backup og meta

မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ

    ဗိုက်ကတော့ မချောင်သေးဘူး စားစရာ နောက်တစ်ခုခုက ပါးစပ်ထဲရောက်နေပြီ။ တစွတ်စွတ်နဲ့ စားမိနေတာ ဗိုက်လည်းမဆာဘဲနဲ့လေ။ စားမိနေတုန်းတော့ မသိသေးဘူး။ ပြန်စဉ်းစားကြည့်လိုက်ရင် တစ်နေ့တာမှာစားခဲ့မိတာ စုံလို့။ ဒီလိုစားမိတာ အစာအိမ်အတွက်ရော ခန္ဓာကိုယ် ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ ဝိတ်တွေတက်လာမယ်၊ အစာမကြေဖြစ်မယ် စတဲ့ အကျိုးဆက်တွေရှိလာနိုင်တာပေါ့။ ဒါကို ထိန်းချုပ်ဖို့အတွက် ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းခံတော့ သိထားဖို့လိုပါတယ်။ မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ ။

    မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ

    မဆာလည်း စားမိနေတဲ့ အကြောင်းအရင်းတွေက

    • စိတ်ဖိစီးမှု

    စိတ်ဖိစီးတာ ကြာရှည်လာရင် ခန္ဓာကိုယ်မှာ ထွက်လာတတ်တဲ့ cortisol ဟော်မုန်းကြောင့် အစားတွေ ပိုစားမိတတ်တယ်။ စိတ်ဖိစီးမှုက အမြဲလက်တကမ်းမှာ ရှိနေတယ်ဆိုရင် အဲ့ဟော်မုန်းက မြင့်တက်နေပြီး သရေစာတွေပဲဖြစ်ဖြစ် တောက်လျှောက်စားနေမိမှာပဲ။

    • အားမရှိလို့

    ကိုယ်က လုံလုံလောက်လောက် အနားမယူတဲ့အခါ ဆာလောင်မှုကို ဖြစ်စေတဲ့ ghrelin ဟော်မုန်းပမာဏ မြင့်တက်လာပါတယ်။ တချိန်တည်းမှာပဲ ဆာလောင်မှုနဲ့ အစားစားချင်စိတ်ကို လျော့စေတဲ့ leptin ဟော်မုန်းပမာဏက ကျဆင်းသွားပါတယ်။

    ဒီဟော်မုန်းနှစ်မျိုးက ဆာလောင်စိတ်ကို ထိန်းချုပ်ပေးတာပါ။ အနားယူချိန် မလုံလောက်လို့ အားမရှိ၊ နွမ်းနယ်တဲ့အခါ အစာကို ပိုတောင့်တစေပါတယ်။ ဒါ့ကြောင့် ခုလေးတင်စားပြီးတယ် ထပ်စားချင်နေပြန်ပြီဆိုတာမျိုး ဖြစ်လာပါတယ်။

    • စိုးရိမ်ပူပန်မှု

    စိုးရိမ်ပူပန်စိတ်တွေက အစားအသောက်မူမမှန်ခြင်းတွေနဲ့ အရမ်းကို သက်ဆိုင်ပါတယ်။ အများကြီးစားတာက စိုးရိမ်စိတ်တွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့ ကိုယ်ရွေးချယ်တဲ့နည်းလမ်းတစ်ခု ဖြစ်နေနိုင်ပါတယ်။

    မျိုးဗီဇ၊ စိတ်ကျခြင်း၊ စိတ်အပြောင်းအလဲနဲ့ဆိုင်တဲ့ ဝေဒနာကအစ စိတ်ဒဏ်ရာ၊ စွဲလမ်းမှုနဲ့ မူးယစ်ဆေးသုံးတာတွေအထိ တခြားအရာတွေကြောင့်လည်း စိတ်ကိုပြောင်းလဲစေပြီး အစားအသောက်မူမမှန်ဖြစ်စေနိုင်တယ်။

    • အပေါင်းအသင်း

    တစ်ခါတလေ အဖော်ကောင်းလို့လည်း ခဏခဏစားနေမိတတ်ပါတယ်။ လူစုံတာနဲ့ ဆာလည်းစား မဆာလည်းစား၊ စားရင်း စကားပြောရင်းနဲ့ အချိန်ကုန်တတ်ကြတယ်။

  • အရက်
  • အရက်သောက်တတ်တဲ့သူတွေမှာ အစားအသောက်နဲ့ ပတ်သက်တဲ့ ဆင်ခြင်ချင့်ချိန်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ အရက်သောက်သူတွေဟာ အဆီနဲ့ အချိုများတဲ့ အစားအသောက်တွေလိုမျိုး ကျန်းမာရေးနဲ့ မညီတာတွေကို ပိုစားမိလေ့ရှိပါတယ်။

    လေ့လာမှုတွေအရတော့ အရက်သောက်ခြင်းက ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းကို ထိခိုက်စေလို့ အရသာရှိတဲ့ သရေစာတွေကို ငြင်းဆန်နိုင်ဖို့ ခက်ခဲစေပါတယ်တဲ့။

    • အစားအသောက်ပုံတွေ

    ဖေ့စ်ဘုတ်မှာ တွေ့နေရတဲ့ အစားအသောက်ပုံတွေက စားချင်စိတ် မဖြစ်ဖြစ်အောင် ဆွဲဆောင်နေပါတယ်။ ဒီလိုပုံတွေကြောင့်လည်း စားချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး မဆာလည်း အိမ်မှာရှိသမျှ ရှာစားရတဲ့အထိ ဖြစ်လာစေပါတယ်။

    တကယ်ရော ဆာလို့လား…

    တကယ် ဆာလောင်မှုဆိုတာ ဖြည်းဖြည်းချင်းဖြစ်လာပြီး ခဏအောင့်ထားလို့လည်း ရပါတယ်။ အဆာပြေအောင် စားလိုက်ရတယ်ဆိုလည်း စိတ်ကျေနပ်သွားဖို့လွယ်ပါတယ်။ စိတ်က စားချင်လာပြီး မဆင်မခြင် စားတာမျိုးက ရုတ်တရက် ဖြစ်လာတတ်ပြီး အစားအစာ အမျိုးအစား တချို့ကို မက်မက်မောမော တောင့်တနေတတ်ပါတယ်။ ဗိုက်မဆာဘဲ စားမိပြီးကာမှ အပြစ် လုပ်မိသလိုလို၊ နောင်တရ သလိုလိုဖြစ်လာရော။

    မဆင်မခြင်မစားမိအောင် ဘယ်လိုလုပ်ရမလဲ

    စိတ်ကို ဖြေသိမ့်နိုင်မယ့် တခြားနည်းလမ်းတွေကို ရှာပါ။ ဥပမာ အားကစား လုပ်တာ၊ တရားထိုင်တာ၊ မဖြစ်မနေ စားရမယ် ဆိုရင်တောင် ကျန်းမာရေးနဲ့ ညီတာတွေကိုရွေးချယ်ပါ။ သူငယ်ချင်းတွေနဲ့ တွေ့မယ်ဆို အစားအသောက်တွေကြားမှာ မဆုံပါနဲ့။ အပြင်စာတွေ ခဏခဏ ဝယ်စားတဲ့ အကျင့်ကို လျှော့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement