backup og meta

ပျော်ရွှင်ခြင်း ရှာပုံတော် (၂)


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်ခြင်း ရှာပုံတော် (၂)

    ခန္ဓာကိုယ်မှာ Stress mechanism ဆိုတာရှိတယ်။ အရေးပေါ်အခြေအနေတွေနဲ့ကြုံလာပြီဆိုရင် ခန္ဓာကိုယ်ကနေ တုံ့ပြန်တဲ့အခြေအနေတွေပေါ့။ ပတ်ဝန်းကျင်က ဘေးအန္တရာယ်ရှိတယ် ကိုယ့်ကိုခြိမ်းခြောက်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးမှာ stress mechanism အလုပ်လုပ်ပြီး ရင်ဆိုင်မလား ပြေးမလား (fight or flight reaction) ဆိုတဲ့လုပ်ငန်းစဉ်ဖြစ်ပေါ်လာတယ်။ ဒီလုပ်ငန်းစဉ်အတွက် ခန္ဓာကိုယ်ကို အသင့်ပြင်ပေးလိုက်တယ်။ စိတ်ဖိစီးမှုလို့ဆိုကြပေမယ့် ဒီလုပ်ငန်းစဉ်ရဲ့ တကယ့်ရည်ရွယ်ချက်က ခန္ဓာကိုယ်ကို ကာကွယ်ပြီး အသင့်ဖြစ်နေဖို့ပါ။

    ဒီအတွက် ဘာတွေဖြစ်လာလဲဆိုတော့ နှလုံးခုန်မြန်လာတယ်၊ ကြွက်သားတွေတောင့်တင်းသွားတယ်၊ အသက်ရှူမြန်လာတယ်၊ အာရုံခံစားမှုတွေသွက်လက်လာတယ်၊ တုံ့ပြန်မှုတွေမြန်ဆန်လာတယ်။ ဒီပြောင်းလဲမှုတွေကိုကြည့်ရင် တိုက်ခိုက်ဖို့အတွက် ဒါမှမဟုတ် ထွက်ပြေးဖို့အတွက် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို သိနိုင်လိမ့်မယ်။

    ပြဿနာက Stress mechanism ကိုလုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေက တကယ့်အပြင်မှာဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေကို မခွဲခြားနိုင်ဘူး။ ဒီမှာတင် အလုပ်ကိစ္စ၊ ပေါင်းသင်းဆက်ဆံရေး၊ ငွေကြေး၊ မိသားစုရေး အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခြေအနေမှာလည်း စိတ်ဖိစီးမှုလုပ်ငန်းစဉ် (stress mechanism) က အလုပ်လုပ်ပြီး ခန္ဓာကိုယ်ကို အသင့်ပြင်ပေးတော့တယ်။

    မကြာခဏ စိတ်ဖိစီးမှုခံရပြီဆိုရင် နောက်ပိုင်းမှာ ခန္ဓာကိုယ်က အမြဲအဆင်သင့်ပြင်ထားတယ်။ Stress mechanism က ဖွင့်ပြီးရင် ပြန်ပိတ်ရတယ်။ မဟုတ်ရင် ခန္ဓာကိုယ်က တချိန်လုံးဒီဒဏ်ကိုခံနေရတယ်။ မကြာခဏစိတ်ဖိစီးလာပြီဆိုတဲ့အခါ stress mechanism က ပြန်မပိတ်တော့ဘူး။ နေ့ရောညပါ အဆင်သင့်ဖြစ်နေတယ်။ အဲဒီမှာ စိတ်ဖိစီးမှုကြီးကြီးမားမားတွေဖြစ်လာတော့တာပဲ။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကာလကြာရှည် စိတ်ဖိစီးလာပြီဆိုရင်

    – စိတ်ဓာတ်ကျလာမယ်။ စိုးရိမ်ပူပန်မှုတွေမြင့်တက်လာမယ်။ အချိန်တိုင်း ဘာကိုစိုးရိမ်လို့စိုးရိမ်နေမှန်းမသိ ကြောက်ရွံ့နေမှန်းမသိဖြစ်လာလိမ့်မယ်။

    နာကျင်ကိုက်ခဲမှုတွေစိတ်လာမယ်။ ကြွက်သားတွေတချိန်လုံးတင်းနေရတဲ့အတွက်ကြောင့် ခန္ဓာကိုယ်နေရာအနှံ့မှာ နာကျင်မှုတွေဖြစ်လာလိမ့်မယ်။

    – အိပ်လို့မပျော်ဘူး။ အိပ်ရေးမဝဘူး။ ညဘက်အိပ်တဲ့အခါ ရင်တွေတုန်နေမယ်။ အတွေးပေါင်းစုံဝင်နေမယ်။

    – ကိုယ်ခံအားစနစ်က အရမ်းအလုပ်လုပ်လာပြီး ဆဲလ်အကောင်းတွေကိုပါ ပြန်တိုက်ခိုက်လာလို့ ကိုယ်ခံအားရောဂါတွေဖြစ်တဲ့ အဆစ်အမြစ်တွေရောင်ရမ်းတာ၊ ပါးစပ်ထဲအနာတွေဖြစ်တာလိုမျိုးရောဂါတွေဖြစ်လာလိမ့်မယ်။

    – အရေပြားမှာပြဿနာတွေဖြစ်လာမယ်။ အနာတွေအနီစက်တွေဖြစ်မယ်။ ဆံပင်တွေကျွတ်မယ်။ ဆံပင်တွေဖြူတာမြန်လာမယ်။

    – ခန္ဓာကိုယ်ဝဖြိုးလာမယ်။ လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုတွေလျော့နည်းမယ်။ စွမ်းဆောင်ရည်ကျဆင်းမယ်။

    – စဉ်းစားတွေးခေါ်တာတွေ ညံ့ဖျင်းလာမယ်။ မှတ်ဉာဏ်တွေချို့ယွင်းလာမယ်။

    ဘယ်အရာတွေက ကိုယ့်ကိုမပျော်မရွှင်နဲ့ စိတ်ဖိစီးမှုဖြစ်စေတာလဲဆိုတာကို ပျော်ရွှင်မှုရှာပုံတော် (၁)မှာ အချက် သုံးချက်ရေးခဲ့သေးတယ်။ ဆိုရှယ်မီဒီယာ၊ စိတ်မလုံခြုံမှုနဲ့ မဆုံးနိုင်တဲ့လိုချင်မှုတွေအကြောင်းပါ။ အခု ကျန်တဲ့အကြောင်းအရာတွေ ဆက်ရှာဖွေရအောင်။

    ၄။ အတည်ပြုချက်ရလိုတာ

    အင်္ဂလိပ်လိုပြောရရင်တော့ approval, compliments လို့ပြောရင်လွယ်တယ်။ မြန်မာလိုကျ အဓိပ္ပါယ်က နည်းနည်းဒွိဟဖြစ်တယ်။ လူတွေက သူတို့ကိုယ်တိုင်၊ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သူများတွေက အကောင်းပြောဆိုပေးတာ အတည်ပြုပေးကြတာကို လိုချင်ကြတယ်။ ဥပမာ ဖေ့ဘွတ်ပေါ်မှာ ကိုယ့်ဓာတ်ပုံ ကိုယ့်စာတင်ထားတဲ့အခါ Like များမှပျော်မယ်။ အရင်ကနေကျထက် နည်းနေရင် ဘာများဖြစ်နေပြီလဲလို့ စိတ်ဖိစီးမယ်။ ကိုယ်နဲ့ တခြားတစ်ယောက်ယောက် ရန်ဖြစ်အငြင်းပွားတဲ့အခါ ကိုယ့်ဘက်က လိုက်ပေးရင် ကိုယ်မှန်တယ်လို့ ထောက်ခံပေးရင် ပျော်မယ်။ အဲဒီလိုမဟုတ်ရင် စိတ်ဖိစီးမယ်။ ကိုယ်က အရမ်းဈေးကြီးတဲ့ အသုံးအဆောင်ပစ္စည်းတွေသုံးနေကိုင်နေရင် အဲဒါကို လူတွေသတိထားမိပြီး ချီးကျူးမှ စိတ်ပျော်ရွှင်မယ်။ မဟုတ်ဘဲ ဘယ်သူကမှ သတိမထားမိဘူး။ မပြောကြဘူးဆိုရင် စိတ်ထဲနေလို့မကောင်းတော့ဘူး။ မပျော်တော့ဘူး။ စိတ်ဖိစီးလာမယ်။ ဒီလိုနဲ့ ကိုယ့်ကို သူများတွေက တော်တယ်၊ တတ်တယ်၊ ချောတယ်၊ ချမ်းသာတယ်၊ အောင်မြင်တယ်ဆိုတာမျိုး အတည်ပြုတာတွေခံရဖို့အတွက် တစ်နေ့တစ်နေ့ စိတ်ဖိစီးခံပြီး လုပ်ပြနေရတယ်။

    ၅။ အလေးပေးဆက်ဆံခံချင်တာ။

    တစ်ခါတုန်းက ကိုယ့်ရုံးကဝန်ထမ်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကိုသွားတယ်။ သွားတဲ့အချိန်က ကိုယ်တစ်ယောက်တည်းသွားတဲ့အခါ လူငယ်လည်းဖြစ်နေတော့ နေရာချပေးတဲ့သူတွေက သူငယ်ချင်းလို့ပဲထင်ပြီး စင်နဲ့တော်တော်ဝေးဝေးဝိုင်းတစ်ခုမှာ နေရာချပေးတယ်။ မင်္ဂလာဆောင်တောက်လျှောက် သတို့သားသတို့သမီးတောင် ဘာဝတ်ထားလဲမကြည့်နိုင်ဘူး။ ငါ့ကို ဒီလိုနေရာမှာချထားပေးစရာလား။ ငါဘယ်သူလဲဆိုတာမသိဘူးလား။ ဒါတမင်စော်ကားတာလား။ ငါ့ကိုချိုးချင်လို့လုပ်တာလား စသဖြင့် မကျေမနပ်နဲ့ တချိန်လုံးဒေါသထွက်နေတယ်။ သတို့သားသတို့သမီးကိုလည်းမနှုတ်ဆက်တော့ဘဲ ပြန်လာခဲ့တယ်။ ရုံးပြန်ရောက်တဲ့အထိ၊ ရုံးကနေ အိမ်ပြန်ရောက်တဲ့အထိ နောက်ဆုံးအိပ်တဲ့အထိ အဲဒီကိစ္စက တနုံ့နုံ့နဲ့ ခံစားနေရတယ်။ နောက် ဘယ်မင်္ဂလာဆောင်မှ မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အထိပဲ။ လူတွေက ကိုယ့်ကိုနေရာပေးတာ၊ အလေးပေးဆက်ဆံခံရတာကို လိုချင်တယ်။ ကိုယ်မှန်းထားသလို ဆက်ဆံခြင်းမခံရတဲ့အခါ စိတ်ဖိစီးမှုနဲ့ဒေါသတွေဖြစ်လာတယ်။ အပျော်ခရီးသွားရင်တောင်၊ ပျော်ရွှင်စရာတစ်ခုခုလုပ်တယ်ဆိုရင်တောင် အပျော်တွေမရှိတော့ဘူး။

    ၆။ မုဒိတာမထားနိုင်တာ

    မုဒိတာဆိုတာက တော်တော်လေးခက်တဲ့အမျိုးထဲပါတယ်။ လူတွေရဲ့စိတ်ထဲမှာက တခြားသူတစ်ယောက်အောင်မြင်တာ ငါကျရှုံးတာပဲ ငါအသုံးမကျတာပဲဆိုတဲ့ (scarcity mindset) စွဲနေတယ်။ ကိုယ့်အနီးအနားဝန်းကျင်က လူတွေရဲ့ အောင်မြင်နေမှုတွေက ကိုယ်နဲ့လည်းဘာမှ တိုက်ရိုက်သက်ဆိုင်မှုမရှိတတ်ပေမယ့် သူတို့တွေပျော်ရွှင်နေတာ၊ အောင်မြင်နေတာကိုမြင်ရတဲ့အခါ ငါတစ်ယောက်တည်းများ ကံဆိုးနေတာလား၊ ငါပဲမပျော်ရွှင်ရတာ မအောင်မြင်ဖြစ်နေတာလားလို့ တွေးမိတတ်တယ်။ ဒါကိုပိုပြီး မီးထိုးပေးတာကတော့ ဆိုရှယ်မီဒီယာပေါ့လေ။ ကိုယ့်အနီးအနားဝန်းကျင်က လူတွေအကုန်လုံးပျော်ရွှင်အောင်မြင်နေတယ်လို့ ခံစားရတဲ့အခါ ကိုယ့်မှာ ပျော်ရွှင်မှုတွေပျောက်သွားပြီး စိတ်ဖိအားတွေဝင်လာတယ်။

    ၇။ ပစ္စုပ္ပန်တည့်တည့်မှာ မနေနိုင်တာ

    လူတွေက ဒီနေ့မှာအသက်ရှင်နေရပေမယ့် အတိတ်အတွက် နောင်တရတယ်။ အနာဂတ်အတွက် တွေးပူနေတယ်။ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ လက်ရှိအချိန်က အရမ်းနည်းတယ်။ ကျွန်တော်တို့စိတ်ထဲမှာ မနေ့ကဖြစ်သွားတဲ့အဖြစ်အပျက်တွေရယ်၊ မနက်ဖြန်မှာကြုံလာမယ့်ကိစ္စတွေရယ်ကိုပဲ တချိန်လုံးတွေးတောနေတယ်။

    ကွန်ဖူးပန်ဒါရုပ်ရှင်ထဲက အကြိုက်ဆုံးစကားကို ပြန်ကိုးကားချင်တယ်။ မနေ့ကဆိုတာ သမိုင်း။ မနက်ဖြန်ဆိုတာ လျှို့ဝှက်ဆန်းကျယ်မှု။ ဒီနေ့ကတော့ လက်ဆောင်မွန်ပါ”တဲ့ (Yesterday is history, tomorrow is a mystery, today is a gift. That’s why it’s called the present)

    မနေ့ကကိစ္စတွေကိုလည်း ကိုယ်အသစ်ပြန်ဖန်တီးလို့မရဘူး။ မနက်ဖြန်မှာ မဖြစ်လာသေးတာတွေအတွက်လည်း ကြိုစိတ်ပူနေလို့မထူးဘူး။ ကိုယ်ပိုင်တဲ့အရာက လက်ရှိဒီနေ့ပဲ။ ဒီနေ့ကိုအကောင်းဆုံးလုပ်ခြင်းကိုပဲ ကိုယ်ပိုင်ဆိုင်တယ်။ ကိုယ်မပိုင်ဆိုင်တော့တဲ့ မပိုင်ဆိုင်လာသေးတဲ့အရာတွေအတွက် စိုးရိမ်ပူပန် လက်မလွှတ်နိုင်ဖြစ်နေတာတွေက မပျော်ရွှင်ရခြင်းအကြောင်းတွေထဲကတစ်ခုပါ။

    လူတွေကို စိတ်အဖိစီးဆုံးစကားက “တကယ်လို့သာ”ဆိုတဲ့စကားပဲ။

    တကယ်လို့ ငါသာ စာကြိုးစားခဲ့ရင်။ တကယ်လို့ငါသာ အဲဒီလိုစကားမျိုးမပြောခဲ့ဖြစ်ရင်။ တကယ်လို့ငါသာ အဲဒီလိုမလုပ်ခဲ့ရင်။ တကယ်လို့ငါသာ အဲဒီလိုမဆုံးဖြတ်ခဲ့ရင် ဆိုတဲ့အတွေးတွေ လူတိုင်းမှာရှိကြတယ်။ ဒါပေမယ့် တချို့လူတွေကတော့ အဲဒီအတွေးတွေကနေ ရှေ့ဆက်ပြီးမသွားနိုင်ဘူး။ သူတို့ရဲ့ စိတ်က အတိတ်က သူတို့လုပ်ခဲ့မိတဲ့အရာတွေ၊ မလုပ်ခဲ့မိတဲ့အရာတွေမှာပဲ ဆက်ပြီးဝေ့ဝိုက်လည်ပတ်နေတယ်။

    နောင်တရလို့မဆုံးဘူး။ ဝမ်းနည်းလို့မဆုံးဘူး။ အဲဒီလိုလူမျိုးတွေကပဲ မနက်ဖြန်မှာ ဘာတွေများဖြစ်လာမှာလဲ။ ဘယ်လိုပြဿနာတွေများကြုံတွေ့ရမှာလဲ။ ငါဘယ်လိုများနေရမှာလဲနဲ့ တွေးတောပူပန်နေပြန်ရော။ အတိတ်ကိုမစွန့်လွှတ်နိုင်တဲ့သူက နောင်တရဲ့ နှိပ်စက်မှုကိုခံရတယ်။ အနာဂတ်ကိုပဲ တချိန်လုံးတွေးပူနေသူက စိုးရိမ်ပူပန်မှုရဲ့ ဖိစီးမှုကိုခံရတယ်။ ဒီလူတွေဟာ ပစ္စုပ္ပန်မှာ မပျော်ရွှင်နိုင်တာ အဆန်းတော့မဟုတ်ပါဘူး။

    စိတ်ဖိစီးမှုတွေကိုဖြေဖျောက်နိုင်ဖို့က လမ်းကြောင်းရှည်ခရီးပါ။ ချက်ခြင်း quick fix လုပ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး။ ခဏတဖြုတ်ပဲ စိတ်ပျော်ရွှင်စေတဲ့အရာမျိုးတွေက အလုပ်မဖြစ်ဘူးဆိုတာ ကိုယ်တိုင်လည်းသိပြီးဖြစ်မှာပါ။ ကျွန်တော်တို့ မပျော်ရွှင်ရခြင်းအကြောင်းတွေကို ရှာဖွေပြီးရင် ဖြေရှင်းတဲ့နည်းလမ်းတွေရှာဖွေကြတာပေါ့။

    ကျွန်တော်နဲ့အတူ ပျော်ရွှင်ခြင်းရှာပုံတော်ခရီး ဆက်သွားကြရအောင်……..

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement