backup og meta

မနက်ဖြန်မှပြီးရမယ့် အလုပ်ကိုဒီနေ့မလုပ်ပါနဲ့။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Yee Mon Lwin မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်ဖြန်မှပြီးရမယ့် အလုပ်ကိုဒီနေ့မလုပ်ပါနဲ့။

    ကဲ ခေါင်းစဉ်ဖတ်ပြီး ခေါင်းစားသွားကြပြီမလား။ ဘယ်နှယ့် မနက်ဖြန်ပြီးရမယ့်အလုပ်ကို ဒီနေ့မှ စမလုပ်ရင် ဘယ်နေ့စလုပ်မှာလဲလို့ တွေးမိသွားကြပြီလား။ ဒါမှမဟုတ် ဟုတ်တယ် ဆိုပြီး ကြိတ်သဘောတူနေပြီလား။ သဘောတူမိနေပြီဆိုရင် ဒီဆောင်ပါးလေးဟာ သင့်အတွက် ဖြစ်မှာပါ။

    အလုပ်ကိုနီးမှကပ်လုပ်ချင်စိတ် သို့မဟုတ် Procrastination (ပရိုခရပ်စတီနေရှင်း)

    Procrastination ဆိုတာ ကိုယ့်လုပ်ရမယ့်အလုပ်တစ်ခုကို အချိန်ကြန့်ကြာအောင်၊ နှောင့်နှေးအောင် ရွှေ့ဆိုင်းတာဆိုပြီး မြန်မာလိုအနီးစပ်ဆုံးဘာသာပြန်လို့ရပါတယ်။

    Procrastinationရဲ့ နောက်ကွယ်

    လူ့စိတ်ဆိုတာကလည်း သာယာမှုနောက်ကိုပဲ အမြဲလိုက်ချင်ကြတယ်။ အလုပ်လုပ်တယ် စာကျက်တယ်ဆိုတာ လူတွေရဲ့ သာယာမှုကိုပဲ လိုချင်နေတဲ့ ဦးနှောက်ကို ဆန့်ကျင်နေသလိုဖြစ်နေတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်က ပျော်စရာမကောင်းတော့တဲ့အခါ တခြား စိတ်သာယာမှုပေးမယ့် အရာတွေဆီကို စိတ်ကိုလွှတ်ပေးမိလိုက်ကြတယ်။ လုပ်ရမယ့်အလုပ်တွေကို နောက်မှလုပ်မယ်ဆိုပြီး ထားလိုက်တယ်။ ဒါကို အများက အာရုံစူးစိုက်မှုမရှိဘူး၊ ပျင်းတယ်၊ အချိန်ဆွဲတယ်ဆိုပြီး မကောင်းတဲ့အလေ့အကျင့်နေနဲ့သတ်မှတ်ကြတယ်။ ဒါဆိုကောင်းကျိုးတွေရော မရှိနိုင်ဘူးလားဆိုပြီး ဒီအကျင့်ကိုမစွန့်လွှတ်နိုင်တဲ့သူတွေက ပြန်ငြင်းလာကြတယ်။ အဲဒီကောင်းကျိုးတွေကတော့

    ၁။ ကိုယ့်အချိန်တွေကို အကျိုးရှိရှိ စီမံခန့်ခွဲတတ်လာမယ်။

    အလုပ်တွေအားလုံးကို နီးမှကပ်လုပ်ချင်တဲ့သူတစ်ယောက်မှာ အချိန်တန်ပြီးကိုပြီးရမယ်ဆိုတဲ့ စိတ်ရှိတဲ့အတွက် သူ့ရဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးပြုပါလိမ့်မယ်။ ဥပမာ အလုပ်ကို နောက်ဆုံးကျန်တဲ့ ၃ နာရီကျမှ အပြီးလုပ်ချင်တဲ့အတွက် ကျန်တဲ့ကိစ္စတွေ အားလုံးကို အဲဒီ ၃နာရီမတိုင်ခင်မှာ ပြီးအောင်လုပ်ထားတာမျိုးပေါ့။

    ၂။ နောက်ဆုံးချိန်နီးလေ ပိုတက်ကြွလာလေ။

    အလုပ်ပြီးရမယ့်အချိန်နီးကပ်လာတာနဲ့ ခန္ဓါကိုယ်မှာ ကြောက်လန့်ရင်ထွက်တဲ့ အဒရီနလင်း (Adrenaline) ဟော်မုန်းထွက်လာပါတယ်။ ဒီဟော်မုန်းက ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ စွမ်းအင်တွေကို ပိုထုတ်ပေးလို့ အာရုံစူးစိုက်မှုအားလည်းကောင်းစေပါတယ်။

    ၃။ အလုပ်လုပ်တာ ပိုပြီးမြန်ဆန်လာမယ်။

    ဒီအလုပ်တစ်ခုကိုလုပ်ဖို့ နောက်ရွှေ့နေတယ်ဆိုတာ အများအားဖြင့် မလုပ်ချင်တဲ့အလုပ်ဖြစ်နေလို့ပါ။ မလုပ်ချင်တဲ့အလုပ်ကိုလည်း ပြီးအောင်လုပ်ရမှာဖြစ်လို့ တကယ်လုပ်တဲ့ချိန်မှာ မြန်မြန်ဆန်ဆန်လုပ်ဖြစ်ပါတယ်။

    ၄။ တီထွင်နိုင်စွမ်းအားကိုလည်း တိုးတက်စေတယ်။

    ဆိုရိုးတစ်ခုရှိပါတယ်။ “လူ့စိတ်ဟာ ပြီးမြောက်သွားတဲ့ အလုပ်ကိစ္စတွေထက် မပြီးပြတ်သေးတာတွေကို ပိုစဉ်းစားနေတတ်ကြပါတယ်”တဲ့။ မပြီးသေးတဲ့အလုပ်တွေဟာ ခေါင်းထဲမှာ အကြာကြီးရှိနေတဲ့အတွက် ပိုကောင်းတဲ့ အကြံဉာဏ်၊ အဖြေတွေထွက်လာနိုင်ပါတယ်။ ဒီအချက်ဟာ တီထွင် ဉာဏ်နဲ့ လုပ်ရတဲ့ အလုပ်တွေမှာဆိုရင် အရမ်းအကျိုးရှိနိုင်ပါတယ်။

    ၅။ သင့်ရဲ့ မျှော်လင့်ချက်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    ဒီအချက်ဟာ အားလုံးကို ပြီးပြည့်စုံစေချင်တဲ့သူ Perfectionist လို့ခေါ်တဲ့သူမျိုးတွေအတွက်ပါ။ အဲ့ဒီလိုလူတွေဟာ ကိစ္စတစ်ခုကိုလုပ်ရင် အစစရာရာ ချောမွေ့ကောင်းမွန်စေချင်တဲ့အတွက်ကြောင့် မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ ခံစားရတတ်ပါတယ်။ အချိန်နီးကပ်မှလုပ်တဲ့အခါ အကယ်၍ တစ်ခုခု လွဲချော်သွားခဲ့ရင်တောင် အချိန်ကို ပုံချစရာရှိတဲ့အတွက် စိတ်သက်သာရာရစေပါတယ်။

    ၆။ လုပ်ရမယ့် အလုပ်တွေ မရှိတော့တာမျိုး၊ ပြောင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။

    တခါတလေ ကိုယ်ကတော့ အမြန်ပြီးချင်ဇောနဲ့ အလုပ်တွေကို အစောကြီးလုပ်ထားတယ်၊ ဒါပေမဲ့ ပြီးသွားတဲ့အချိန်မှာ ပြီးသွားတဲ့ဟာကိုမလိုတော့တာ ဒါမှမဟုတ် နောက်တစ်မျိုးပြောင်းသွားတာမျိုးကြုံဖူးကြမှာပါ။ Procrastinate လုပ်တဲ့သူတွေဟာ မလုပ်မဖြစ်အချိန်မှ ကပ်လုပ်တဲ့အတွက် ဒါမျိုး ကိုယ်လုပ်ထားတဲ့ဟာ အလဟဿ ဖြစ်သွားတာတွေကို ကြုံရမှာမဟုတ်ပါဘူး။

    Procrastination အလေ့အကျင့်ဟာ လူတိုင်း အလုပ်တိုင်းအတွက် မဟုတ်ပါဘူး။ ကိစ္စတွေအားလုံးကို အနီးကပ်မှ လုပ်ရင်းကနေ အချိန်ကန့်သတ်ထားတာမရှိတဲ့ ကိုယ့်ဘဝရည်မှန်းချက်တွေကို ရောက်ဖို့ လုပ်ရမယ့်အလုပ်တွေကိုပါ အကန့်အသတ်မရှိ ရွှေ့ထားမိတတ်ပါတယ်။ အချိန်ကို အန်တုရင်း လမ်းမပျောက်စေဖို့ ဘဝနဲ့ချီပြီးအရေးကြီးတဲ့အရာတွေမှာတော့ ဦးစားပေး ကြိုတင်စီစဉ်ပါ၊ ပြင်ဆင်ပါလို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement