်ဓာတ်ကျ လိုက်) သို့မဟုတ် အလွန်အမင်း စိတ်ဓာတ်ကျမှု ရှိသူများ
  • ကိုယ်ရည်ကိုယ်သွေးနဲ့ ဆိုင်တဲ့ ရောဂါအချို့
  • လက္ခဏာများ

    Psychosis (စိတ်ရောဂါ) ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    သင့်တွင် စိတ်ရောဂါရှိပါက အမှန်အတိုင်း ဆက်သွယ်စဉ်းစားနိုင်မှု ပျောက်ဆုံးနေပါလိမ့်မယ်။ အစီအစဉ်တကျ မရှိသော တွေးခေါ်မှုများ၊ ထူးဆန်းသော စကားပြောမှုများလည်း ပြုလုပ်ပါလိမ့်မယ်။ ဥပမာ

    • စကားလုံးများ တောင်စဉ်ရေမရ ပြောခြင်း။ စကားလုံးသည် အဓိပ္ပာယ် မရှိခြင်း။
    • တွေးခေါ်လို့ မရတော့ခြင်း ၊ အတွေးပိတ်ဆို့မှုများ ဖြစ်ခြင်း
    • ထိုးထွင်းသိမြင်နိုင်မှု ဆုံးရှုံးခြင်း

    အပြုအမှုများကလည်း ကိုးရို့ကားယားနိုင်ခြင်း၊ ထူးဆန်းခြင်း၊ ကြိုတင်မခန့်မှန်းနိုင်ခြင်းတို့ ပြုလုပ်တတ်ပါတယ်။ သူတို့အား တစ်စုံတစ် ခုပြုလုပ်ရန် ပြောနေသော အသံများ ကြားရခြင်း(အကြားဆိုင်ရာ ချောက်ချားမှုဖြစ်ခြင်း)။ တစ်စုံတစ်ခု ပြုလုပ်ရန် ပြောနေသော ပုံရိပ်များ မြင်ရခြင်း (အမြင်ဆိုင်ရာ ချောက်ချားမှုဖြစ်ခြင်း)တို့ ဖြစ်တတ်ပါတယ်။

    အကြောင်းရင်းများ

    Psychosis (စိတ်ရောဂါ) ကို ဘာတွေက ဖြစ်စေသလဲ။

    စိတ်ရောဂါဖြစ်စေသော အကြောင်းရင်းကို တိတိကျကျ မသိရှိရသေးပါ။ လူမှုရေး၊ မျိုးဗီဇ၊ ပတ်ဝန်းကျင်၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အချက်များ ပေါင်းစည်းမှုကြောင့် ဖြစ်လာရတယ်လို့ ယူဆကြပါတယ်။

    ဒါ့ပြင် ပါကင်ဆန်ရောဂါနဲ့ အတက်ရောဂါမှာ သုံးတဲ့ ဆေးများ၊ စတီးရွိုက်၊ ဓာတုကုထုံး၊ တရားမဝင်ဆေးများ (ဥပမာ- ကိုကိန်း၊ အရက်၊ အန်ဖက်တမင်း ၊ ဆေးခြောက်) တို့ကလည်း စိတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။

    စိတ်ရောဂါက အခြားရောဂါများရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV ကူးစက်ခြင်း)၊ ပါကင်ဆန်ရောဂါ၊ ငှက်ဖျားရောဂါ၊ လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်နဲ့ အတက်ရောဂါတို့မှာ စိတ်ရောဂါလက္ခဏာများ တွေ့ရတတ်ပါတယ်။

    ဖြစ်နိုင်ခြေများ

    စိတ်ရောဂါဖြစ်နိုင်ချေကို ဘာတွေကမြင့်စေသလဲ။

    လေ့လာမှုများအရ မျိုးဗီဇက အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်တယ်လို့ တွေ့ရပါတယ်။ အမြွှာနှစ်ယောက်မှာ တစ်ဦးမှာ စိတ်ရောဂါရှိပါက အခြားတစ်ဦးတွင် ဖြစ်နိုင်ရန် ၅၀ရာခိုင်နှုန်းရှိပါတယ်။ ဆွေမျိုးရင်းချာ မိသားစုဝင် (မိဘ သို့မဟုတ် မောင်နှမ)တွင် စိတ်ရောဂါရှိပါက သင့်မှာလည်း စိတ်ရောဂါ ဖြစ်နိုင်ချေ ရှိပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Psychosis (စိတ်ရောဂါ)ကို ဘယ်လိုအတည်ပြုပါသလဲ

    တစ်စုံတစ်ဦးအား စိတ်ရောဂါရှိသည်ဟု သံသယရှိပါက ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်း၊ ခန္ဓာကိုယ်စစ်ဆေးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းတို့ပြုလုပ်ပြီး ရောဂါ အဖြေရှာမှုကို ပြုလုပ်ပါလိမ့်မယ်။

    တစ်ချိန်တည်းမှာပဲ အခြား ရောဂါများကို ဖယ်ထုတ်ရန် စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မယ်။ သွေးစစ်ခြင်း၊ ဦးနှောက်ကို သံလိုက်နဲ့ ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်းတို့ ပြုလုပ်ပါလိမ့်မယ်။ ရောဂါပိုးကူးစက်မှု၊ ကင်ဆာနဲ့ အခြား စိတ်ရောဂါဖြစ်စေသော အကြောင်းများကိုလည်း လိုအပ်သလို စစ်ဆေးပါလိမ့်မယ်။

    Psychosis (စိတ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

    ကုသမှုက ဖြစ်စေတဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။

    • စိတ်ဓာတ်ကျခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းစတဲ့ စိတ်မကျန်းမာမှုများအတွက် စိတ်ရောဂါအထူးကုဆရာဝန်က စိတ်ကျရောဂါဆေးများ၊ စိတ်ထိန်းဆေးများဖြင့် ကုသပါလိမ့်မယ်။
    • ပါကင်ဆန်ရောဂါနဲ့ အတက်ရောဂါ ဖြစ်သူများကို အဲ့ဒီရောဂါများအတွက် ဆေးများညွှန်ပါလိမ့်မယ်။
    • ဆေးစွဲနေသူများအတွက် (ဥပမာ- အရက်၊ မူးယစ် ထုံထိုင်းဆေး) ဆွေးနွေးလမ်းညွှန်မှုများ လုပ်ဆောင်ပြီး ကူညီဆေးဖြတ်ပေးပါမယ်။

    ဒါ့ပြင် CBT ကုထုံးများနဲ့လည်း ကုသနိုင်သည်။ အပြုအမှုကုထုံးသည် လက္ခဏာများအကြောင်း၊ စိုးရိမ်ခြင်းနဲ့ လက္ခဏာများကို တုံ့ပြန်ခြင်းကြားရှိ ဆက်နွယ်မှုကို ဖြတ်တောက်ပေးပါတယ်။

    လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

    အောက်ပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက ကုသမှုကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

    • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပါ။
    • လှုပ်လှုပ်ရှားရှားနေပါ။
    • ပတ်ဝန်းကျင်က လူတွေနဲ့ ထိတွေ့ဆက်ဆံပါ။
    • ညွှန်ကြားထား‌တဲ့ ဆေးများကို ပုံမှန်‌သောက်ပါ။
    • အရက်၊ ဆေးလိပ်ရှောင်ပါ။

    ရေးသားသူ- Dr Zin Wai Yan Lin

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/10/2023 ဖြစ်ပါသည်။