backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အလုပ်တွေများလည်း ဒီနည်းလေးတွေနဲ့ မိသားစုကိုအချိန်ပေးရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အလုပ်တွေများလည်း ဒီနည်းလေးတွေနဲ့ မိသားစုကိုအချိန်ပေးရအောင်

ကိုယ့်ရဲ့မျိုးဆက်သစ် သားသမီးတွေကို အဆင့်အတန်းမြင့်မြင့်ထားပေးနိုင်ဖို့နဲ့ မိသားစုသာယာပျော်ရွှင်နိုင်ဖို့ လူတိုင်းဆန္ဒရှိကြပါတယ်။ ဒါနဲ့ပဲ ဖေဖေမေမေက အလုပ်တွေဖိလုပ်၊ ကလေးတွေကို ကလေးထိန်းနဲ့ထား၊ ဒါမှမဟုတ် အဖိုးအဖွားတွေလက်မှာအပ်ထားတာမျိုးတွေ အများကြီးပါ။ မိဘကတော့ ဘဝအတွက်အချိန်မလပ် ကြိုးစားနေပေမယ့် သားသားမီးမီးတို့ ဒီအရွယ်မှာ လိုအပ်တာက ငွေနဲ့တင်မလုံလောက်ပါဘူး။ အလုပ်ကြိုးစားတာလည်း လုပ်ပါ၊ အဲဒီအထဲကမှ အချိန်ကို ရအောင်ဖဲ့ပြီး မိသားစုအတွက် အချိန်ပေးနိုင်မယ့် နည်းလမ်းလေးတွေ သိရမယ်ဆို ပိုအဆင်မပြေဘူးလား။ အထူးသဖြင့် အားလပ်ရက်လေးတွေမှာ အချိန်သိပ်မရရင်တောင် ဒီထဲက တစ်ချက်လောက်ဖြစ်ဖြစ်လုပ်ကြည့်ပါ။ ခရီးထွက်တာကလွဲလို့ အချိန်သိပ်မပေးရသလို ခက်ခဲတဲ့အရာတွေလည်း မဟုတ်တာမို့ ဖေဖေမေမေတို့ ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

(၁) အစီအစဉ်ဆွဲပါ

ရေခဲသေတ္တာနားမှာ ဒါမှမဟုတ် မိသားစုဝင်အကုန်လုံးမြင်နိုင်တဲ့တစ်နေရာရာမှာ ပြက္ခဒိန်ကပ်ထားပေးပြီး နောက်တစ်ပတ်အတွက် ဘာအစီအစဉ်ရှိသလဲ ကြည့်ပါ။ ဗျာများနေရတဲ့ရက်တွေနဲ့ အလုပ်သိပ်မများတဲ့ ရက်တွေကို အချိန်ညှိပြီး သိပ်အရေးမကြီးတဲ့ကိစ္စတွေကို နောက်ရွှေ့သင့်ရွှေ့ပါ။ အများစုက အိမ်မှာ ပစ္စည်းပစ္စယတွေများပြီး မလိုအပ်ဘဲ နေရာကျဉ်းနေတတ်ပါတယ်။ ကိုယ်အသုံးမလိုတဲ့ အဝတ်အစားတွေ၊ ကလေးကစားစရာတွေ၊နဲ့ တခြားပစ္စည်းအသုံးအဆောင်တွေကို ချို့တဲ့သူတွေဆီပေးလှူလိုက်ရင် ကုသိုလ်လည်းရ၊ ပတ်ဝန်းကျင်လည်းသန့်ရှင်း၊ ရှင်းရလင်းရ ထိန်းသိမ်းရတဲ့အချိန်လည်းအကုန်သက်သာတာကြောင့် မိသားစုရဲ့အားလပ်ချိန်၊ပျော်ရွှင်ချိန်ပိုများစေပါတယ်။

(၂) မိသားစုထမင်းဝိုင်း

ဒီနေ့ခေတ် ကလေးအများစုက မိသားစုထမင်းဝိုင်းရဲ့အဓိပ္ပါယ်ကို မသိကြပါဘူး။ စားပွဲမှာအတူထိုင်ပြီး ထမင်းတစ်နပ်စားရုံပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တမ်းမှာ မျက်နှာစုံညီထမင်းစားဖြစ်ရင် စကားစမြည်ပြောဆိုမိကြမယ်၊ ရင်းနှီးချစ်ခင်မှုတွေတိုးမယ်၊ အဲဒီတော့မှပျော်ရွှင်ကျန်းမာတဲ့ မိသားစုတွေဖြစ်လာမှာပါ။ ထမင်းစားရင်း တစ်ယောက်အကြောင်းတစ်ယောက်ပြောပြကြ၊ နားထောင်ပေးကြ၊ မိဘတွေက အကြံပြုအားပေးပြီး သွန်သင်ဆုံးမရင်း ပွင့်လင်းတဲ့ဆက်ဆံရေးဖြစ်လာစေမှာပါ။ ဒါ့ကြောင့် ညစာအတွက် မဖြစ်နိုင်ရင်တောင် ပိတ်ရက်မှာ ထမင်းဝိုင်းမှာလူစုံဖို့ ကြိုးစားစီစဉ်ပါ။

(၃) အိမ်အလုပ်တွေကို အတူလုပ်ပါ

အိမ်မှာလုပ်ရတဲ့ တချို့ဗာဟီရကိစ္စတွေက အဖွဲ့လိုက်လုပ်ရတဲ့ကိစ္စတွေဖြစ်ပါတယ်။ မိသားစုဘဝဆိုတာ အချင်းချင်းရိုင်းပင်းကူညီပြီး ချစ်ခင်စောင့်ရှောက်ရမှာပါ။ အိမ်မှုကိစ္စတွေ အတူဝိုင်းလုပ်တာ၊ ဟင်းအတူချက်တာတွေက တာဝန်ယူစိတ်ရှိအောင်၊ သိတတ်တဲ့စိတ်ရှိအောင် သင်ပေးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

(၄) ကျောင်းစာ ကူစစ်ပေးပါ

ကလေးတွေကို စာလုပ်ပါ၊ စာလုပ်ပါနဲ့ သူ့ဘာသာချည်းပဲ စာမလုပ်ခိုင်းပါနဲ့။ မိဘတွေကလည်း ဝင်ကြည့်ပေး၊ သင်ပြပေး၊ စာစစ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ကလေးနဲ့အတူ စာလုပ်ပေးတာက ပညာရေးအဆင်ပြေမပြေ၊ပြဿနာရှိမရှိကိုလည်း သိနိုင်ပြီး အတူရှိချိန်လည်း ပိုရစေပါတယ်။

(၅) ဂိမ်းအတူကစားပေးပါ

နည်းပညာတိုးတက်နေတဲ့ခေတ်မှာ ဂိမ်းမကြိုက်တဲ့ကလေး မရှိပါဘူး။ ဂိမ်းကစားချိန်၊တီဗီကြည့်ချိန်ကန့်သတ်ထားသင့်တယ်ဆိုပေမယ့် ကစားခွင့်ပြုထားတဲ့အချိန်မျိုးမှာ ကလေးနဲ့အတူ ဝင်ကစားပေးပါ။ မိသားစုအတူကစားလို့ရတဲ့ ဒိုးဆက်၊ မိုနိုပိုလီတို့လို အငြိမ်ကစားနည်းတွေ ကစားလို့ရသလို တီဗီဂိမ်းပြိုင်ကစားရင်း ကျန်တဲ့သူတွေက အားပေးကြတာမျိုး အားလုံးစည်းစည်းလုံးလုံးပျော်ရွှင်လို့ရပါတယ်။

(၆) မိသားစုအတူ တက်ကြွလှုပ်ရှားမှုဖန်တီးပါ

Gym သွားတာ၊ မနက်ပိုင်း သူငယ်ချင်းတွေနဲ့ အပြေးအားကစားလုပ်တာတွေအစား မိသားစုအတူ အားကစားလုပ်ပါ။ဘေ့စ်ဘောကစားတာ၊ မနက်ခင်း လမ်းလျှောက်ထွက်တာ၊ စားပွဲတင်တင်းနစ်ရိုက်တာလိုမျိုး လှုပ်ရှားမှုတွေကို မိသားစုလိုက်လုပ်လို့ရပါတယ်။

(၇) ညဘက်အပြင်သွားတာ

တစ်ပတ်ကို တစ်ကြိမ်လောက် မိသားစုလိုက်ညဘက်အပြင်သွားပါ။ သွားမယ့်ရက်ကို ကြိုသတ်မှတ်ထားပြီး ဘာကိစ္စကြောင့်မှ အပျက်မခံပါနဲ့။ အရေးကြီးပါတယ်။ ကလေးတွေက သွားဖို့တွေးပျော်ထားပြီးမှ ပျက်သွားရင် စိတ်မကောင်းဖြစ်တတ်ပါတယ်။ ညဘက် ဘုရားသွားတာမျိုး၊ ဆိုင်ကောင်းကောင်းမှာညစာစားတာမျိုးပျော်စရာကောင်းအောင် လုပ်ပေးပါ။ ဘယ်သွားချင်လဲ ဘာစားချင်လဲ တစ်ဦးချင်းရဲ့အကြံဉာဏ်ကိုဆွေးနွေးပါ။

(၈) အားလပ်ရက်မှာ မိသားစုလိုက် ခရီးထွက်ပါ

မိသားစုလိုက် အားလပ်ရက်ခရီးလေးတွေ အနည်းဆုံး တစ်နှစ်ကိုတစ်ကြိမ်တော့သွားပေးပါ။ ကလေးတွေရဲ့ငယ်ဘဝမှာ အမှတ်တရကောင်းတွေကျန်ရစ်ခဲ့စေဖို့၊ပျော်စရာအချိန်ကာလတွေ အတူကုန်ဆုံးဖို့ ခရီးသွားပါ။

(၉) ပျော်ပွဲစားထွက်ပါ

ခရီးရှည်မသွားနိုင်ရင် စားစရာကောင်းကောင်းစီစဉ်ချက်ပြုတ်ပြီး ကလေးတွေနဲ့အတူပျော်ပွဲစားထွက်ပါ။ ကစားကွင်း၊ ပန်းခြံ အတူသွားကြတာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းသွားဆိုတာတွေ လုပ်လို့ရပါတယ်။ အလုပ်တာဝန်၊ကျောင်းတာဝန်တွေ ခဏတာမေ့ပြီး မိသားစုအတူပေါ့ပေါ့ပါးပါးပျော်ရွှင်နိုင်မှာပါ။

Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement