backup og meta

အပြုသဘောဆောင်သောစိတ်ကို မြှင့်တင်၍ စိုးရိမ်ပူပန်မှုကိုလျှော့ချခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပြုသဘောဆောင်သောစိတ်ကို မြှင့်တင်၍ စိုးရိမ်ပူပန်မှုကိုလျှော့ချခြင်း

    အပြုသဘောဆောင်သောစိတ် အကောင်းမြင်စိတ်ဆိုတာ ကျွန်တော်တို့ရဲ့ လက်ရှိပစ္စုပ္ပာန်ကို ရောင့်ရဲကျေနပ်နိုင်ခြင်း၊ အနာဂတ်အတွက် မိမိကိုယ်ကိုယုံကြည်ချက်အပြည့်နဲ့ ရှေ့ဆက်နိုင်ခြင်းပါပဲ။ အကောင်းမြင်စိတ်နဲ့ ဆန့်ကျင်ဘက်ကတော့ မိမိကိုယ်ကိုယုံကြည်မှုပျောက်ဆုံးပြီး စိုးရိမ်ပူပန်မှုများနေခြင်းပဲ ဖြစ်ပါတယ်။ ဒီနှစ်ချက်ဟာ အပြန်အလှန်ဆက်စပ်နေပါတယ်။ စိုးရိမ်ကြောင့်ကြများနေရင် အကောင်းမြင်စိတ်ထက် အပျက်ဖက်ကိုပဲ တွေးတောပြီး မိမိကိုယ်ကိုယုံကြည်မှုကို တည်ဆောက်လို့ မရနိုင်ပါဘူး။

    စိုးရိမ်သောကဆိုတာ ကျွန်မတို့လုပ်ဆောင်နိုင်စွမ်းကို လျှော့တွက်မိရာကနေ စတင်ပါတယ်။ တဖက်မှာလည်း ကျွန်မတို့ရဲ့ အနာဂတ်မှာ ဆိုးရွားတာတွေပဲ ဖြစ်ပျက်တော့မယ်လို့ သာသာထိုးထိုး တွေးမိပြီး ပိုဆိုးသွားပါတယ် လို့ Brigham ဆေးရုံမှ စိတ်ကျန်းမာရေးပညာရှင် ဒေါက်တာဒါတီလိုက ဆိုပါတယ်။

    လူသားများနဲ့ စိုးရိမ်သောကဆိုတာ ဟိုးရှေးခေတ်ကတည်းက ဒွန်တွဲနေခဲ့ပါတယ်။ ရှေးယခင်က နေ့စဉ် စားစရာ၊ သဘာဝဘေးအန္တရာယ်ကနေ ပုန်းခိုစရာအတွက် နိစ္စဓူ၀ ကြောင့်ကြခဲ့ရပါတယ်။ ဒီနေ့ ခေတ်ကာလမှာတော့ ခေတ်ရေစီးကြောင်းနဲ့ လူနေမှုအဆင့်အတန်းနဲ့ လိုက်မီအောင် စိုးရိမ်သောကများနေတတ်ကြပါတယ်။

    ကျွန်တော်တို့ စိုးရိမ်သောကတွေများနေသလောက် အနာဂတ်ဟာ ဆိုးရွားပါ့မလား။ နောင်မှာ ရင်ဆိုင်ရမယ့် အရာတွေဟာ သင့်အနေနဲ့ နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်မယ့်ကိစ္စတွေလို့ စဉ်းစားမိပါသလား

    အခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမယ့် အချက်တွေကတော့ အကောင်းမြင်စိတ်၊ အပြုသဘောဆောင်တဲ့စိတ်ကို ဘယ်လိုမြှင့်တင်မလဲ ဆိုတာပါပဲ။ အဓိကအားဖြင့် (၇) ချက် ရှိပါတယ်။

    ၁။ သင့်ဦးနှောက်ကို ပြုပြင်ပြောင်းလဲပါ။

    ဒေါက်တာဒါတီလိုရဲ့ အဆိုအရ သင့်ဦးနှောက်ဟာ လိုက်လျောညီထွေနဲ့ ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ ဒီအလေ့အကျင့်အတွက် အချိန်တော့ အနည်းငယ်ပေးရပါတယ်။ ထပ်ပြန်တလဲလဲ လေ့ကျင့်ရပါတယ်။ အဓိကကတော့ တွေးခေါ်ပုံကို ပြောင်းလဲပေးဖို့ပါပဲ။ များသောအားဖြင့် အဆိုးမြင်တာများနေသူတွေကို အရင်က သူတို့မတွေးဖူးသေးတဲ့ ရှုထောင့်ကနေပြောင်းလဲပြီး တွေးတောစေတာ ဖြစ်ပါတယ်။ အပြုအမူဟာ အတွေးအကြံကလာပါတယ်။ အဆိုးမြင်စိတ်တွေလျော့သွားပြီး အပြုသဘောဆောင်တဲ့ဖက်ကနေ ပြောင်းလဲတွေးခေါ်ဖို့ အရေးကြီးပါတယ်။ ဒီကိစ္စဟာ အပြောလွယ်ပေမယ့် အသားကျနေတဲ့ အကျင့်ကို ပြုပြင်ယူဖို့ ခက်ခဲပါတယ်။ ဒီအလေ့အကျင့် ကောင်းလာတာနဲ့အမျှ ဦးနှောက်မှာရှိတဲ့ orbitalfrontal cortex လို့ခေါ်တဲ့ အစိတ်အပိုင်းဟာ ပိုမိုဖွံ့ဖြိုးလာပြီး အပြုသဘောဆောင်တဲ့စိတ် ပိုမိုအားကောင်းလာတယ်လို့ ဒေါက်တာဒါတီလိုက ဆိုပါတယ်။ တဖက်မှာလည်း စိုးရိမ်ကြောင့်ကြစိတ် လျော့နည်းသွားနိုင်ပါတယ်။

    ၂။ အကြောက်တရားကိုချေဖျက်ပါ။

    စိုးရိမ်ပူပန်များလွန်းသူများဟာ အမြဲတစေ အပျက်ဖက်ကိုပဲ ဦးစားပေးတွေးတောကြပါတယ်။ ဘယ်ကိစ္စမဆို ကြိုတင်ပြင်ဆင်ခြင်းဟာ ကောင်းတယ်ဆိုပေမယ့် ပုံမှန်ထက်လွန်ကဲပြီး အလွန်အကျွံပြင်ဆင်ထားခြင်း (overpreparation) ဟာ မကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ တခါတရံမှာ မိမိကြောက်ရွံ့နေတဲ့အရာကို လေ့လာခြင်း၊ ရင်ဆိုင်ဖြေရှင်းခြင်းဟာ ရှောင်ပြေးခြင်းထက်စာရင် ပိုမိုကောင်းမွန်ပါတယ်။ မိမိကြောက်ရွံ့နေတဲ့အရာဟာ ကြိုတင်တွေးကြောက်နေသလောက် ခက်ခဲတဲ့အရာမဟုတ်မှန်း သိနားလည်သွားပြီး စိတ်သက်သာရာရစေသလို မိမိကိုယ်ကိုယုံကြည်မှုလည်း တိုးပွားစေနိုင်ပါတယ်။

    ၃။ မိမိဝန်းကျင်မှာ အပြုသဘောဆောင်သူများကို ဝန်းရံထားပါ။

    အပြုသဘောဆောင်တဲ့စိတ်ကို မွေးမြူနေချိန်မှာ အပြုသဘောတွေးတော ကျင့်ကြံနေသူများကို မိမိပတ်ဝန်းကျင်မှာ ဝန်းရံထားတာ ပိုမိုကောင်းမွန်ပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေဟာ သင့်အတွက် စံပြုစရာ အထောက်အကူဖြစ်လာပါလိမ့်မယ်။

    ၄။ ဘယ်သူတွေက သင့်ခံစားမှုကို ကောင်းမွန်စေသလဲဆိုတာ စာရင်းပြုစုထားပါ။

    သင်ပေါင်းသင်းနေကြ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ ဘယ်သူတွေက သင့်ကို လုံခြုံနွေးထွေးစေသလဲ၊ ဘယ်သူတွေက အကောင်းမြင်စိတ်ကို ဆောင်ကြဉ်းပေးသလဲဆိုတာ အရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ မိမိလိုချင်သူကိုပဲ အမြဲပေါင်းသင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သင်စိတ်ညစ်နေချိန်မှာ၊ စိတ်ဓာတ်ကျနေချိန်မှာတော့ အဆိုးမြင်တတ်သူတွေကို ရှောင်ရှားပြီး သင့်မျှော်လင့်ချက်တွေကို အရောင်တင်ပေးမယ့်သူများ၊ စိတ်ဓာတ်ကိုမြှင့်တင်ပေးမယ့်သူတွေနဲ့ပဲ အချိန်ကုန်ဆုံးသင့်ပါတယ်။

    ၅။ နေ့စဉ် နိုးထတိုင်းမှာ အပြုသဘောဆောင်မယ့် ဦးတည်ချက်တွေထားပါ။

    သင်နေ့စဉ် နိုးထတိုင်းမှာ ဘာတွေလုပ်မလဲ ချရေးထားခြင်းပါ။ ဒီလိုချရေးရာမှာ အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားကို လေ့ကျင့်ယူနိုင်ပါတယ်။ ဥပမာ သင့်ကလေးတွေကို ကျောင်းပို့ဖို့ အစီအစဉ်ရှိတယ် ဆိုပါစို့။ သင့်အနေနဲ့ ငါ ကလေးတွေကို ကျောင်းပို့ရဦးမှာပါလား လို့ တွေးနေခြင်းဟာ အကောင်းမြင်စိတ်ကို လျော့ရဲစေပါတယ်။ အဲဒီအစား ငါ့မှာ ကျောင်းတက်နိုင်အောင် ကျန်းမာတဲ့ကလေးတွေ ရှိနေတာပဲ လို့ တွေးတာတာ သင့်အတွေးအကြံကို ပိုမိုကောင်းမွန်စေပါတယ်။

    ၆။ သတိစိတ်ကပ်ပြီး အပြင်ထွက်ပါ။

    ငယ်ငယ်က သင်ဖူးတဲ့ အင်္ဂလိပ်ကဗျာလေးမှာပါတဲ့ စာသားလေးလိုပါပဲ။ ပတ်ဝန်းကျင်ရဲ့ အလှအပကို ရပ်တန့်ငေးမောရလောက်အောင် အချိန်မရှိရင် ဘဝဟာ ဘယ်လောက်များ သောကတွေပြည့်နေမှာပါလိမ့်။ အမှန်တော့ ရပ်တန့်စရာတောင် မလိုပါဘူး။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အလှတရားတွေကို လုပ်ရင်းကိုင်ရင်း သွားလာရင်းနဲ့ပဲ ထိတွေ့ခံစားနိုင်ပါတယ်။ အမှုမဲ့အမှတ်မဲ့ သွားလာခြင်းမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်က အလှတရားတွေကို တွေ့မြင်ခံစားပါ။ ကမ္ဘာကြီးဟာ သင်ထင်နေသလောက် ရုပ်ဆိုးအကျည်းတန်တာ မဟုတ်ကြောင်း သိလာပါလိမ့်မယ်။ ဒါ့အပြင် မိမိစိတ်အတွေးအကြံထဲကပေါင်းမြက်တွေကိုလည်း ဒီနည်းနဲ့ ရှင်းလင်းပါ။

    ၇။ ပျော်ရွှင်စွာပြုံးရယ်ပါ။

    ပျော်ရွှင်ခြင်းဟာ သင်ကောင်းကောင်းပြုံးရယ်နိုင်စေမယ့် အကြောင်းအရင်းတခုဖြစ်သလို တခါတရံမှာ ပြုံးခြင်းဟာ ပျော်ရွှင်နိုင်ဖို့ အခွင့်အလမ်းတခုဖြစ်ပါတယ်။ သင်ပြုံးရယ်လိုက်မိခြင်းဟာ သင့်ကိုပိုပြီး ပျော်ရွှင်တက်ကြွစေပါတယ်။ ဇီဝဖြစ်စဉ်အရ သင့်ကို စိတ်ပူပန်မှုကနေ လျော့နည်းစေပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျနေချိန် စိုးရိမ်ပူပန်နေချိန်မှာ သင့်ကိုပြုံးရွှင်ရယ်မောစေမယ့် အရာများ ပိုမိုလိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement