backup og meta

ပျော်ရွှင်ခြင်း ရှာပုံတော် (၃)


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်ခြင်း ရှာပုံတော် (၃)

    မနက်ဖြန်ကမ္ဘာပျက်မယ်ဆိုတာသိရရင် ဒီနေ့မှာ လူတွေပျော်ရွှင်နိုင်မယ်ထင်လား။

    လေ့လာချက်တစ်ခုအရတော့ လူတွေပျော်ရွှင်နိုင်ပါလိမ့်မယ်တဲ့။ ဘာလို့လဲဆိုတော့ တစ်သက်လုံးလုပ်လာခဲ့ရတဲ့ ပြိုင်ဆိုင်မှုတွေ၊ ရုန်းကန်ရမှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေ၊ ခံစားရမှုတွေ၊ မကျေနပ်တာတွေအကုန်လုံးက မနက်ဖြန်မှာ အားလုံးနဲ့အတူတူ ချုပ်ငြိမ်းသွားနိုင်မှာဖြစ်လို့ပါ။ ဒီနေ့အချိန်မှာလူတွေက ဘယ်လောက်တောင် စိတ်ဖိအားတွေ၊ မပျော်ရွှင်မှုတွေနဲ့ ရုန်းကန်နေရလဲဆိုတာကို ဒါက သိနိုင်တယ်။ အခုနောက်ပိုင်း ထောင်စုနှစ်လူငယ်တွေမှာဆိုရင် ရှင်သန်ခြင်းက နာကျင်ခြင်းပဲဆိုတဲ့အယူအဆတွေအားကောင်းလာတယ်။

    ဘယ်အရာတွေက ကျွန်တော်တို့ကိုပျော်ရွှင်စေတာလဲ။ လူဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ကရောဘာလဲ။ ဒီအကြောင်းတွေပဲ မကြာခဏစဉ်းစားဖြစ်တယ်။

    ပျော်ရွှင်ခြင်းကို တိုင်းတာလို့ရလား။

    ပျော်ရွှင်ခြင်းကို တိုင်းတာလို့မရဘူးလို့ထင်ကြပေမယ့် တကယ်တမ်းတော့ အခြေအနေတစ်ခုအထိတော့ တိုင်းတာလို့ရတယ်။ ဥပမာ အခု ကိုယ့်အခြေအနေက ပျော်ရွှင်နေတယ်ထင်လား။ မပျော်ရွှင်ဘူးထင်လား။ ၁ ကနေ ၅ အတွင်း ၁ က လုံးဝမပျော်ရွှင်ဘူး။ ၅ က အရမ်းပျော်ရွှင်တယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်အကိုင်၊ ငွေကြေးအနေအထား၊ အချစ်ရေးအိမ်ထောင်ရေး၊ မိသားစု၊ ပေါင်းသင်းဆက်ဆံရေး အစရှိသဖြင့်နေရာတွေမှာ ကိုယ့်ပျော်ရွှင်မှုအနေအထားက ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာလို့ရပါတယ်။ အခုပျော်ရွှင်နေလား။ မပျော်ရွှင်ဘူးလား။ ဘယ်လောက်ထိပျော်ရွှင်နေလဲ။

    ၁။ ပိုက်ဆံက ပျော်ရွှင်မှုကိုဖန်တီးနိုင်လား။

    ကိုယ့်အသက် ၁၆၊ ၁၇ က အခြေအနေကို ပြန်စဉ်းစားကြည့်ရအောင်။ ပိုက်ဆံမရှိဘူး။ ကိုယ်ဝယ်ချင်တာတွေ၊ လုပ်ချင်တာတွေ၊ ဝတ်ချင် စားချင်တာတွေအကုန်လုံးကို ကိုယ်ပိုင်ပိုက်ဆံနဲ့ မလုပ်နိုင်ဘူး။ ပိုက်ဆံမရှိလို့ အမြဲတမ်းစိတ်ညစ်နေရတယ်။

    အခုလက်ရှိအနေအထားကိုပြန်ကြည့်လိုက်။ ပိုက်ဆံပိုရှိလာတယ်။ ကိုယ်လုပ်ချင်တာတွေအကုန်လုံးကို ကိုယ်တိုင်လုပ်နိုင်တယ်။ ဝယ်ချင်တာဝယ်နိုင်တယ်။ဘတ်စ်ကားစီးပြီးကျောင်းတက်ခဲ့တဲ့ဘဝကနေ ကိုယ်ပိုင်ကားမောင်းပြီး ရုံးတက်နေတဲ့အချိန်မှာ ပျော်ရွှင်မှု စံနှုန်းတွေတက်လာလား။ ပိုက်ဆံမရှိတဲ့ အဲဒီအချိန်ကထက် ပိုက်ဆံပိုရှိလာတဲ့အခုက ပျော်ရွှင်လာတယ်လို့ထင်လား။

    ဒါဖြင့်ရင် ပိုက်ဆံက ပျော်ရွှင်မှုကို မဖန်တီးနိုင်ဘူးလား။ အဲဒီလိုတော့လည်းမဟုတ်ပြန်ဘူး။ ပိုက်ဆံက အခြေခံလိုအပ်ချက်တွေကို ပံ့ပိုးနိုင်တယ်။ အားနည်းသူတွေကိုကူညီလို့ရတယ်။ နာမကျန်းဖြစ်တဲ့အခါ ကောင်းမွန်တဲ့ပြုစုစောင့်ရှောက်ပေးမှုတွေရနိုင်တယ်။ ဒါပေမယ့် ငွေကြေးက အတိုင်းအတာတစ်ခုရောက်သွားတဲ့အခါမှာ ထပ်ပြီးပျော်ရွှင်မှုတွေကို မပေးနိုင်တော့ဘူး။ ဥပမာ ပိုက်ဆံမရှိတဲ့ ကိုယ်လိုလူတွေသာ ချမ်းသာရင်ပျော်ရွှင်မယ်ထင်နေတာ အရမ်းကိုကျိကျိတက်ကြွယ်ဝနေတဲ့သူတွေမှာလည်း ကြည့်လိုက်ရင် သူ့အပူနဲ့သူပဲ။ စိတ်ညစ်စရာတွေအပြည့်ပဲ။ တစ်ခါတလေသူတို့စိတ်ညစ်နေပုံက ကိုယ့်ထက်တောင်ပိုဆိုးနေသေးတယ်။

    ပိုက်ဆံက ပျော်ရွှင်မှုကိုပေးနိုင်ပါတယ်။ ဒါပေမယ့် ပိုက်ဆံမှာပဲပျော်ရွှင်မှုရှိနေမယ်ထင်လာရင်တော့ ပိုက်ဆံရှာရင်းနဲ့ လုံးလည်ချာလည်လိုက်လာလိမ့်မယ်။ ပျော်ရွှင်မှုကိုရှာတွေ့တော့မှာမဟုတ်ဘူး။

    ၂။ နှိုင်းယှဥ်ပြီးမှရလာတဲ့ ပျော်ရွှင်မှုက မတည်မြဲဘူး။

    ကိုယ်က တစ်လကို ဝင်ငွေဆယ်သိန်းရတယ်။ ဒါပေမယ့် ကိုယ့်အနီးအနားဝန်းကျင်မှာရှိသမျှလူတိုင်းက တစ်လကို ဝင်ငွေ သိန်းတစ်ရာရှိတဲ့သူတွေချည်းပဲဆိုတာနဲ့ကိုယ်က တစ်လကို ဝင်ငွေ ငါးသိန်းရတယ်။ ဒါပေမယ့် ကိုယ့်အနီးအနားဝန်းကျင်ကလူတွေအကုန်လုံးက တစ်လကို တစ်သိန်းပဲရတယ်ဆိုတာနဲ့ ဘယ်ဟာက ပိုပျော်ရွှင်နိုင်မယ်ထင်လဲ။

    တစ်လငါးသိန်းရပြီး ဘေးပတ်ဝန်းကျင်မှာ တစ်သိန်းပဲရတယ်ဆိုတဲ့သူတွေရှိနေတဲ့နေရာက ပိုပျော်ရွှင်စရာကောင်းတယ်။ ဒါပေမယ့် နှိုင်းယှဉ်ပြီးတော့ရလာတဲ့ပျော်ရွှင်မှုတွေက မတည်မြဲဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ထက်သာတဲ့သူက နေရာတိုင်းအချိန်တိုင်းမှာ တွေ့လာနိုင်လို့ပါ။ ကိုယ်က တစ်လငါးသိန်းရလို့ တစ်သိန်းရတဲ့သူတွေနဲ့ယှဉ်ပျော်ရွှင်နေတဲ့ ပျော်ရွှင်မှုလေးက ကိုယ့်ဘေးနား တစ်လဆယ်သိန်းရတဲ့သူရောက်လာတဲ့အချိန် ရုတ်တရက်ပျောက်သွားရရှာတယ်။

    ၃။ လျှပ်စစ်မီးမရှိတဲ့အရပ်မှာ လူတွေက မီးပျက်လို့ စိတ်မညစ်ကြဘူး။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က လျှပ်စစ်မီးကိုစတီထွင်နိုင်တယ်။ အဲဒီနောက်ပိုင်းအခုအချိန်မှာတော့ လျှပ်စစ်မီးက လူတွေရဲ့ဘဝမှာ မရှိမဖြစ်အရာတစ်ခုဖြစ်လာတယ်။ ဒါဆို လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀ က လူတွေထက် အခုခေတ်လူတွေက ပိုပျော်ရွှင်နေကြလား။ ပျော်ရွှင်မှုစစ်တမ်းတစ်ခုမှာတော့ လူတွေရဲ့ ပျော်ရွှင်မှုက ၁၉၄၅ခုနှစ်ကနေ အခု ၂၀၁၉ ခုနှစ်ထိ သိသိသာသာတိုးလာတာမရှိဘူးတဲ့။ ဝင်ငွေ နှစ်ဆတိုးသွားတယ်။ လူနေမှုပုံစံတွေတိုးတက်ပြောင်းလဲသွားတယ်။ ဒါပေမယ့် ပျော်ရွှင်မှုကတော့ မတိုးလာဘူး။

    အကြောင်းကတော့ လူတွေရဲ့လိုချင်မှုမှာ အဆုံးသတ်မရှိဘူး။ နယ်နမိတ်မရှိဘူး။ တစ်ခုရတဲ့အခါ နောက်တစ်ခုလိုချင်တယ်။ အဲဒီလိုချင်တဲ့အရာမရရင် စိတ်ညစ်တယ်။ မပျော်ရွှင်ရတော့ဘူး။ အမေရိကန်မှာနေတဲ့သူတွေက မီးလာလို့ ပျော်နေတယ်ထင်လို့လား။ မီးလာလို့ ပျော်နေရတာ မီးသေချာမရသေးတဲ့သူတွေ၊ လျှပ်စစ်မီးကို အသုံးမပြုဖူးသူတွေပဲရှိလိမ့်မယ်။ နိဗ္ဗာန်ဘုံ (Heaven) ရောက်နေရင်တောင်မှ လိုချင်တာတွေရှိနေလို့ စိတ်ညစ်နေရမယ့်သူတွေ တပုံကြီးရှိနေဦးမှာပဲ။

    အဲဒါကိုက လူတွေရဲ့ဦးနှောက်အလုပ်လုပ်ပုံဖြစ်နေတာ။ စိတ်ဆင်းရဲမှုတွေကိုအမြဲရှာဖွေနေကြတာ။ မပျော်ရွှင်ရခြင်းတွေကိုအမြဲရှာဖွေနေကြတာ။ သူတို့ဆီကို မပျော်ရွှင်ရမှုတွေရောက်လာတာမဟုတ်ဘူး။ သူတို့က မပျော်ရွှင်ရစရာအကြောင်းရင်းတွေကို ရှာဖွေနေကြတာ။

    ၁။ ပိုက်ဆံက ပျော်ရွှင်မှုကိုပေးနိုင်ပါတယ်။ ဒါပေမယ့် ပိုက်ဆံမှပိုက်ဆံပဲဖြစ်လာရင်တော့ ပြောင်းပြန််ဖြစ်သွားတယ်။ ပိုပင်ပန်းလာတယ်။

    ၂။ ပျော်ရွှင်မှုကို နှိုင်းယှဉ်တာကနေရှာနေရင်တော့ အဆုံးသတ်မှာမဟုတ်ဘူး။ တည်လည်းတည်မြဲမှာမဟုတ်ဘူး။

    ၃။ လိုချင်မှုအဆုံးမသတ်ရင် မပျော်ရွှင်ရဘူး။ ကိုယ်က မပျော်ရွှင်မှုတွေကို လိုက်ရှာသလိုဖြစ်နေတယ်။ ကိုယ့်မှာရှိတာကို အသိအမှတ်ပြုခြင်းက ပျော်ရွှင်လာနိုင်ပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement