သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ပစ္စည်းတွေကို မလိုအပ်ဘဲ သိမ်းဆည်းနေမိပြီလား။

ပစ္စည်းတွေကို  မလိုအပ်ဘဲ သိမ်းဆည်းနေမိပြီလား။

ရုပ်ရှင် လက်မှတ်တွေ၊ ဘောက်ချာတွေ၊ ကုန်သွားတဲ့စာအုပ်တွေ၊ မတော်တော့တဲ့ အင်္ကျီတွေ၊ ဖိနပ်တွေ၊ အသုံးမလိုတော့တဲ့ ပစ္စည်းအဟောင်းတွေကို ဘာရယ်မဟုတ် စုဆောင်းမိနေတာမျိုး ကိုယ်တိုင် ဖြစ်ဖူးလား။ ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့သူတွေကို မြင်ဖူးလား။

ဒီဆောင်ပါးလေးမှာတော့ ပစ္စည်းတွေကို အလွန်အကျွံသိမ်းဆည်းလိုစိတ် သို့မဟုတ် hoarding disorder/mindset အကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။

“Hoarding disorder” ဆိုတာ ဘာလဲ။

“Hoarding” ဆိုတာ “Collecting” နှင့်ဆင်တူ စကားလုံးလို့ ဝေါဟာရကျမ်းတွေမှာ ဖော်ပြထားကြပါတယ်။ Hoarding disorder ကို အမျိုးအစားတူ ပစ္စည်းများကို လိုက်လံစုဆောင်ခြင်း (Collecting specific things) ဝါသနာနှင့် မှားမှတ်တတ်ကြပါတယ်။

အနီးစပ်ဆုံး ဘာသာပြန်ရင် မိမိအတွက် အသုံးမဝင်တော့တဲ့ပစ္စည်းတွေကို စီမံရမှန်းမသိခြင်းလို့အဓိပ္ပာယ်ရပါတယ်။ ဥပမာအနေနဲ့ ပြောရရင်ဘောင်ချာတွေ၊ ဘူးအခွံတွေလိုမျိုး အသုံးမဝင်တော့တဲ့ ပစ္စည်းတွေနဲ့ အမှိုက်တွေကိုစွန့်ပစ်ဖို့ ဝန်လေးနေတာမျိုးပေါ့။ ပစ်ရမယ့်ပစ္စည်းတွေကို မပစ်နိုင်ဘဲနဲ့ရှိရှိသမျှ ပစ္စည်းတွေကို အလွန်အကျွံသိမ်းဆည်းတတ်တယ်၊ သူများကို ပေးပစ်ဖို့၊ လှူပစ်ဖို့ဆိုတာကိုလည်း မတွေးမိတတ်ဘူး။

“Hoarding disorder” ကိုဘာလို့ လျစ်လျူမရှုသင့်တာလဲ။

“Hoarding disorder” ခံစားနေရသူတွေက ပျင်းရိတဲ့လူလို့ စွပ်စွဲခံရလေ့ရှိတယ်။ ခံစားရသူများဟာ စည်းကမ်းမဲ့နေဖို့ တမင်ရည်ရွယ်ချက်မရှိပါဘူး။ ပစ်ရမယ့် ပစ္စည်းတွေကို ပစ်ရန်၊ ရှိတာတွေကို စနစ်တကျထားဖို့အတွက်က ဆုံးဖြတ်ချက်ချတဲ့နေရာမှာ နှေးနေကြတာမျိုးပါ။
ဒီလိုလူတွေဟာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း အခက်အခဲ ကြီးကြီးမားမားရှိတတ်ကြတယ်။

၁။ ကျန်းမာရေးပြဿနာ

ပစ္စည်းတွေကို မလွှင့်ပစ်ဘဲ စုရင်းစုရင်း အမှိုက်ပုံကြီးလိုဖြစ်လာရင် တစ်အိမ်လုံးမှာ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်တယ်။ မရှင်းနိုင်တဲ့ ပစ္စည်းပုံကြီးဟာ ပိုးမွှားတွေပေါက်ပွားတဲ့နေရာတွေ ဖြစ်လာနိုင်တယ်။ ပစ္စည်းတွေကို ဟိုလျှောက်တင် ဒီလျှောက်တင်နဲ့ ပစ္စည်းတွေ လူပေါ်ပြုတ်ကျတာမျိုးလည်း ဖြစ်နိုင်တယ်။ အိမ်သားတွေထဲမှာ အသက်ကြီးတဲ့သူတွေ၊ ကလေးငယ်လေးတွေရှိနေရင်လည်း ပိုပြီး အန္တရာယ်ရှိနိုင်တယ်။ အခန့်မသင့်ရင် မီးလောင်တာမျိုးထိ ဆိုးဆိုးရွားရွားဖြစ်နိုင်တယ်။

၂။ လူမှုရေးပြဿနာ

ပစ္စည်းတွေစုပုံနေတာဟာ အတူနေတဲ့သူတွေကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အိမ်တွင်းဆက်ဆံရေးတွေမှာလည်း အဖုအထစ်တွေ ဖြစ်လာနိုင်တယ်။ အိမ်တွင်းတင် မဟုတ်ဘူး အပြင်မှာလည်း အဆင်မပြေတော့တာမျိုးဖြစ်မယ်။ ဥပမာပြောရရင် တခြားသူများ အိမ်လာလည်တာကို သဘောမကျတာ၊ အထီးကျန်တာ၊ နေ့စဉ်လုပ်ရမယ့် အလုပ်တွေကိုပါ လုပ်ချင်စိတ်မရှိတော့တာမျိုးတွေကို ခံစားရနိုင်တယ်။
ဒါတင်မကဘူး။ တခြား စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဖြစ်တဲ့ စိတ်ကျရောဂါစိတ်ပူပန်လွန်ခြင်း၊ စိတ်အာရုံ ပျံ့လွင့်မှုတွေပါ ဖြစ်လာနိုင်တယ်။

ဘယ်လိုလူတွေမှာ အဖြစ်များလဲ။

ခံစားရသူတွေဟာ ကျားမ မရွေးဖြစ်နိုင်ပေမဲ့ လေ့လာချက်တွေအရတော့ ယောင်္ကျားလေးတွေမှာ အဖြစ်များပါတယ်။ အတူနေတဲ့သူမှာ ဒါမျိုးရောဂါရှိနေရင်း အကျင့်တွေကူးစက်တာမျိုးလည်းဖြစ်နိုင်တယ်။ ဥပမာ – အိမ်က အမေက ဒီလိုမျိုး ပစ္စည်းတွေကို လိုအပ်တာထက် ပိုပြီး သိမ်းဆည်းတတ်ရင် ကိုယ်ပါ မသိလိုက်ဘဲ အကျင့်တွေကူးကုန်တာမျိုးပေါ့။

“Hoarding disorder” ခံစားနေရတာကို သိရှိနိုင်တဲ့ နည်းလမ်းများ။

စိတ် အခြေခံဖြစ်တဲ့အတွက် ရောဂါဖြစ်သလိုမျိုး တိတိကျကျ စမ်းသပ်နိုင်တဲ့ ရောဂါလက္ခဏာ မရှိပါ။ ခံစားနေရသူတွေရဲ့ နေ့စဉ်လုပ်နေတဲ့ အမူအကျင့်တွေကို ကြည့်ရင်းပဲ သိနိုင်ပါတယ်။
 မိမိအတွက် အသုံးမဝင်တဲ့ပစ္စည်းတွေကို စွန့်လွှတ်ဖို့ ခက်ခဲနေတာ
 လွှင့်ပစ်ရမယ့် ပစ္စည်းတွေအကြောင်းကို တွေးမိတိုင်း စိတ်ဖိစီးနေတတ်တာ
 နေတဲ့နေရာကို ကြည့်ရင် မလိုအပ်တဲ့ပစ္စည်းတွေနဲ့ ရှုပ်ပွနေတာ။
 ဘေးလူတွေ သတိထားမိရလောက်အောင် ဖြစ်လာတာ
 လူမှုရေး ပြဿနာတွေဖြစ်လာတာ
 ပစ္စည်းတွေကို သိမ်းထားရင် စိတ်လုံခြုံမှုခံစားရတာ
 ဘေးလူက ဝေဖန်ရင်လည်း ဝေဖန်တာကို လက်မခံတာမျိုးဖြစ်တာ။
မိသားစုဝင်၊ သူငယ်ချင်းတွေမှာ ခံစားနေရတဲ့သူတွေရှိရင် တိုက်ရိုက်ဝေဖန်တာမျိုးမဟုတ်ဘဲ ကူညီနိုင်မယ့် နည်းလမ်းလေးတွေကို လေ့လာကြည့်ရအောင်။

သက်သာစေမဲ့ သို့မဟုတ် ကျော်လွှားနိုင်မဲ့ နည်းလမ်းများ။

“Hoarding disorder” ကို ကုသတဲ့နေရာမှာ ဆေးနဲ့ကုတာထက် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်းက ပိုမိုထိရောက်ပါတယ်။ Cognitive behavioral therapy (အကြံပြုဆွေးနွေးပြီး တွေးခေါ်ပုံများကို ပြောင်းလဲစေသည့် စိတ်ရောဂါကုထုံး) နှင့် Meditation (တရားထိုင်ခြင်း)တို့က ကုသနိုင်ပါတယ်။ ထိရောက်စွာကုသနိုင်ဖို့ စိတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနဲ့ တိုင်ပင်သင့်ပါတယ်။ Cognitive behavioral therapy ကုသမှုမှာ ပစ္စည်းများကို စနစ်တကျ ထားတတ်စေရန်၊ ဆုံးဖြတ်ချက်ချရာတွင် ခိုင်မာစေရန်၊ မလိုတော့တဲ့ ပစ္စည်းတေါကို မတွန့်မဆုတ် စွန့်ပစ်ရာတွင် လွယ်ကူစေရန်၊ စိတ်ကို တည်ငြိမ်စေရန် ဦးတည်ထားပါတယ်။ တရားထိုင်ခြင်းနှင့်လည်း Hoarding disorder ကို တဖြည်းဖြည်း သက်သာစေပါတယ်။

စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတာတွေဟာ ရှက်စရာမဟုတ်ပါ။ လူမကျန်းမာသလို စိတ်လည်း နေမကောင်းဖြစ်တတ်ပါတယ်။ အရာရာတိုင်းဟာ လိုအပ်တာထက်ပိုလာရင် စိတ်ရောဂါ အသွင်ပြောင်းသွားတတ်ကြတာမို့ Hoarding disorder လိုမျိုး စိတ်ရောဂါကိုလည်း ဂရုပြုမိစေချင်ပါတယ်နော်။

စာရေးသူ – ဒေါက်တာနှင်းရည်လဲ့နိုင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Yee Mon Lwin မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။