backup og meta

အလုပ်ကိစ္စနဲ့ ခရီးခဏခဏ သွားရခြင်းရဲ့ ဆိုးကျိုးများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်ကိစ္စနဲ့ ခရီးခဏခဏ သွားရခြင်းရဲ့ ဆိုးကျိုးများ

    ကုမ္ပဏီလုပ်ငန်းကိစ္စနဲ့ခရီးအဝေးကြီးခဏခဏသွားရတဲ့သူတွေကို လူနေမှုအဆင့်အတန်းမြင့်မားတဲ့ အထက်တန်းစားတွေအဖြစ် လူတွေက ရှုမြင်ကြလေ့ရှိပါတယ်။ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်။ သူတို့အနေနဲ့လေယာဉ်ကိုပထမတန်းကနေ စီးခွင့်ရမယ်၊ ကမ္ဘာတလွှားကနေရာတွေအနှံ့အပြားကိုလည်ပတ်ခွင့်ရမယ် ဒါမှမဟုတ် လေကြောင်းလိုင်းတွေကပေးတဲ့ အထူးပရိုမိုးရှင်းအစီအစဉ်တွေကိုလည်းခံစားခွင့်ရမယ် စသဖြင့် အင်မတန်မှအားကျဖို့ကာင်းပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာရှိတဲ့ University of Surrey ကပြုလုပ်တဲ့စစ်တမ်းအရ ဒီလူတွေကို အားကျမနာလိုစရာအကြောင်းမရှိဖူးလို့ ဆိုပါတယ်။

    “အနောက်တိုင်းဝတ်စုံကို စမတ်ကျကျဝတ်ထားတဲ့လူတယောက်က အကောင်းစားသားရေထိုင်ခုံမှာ ထိုင်နေမယ်။ သူရှေ့မှာလည်း လက်တော့ပ်ကွန်ပြူတာကြီး ဖွင့်ထားမှာဖြစ်ပြီး အပြုံးတွေဝေနေတဲ့တောင့်တောင့်ဖြောင့်ဖြောင့်လေယာဉ်မယ်လေးက အအေး ဒါမှမဟုတ် စကော့ခ်ျဝီစကီအကောင်းစားတခွက်ကို ငှဲ့ပေးနေမယ်။ ဒါတွေဟာ တီဗီ ဒါမှမဟုတ် မဂ္ဂဇင်းကြော်ငြာတွေထဲမှာ မြင်ရလေ့ရှိသော business travel လို့ခေါ်တဲ့သူဌေးကြီးတွေလုပ်ငန်းကိစ္စအတွက် ခရီးသွားတဲ့ပုံစံပါ။ ဒါပေမယ့် ဒီခမ်းနားအားကျစရာကောင်းတဲ့ အထက်တန်းစားနေထိုင်မှုပုံစံမှာ (မီဒီယာတွေဒါမှမဟုတ်လူတွေလျစ်လျူရှုထားတဲ့) မကောင်းတဲ့အချက်တွေလည်း ရှိနေပါသေးတယ်” လို့ University of Surrey မှDr Scott Cohen ကဆိုပါတယ်။

    ဆိုတော့ဒီမကောင်းတဲ့အချက်တွေကဘာတွေလဲ။

    အရွယ်ကျတယ်

    သင့်ရဲ့အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို လွှမ်းမိုးထိန်းချုပ်တဲ့ genes တွေသပ်သပ်ရှိပါတယ်။”မကြာခဏလေယာဉ်နဲ့နာရီပေါင်းများစွာခရီးသွားရတာကြောင့် jet lag လို့ခေါ်တဲ့

    နေ့ညမမှန်မှုတွေ၊ စိတ်ရှုပ်ထွေးပင်ပန်းမှုတွေကို ဖြစ်လာစေနိုင်ပြီး ဒီအရာတွေက သင့်မှတ်ဉာဏ်ကို ထိခိုက်စေကာ အိုမင်းရင့်ရော်မှုနဲ့ကိုယ်ခံအားစနစ်ကိုထိန်းချုပ်တဲ့မျိုးဗီဇဆိုင်ရာလုပ်ငန်းတွေကိုလည်း အနှောင့်အယှက်ပေးတဲ့အပြင် နှလုံးရောဂါ ဖြစ်နိုင်ချေနဲ့လေဖြတ်နိုင်ချေတွေကိုပါ များစေနိုင်တယ်” လို့ Cohen ကဆက်ပြောပါတယ်။

    ဓါတ်ရောင်ခြည်ထိတွေ့မှုတွေများမယ်

    အလုပ်ကိစ္စနဲ့ခရီးခဏခဏသွားရသူတွေကို “နျူကလီးယားအလုပ်သမားတွေ” လို့သတ်မှတ်လေ့ရှိကြပါတယ်။ ဘာလို့လဲ? နျူကလီးယားဓါတ်ပေါင်းဖိုတွေ၊ စက်ရုံတွေမှာအလုပ်လုပ်ကြရသူတွေဟာ တရားဝင်သတ်မှတ်ထားတဲ့ ဓါတ်ရောင်ခြည်ပမာဏထက် ပိုပြီးထိတွေ့ရလေ့ရှိပါတယ်။ ပေပေါင်းသောင်းချီတဲ့အမြင့်မှာ ဓါတ်ရောင်ခြည်ထိတွေ့ခံရမှုဟာ မြေပြင်ပေါ်မှာထက် အဆရာပေါင်းများစွာပိုတဲ့အတွက် ခရီးခဏခဏသွားရသူလုပ်ငန်းရှင်ကြီးတွေဟာ နျူကလီးယားဓါတ်ပေါင်းဖိုတွေ၊ စက်ရုံတွေမှာအလုပ်လုပ်နေကြရတဲ့သူတွေထက်တောင် ပိုပြီးဓါတ်ရောင်ခြည်တွေနဲ့ထိတွေ့နေရပါတယ်။

    ခုခံအားစနစ်ချို့ယွင်းမယ်

    အချိန်ကြာမြင့်စွာ ပျံသန်းစီးနင်းရတဲ့လေယာဉ်ခရီးစဉ်တွေမှာ လူတွေဟာ ဒီအခန်းလေးထဲမှာပဲ ထပ်ပြန်တလဲလဲ လှည့်ပတ်နေတဲ့လေကိုသာ ရှုရှိုက်ရတာကြောင့် ရောဂါပိုးမွှားတွေနဲ့ပိုမိုထိတွေ့နိုင်သလို ခရီးခဏခဏသွားရတာကြောင့် ခံစားရတဲ့ jet lag နဲ့ပင်ပန်းနွမ်းနယ်မှုတွေက ကိုယ်ခံအားစနစ်ကိုထိန်းချုပ်ပေးတဲ့genesတွေကို ပုံမှန်အတိုင်းအလုပ်မလုပ်တော့အောင် ပိတ်ဆို့တားဆီးပစ်လိုက်နိုင်ပါသေးတယ်။ အကျိုးဆက်အနေနဲ့ခရီးမကြာခဏသွားရသူတွေဟာေ ရာဂါပိုးကူးစက်မှုတွေကို ခရီးသွားလေ့မရှိသူတွေထက် ပိုပြီးခံစားရစေနိုင်ပါတယ်။

    အဝလွန်မယ်

    ခရီးသွားနေတဲ့အချိန်တွေမှာ ကျန်းမာရေးအတွက်မသင့်တော်တဲ့အစားအသောက်ပုံစံတွေစားဖြစ်တာ၊ အရက်ပုံမှန်ထက်ပိုသောက်ဖြစ်တာတွေနဲ့ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ဖြစ်တာတွေဟာ “ခရီးသွားဘောစိကြီးများ”ကိုအဝလွန်စေပါတယ်။

    စိတ်ကျန်းမာရေး ပြဿနာတွေကိုပိုမိုခံစားရနိုင်တယ်

    ခရီးမကြာခဏသွားရခြင်းဟာ စိတ်ကျန်းမာရေး ပြဿနာတွေကို ဦးတည်စေတဲ့ အကြောင်းအရင်းအမြောက်အများနဲ့ရင်ဆိုင်ရစေပါတယ်။ jet lag ကြောင့်ဖြစ်တဲ့နေ့ညမှားမှုတွေဟာ စိတ်ခံစားမှုအနေအထား ၊တွေးတောဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းနဲ့အာရုံစူးစိုက်နိုင်စွမ်းတွေကိုခြောက်ရက်အကြာလောက်ထိ ထိခိုက်မှုရှိစေပါတယ်။

    အလုပ်ကိစ္စတွေနဲ့ခဏခဏခရီးသွားရတဲ့အခါ မိသားစု၊ သူငယ်ချင်းတွေနဲ့လည်းမကြာခဏဆိုသလို အချိန်အကြာကြီးခွဲရတဲ့အတွက် အပြစ်မကင်းသလိုခံစားချက်တွေဖြစ်လာနိုင်သလို အိမ်ထောင်ဖက်အနေနဲ့လည်း စိတ်ဖိစီးမှုတွေများလာစေနိုင်ပါတယ်။ အဆိုပါအထီးကျန်မှု၊ အပြစ်မကင်းသလိုခံစားရမှုတွေနဲ့အလုပ်ဖိအားတွေပေါင်းစပ်လိုက်တဲ့အခါမှာ တချိန်လုံးခရီးသွားနေရသူတွေအနေနဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုအလွယ်တကူခံစားလာရတာဟာ သိပ်တော့အဆန်းမဟုတ်ပါဖူး။

    နိဂုံးချုပ်အနေနဲ့Dr Cohen က “လေယာဉ်တွေစီးပြီးခရီးမကြာခဏသွားရတဲ့လူနေမှုဘဝပုံစံဟာ တကယ်တမ်းတော့ သင်အပြင်ပန်းမြင်ရတာထက်ပိုပြီး ဆိုးကျိုးတွေများပါတယ်။ ဒီလိုခရီးတွေသွားရခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို၊ သူတို့ကိုယ်တိုင်ကို ပြီးတော့သူတို့ရဲ့ချစ်ခင်မြတ်နိုးရဆုံးသောမိသားစုတွေကိုပါ ထိခိုက်စေနိုင်ပါတယ်” လို့ပြောဆိုလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement