backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဝမ်းနည်းတာနဲ့ စိတ်ဓါတ်ကျတာ ဘယ်လိုကွာသလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဝမ်းနည်းတာနဲ့ စိတ်ဓါတ်ကျတာ ဘယ်လိုကွာသလဲ

ဘဝဆိုတာ ပျော်စရာတွေနဲ့ချည်း ပြည့်နေတာမဟုတ်တဲ့အတွက် လူတွေဟာ စိတ်ထိခိုက်ဝမ်းနည်းမှုကို တကွေ့မဟုတ် တကွေ့တော့ ခံစားရတတ်ပါတယ်။ ဝမ်းနည်းကြေကွဲမှု ခံစားရပြီး အချိန်အတိုင်းအတာ တစ်ခုကြာပြီးတဲ့အခါ ကျွန်တော်တို့ဟာ မူလအတိုင်း ပုံမှန်ပြန်ဖြစ်သွားလေ့ ရှိကြပါတယ်။ ဒါပေမယ့် တချို့ဝမ်းနည်းမှုတွေက ပုံမှန်ထက် အချိန်အတော်ကြာကြာ ဆက်ရှိနေတတ်ပြီး သင့်ရဲ့ နေ့စဉ်နေထိုင်မှုဘဝကို နှောင့်ယှက်စပြုလာပါတယ်။ သင့်အနေနဲ့ မအိပ်နိုင်၊မစားနိုင်၊အလုပ်မလုပ်နိုင် ဖြစ်လာပါမယ်။ ရုတ်တရက်ဆိုသလို သင်ဟာ တန်ဖိုးမရှိတော့သလို ခံစားလာရပါမယ်။ ဒါဆိုရင် စိတ်ကျရောဂါဖြစ်ဖို့ နိဒါန်းပျိုးပါပြီ။

စိတ်ကျရောဂါရဲ့ လက္ခဏာများ

အတွေ့အများဆုံးလက္ခဏာတွေကတော့-

  • နေရတာ မပျော်တာ။
  • စိတ်ထဲ ဟာလာဟင်းလင်းကြီး ဖြစ်နေတာ။
  • အရင်တုန်းက စိတ်ဝင်စားခဲ့၊လုပ်နေရရင် ပျော်နေတဲ့အရာတွေကို စိတ်မဝင်စားတော့တာ၊မလုပ်ချင်တော့တာ။
  • (ပုံမှန်မဟုတ်ဘဲ) ကိုယ်အလေးချိန်တိုးတာ၊လျော့တာ။
  • အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ ။ အိပ်မပျော်တာ ဒါမှမဟုတ် အရမ်းအိပ်လွန်းတာ။
  • စိတ်တို၊စိတ်ဆတ်တာ။
  • ပင်ပန်းနွမ်းနယ်တာ။
  • တခုခုအပြစ်ရှိသလို စိတ်ထဲ ခံစားနေရတာ(အကြောင်းရင်းလည်း ထူးထူးခြားခြား ဘာမှမရှိဘဲ)။
  • အာရုံမစူးစိုက်နိုင်တာ ဒါမှမဟုတ် ဒွိဟတွေများပြီး တခုခုကို အသေအချာ မဆုံးဖြတ်နိုင်တာ။
  • သတ်သေချင်တဲ့ အတွေးတွေ ပေါ်လာတာ ဒါမှမဟုတ် သတ်သေဖို့ ကြိုးစားတာ။

စိတ်ကျရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ

စိတ်ကျရောဂါဟာ အသားအရောင်မရွေး၊အသက်အရွယ်၊ကျားမ မရွေး လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့သော အခြေအနေတွေဟာ သင့်ကို စိတ်ကျရောဂါဆီ တွန်းပို့နေတတ်ပါတယ်။ဥပမာ-

  • ငယ်စဉ်ကလေးဘဝက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ။
  • မိမိကိုယ်ကို တန်ဖိုးထားစိတ် နည်းပါးတာ။
  • မိသားစုထဲမှာ စိတ်ကျဝေဒနာ ခံစားနေရသူ ဒါမှမဟုတ် စိတ်ရောဂါရှိသူ တယောက်ယောက်ရှိတာ။
  • မူးယစ်ဆေးသုံးဖူးတာ။
  • ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကနေ ရှောင်ဖယ်ခြင်းခံရတာ။
  • နေရာသစ်၊ပတ်ဝန်းကျင်သစ်နဲ့ အသားကျဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတာ။
  • နှစ်သိမ့်ဖေးမကူညီပေးမယ့်လူ ဒါမှမဟုတ် အဖွဲ့အစည်းမရှိတာ ။
  • ဒါ့အပြင် အောက်ဖော်ပြပါ ဆေးဝါးတွေကလည်း စိတ်ကျရောဂါ ဖြစ်စေတဲ့ အန္တရာယ်ရှိပါတယ်။
  • (သွေးတိုးနဲ့ နှလုံးရောဂါတွေမှာ သုံးလေ့ရှိတဲ့) Beta-blockers ဆေးတွေ။
  • ကော်တီကို စတီးရွိုက်ဆေးတွေ။
  • ဟော်မုန်းဆေးတွေ။
  • အဆီကျဆေးတွေ စသဖြင့် ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆေးဝါးကုသမှု ခံယူသင့်ပြီလဲ။

တကယ်လို့ ဝမ်းနည်းကြေကွဲမှု ခံစားရတာဟာ နှစ်ပတ်ထက် ပိုကြာနေပြီဆိုရင် (အထူးသဖြင့် သတ်သေချင်တဲ့ အတွေးတွေ ပေါ်လာနေတယ်ဆိုရင်) ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါပြီ။ တကယ်လို့ ဒီအတွေးတွေ နှောင့်ယှက်တဲ့အတွက် ဘာကိုမှ လုပ်လို့မရလောက်အောင် ဖြစ်နေတယ်ဆိုရင် သင်ယုံကြည်ရသူ တယောက်ယောက် (မိသားစုဝင်၊သူငယ်ချင်း ဒါမှမဟုတ် ကျွမ်းကျင်သူ) နဲ့ စကားပြောတိုင်ပင်ကြည့်ပါ။ စိတ်ကျရောဂါကို တွန်းလှန်နိုင်ဖို့ အဓိကသော့ချက်က ရင်ဖွင့်မျှဝေတာပဲ ဖြစ်ပါတယ်။

စိတ်ကျရောဂါကို ဘယ်လိုကုသမလဲ

နေထိုင်မှုပုံစံတွေ ပြောင်းလဲပါ။

  • ပြင်ပသင်တန်းလေးတွေ၊ဝါသနာတူရာ စုထားတဲ့ အဖွဲ့လေးတွေမှာ ပါဝင်လှုပ်ရှားပါ။ လူတွေနဲ့ တွေ့ဆုံပါ။
  • သင်ဝါသနာပါရာ၊စိတ်ပျော်ရာလေးတွေ လုပ်ဖို့ အချိန်ပေးပါ။
  • အားကစားလုပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
  • တိရိစ္ဆာန်လေးတွေ ချစ်တတ်ရင် တစ်ကောင်လောက် စမ်းမွေးကြည့်ပါ။
  • ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်သောက်တာ ဒါမှမဟုတ် အရက်အလွန်အကျွံသောက်တာတွေကို ရှောင်ပါ။
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုပဲ စားသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။
  • အိပ်လို့မရဖူးဆိုရင် ဆေးဝါးအကူအညီ ယူပါ။

ဒါတွေအပြင် ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ယူပါ။ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်းဟာ စိတ်ကျရောဂါအတွက် အင်မတန်အကျိုးရှိတဲ့ ကုသမှုနည်းလမ်း ဖြစ်ပါတယ်။ ဆေးတွေ သောက်ဖို့လည်း လိုပါလိမ့်မယ်။ သင့်ရောဂါအခြေအနေ၊မိသားစုဝင်တွေမှာ ရောဂါဖြစ်ဖူးခြင်း ရှိမရှိ၊သင့်မှာ တခြားရောဂါတွေ ရှိမရှိ နဲ့ သင့်ရဲ့ နေထိုင်မှုပုံစံတွေအပေါ်မူတည်ပြီး သောက်ရမယ့်ဆေးတွေကတော့ ကွဲပြားမှု ရှိနိုင်ပါတယ်။ ဒီနေရာမှာ တခုသိထားရမှာကဆေးတွေဟာ လူတိုင်းအတွက် အကျိုးရှိချင်မှ ရှိပါလိမ့်မယ်။ ဆေးသောက်လိုက်ခါမှ စိတ်ကျရောဂါပိုဆိုးသွားရတဲ့ လူနာတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဆေးသောက်နေစဉ် ကာလအတွင်းမှာ သင့်ရောဂါ မသက်သာတာ ဒါမှမဟုတ် ပိုဆိုးလာတာမျိုးရှိရင် ဆရာဝန်ကို ချက်ချင်း အသိပေးရမှာပဲ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement