backup og meta

တားမနိုင်ဆီးမရ ငိုပွဲဆင်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တားမနိုင်ဆီးမရ ငိုပွဲဆင်နေပြီလား

    ငိုကြွေးခြင်းဟာ လူတိုင်းရဲ့ မွေးရာပါ အပြုအမူတစ်ခုပါ။ အယုတ်အလတ်အမြတ်မရွေး လူဆိုတဲ့ သတ္တဝါတိုင်းဟာ မွေးကတည်းက ‘အူဝဲ၊ အူဝဲ’ လို့ အော်ဟစ်ငိုကြွေးပြီး လူ့လောကထဲကို ချဉ်းနင်းဝင်ရောက်လာသူတွေချည်းဖြစ်ပါတယ်။

    ဒါပေမယ့် လူအများစုကတော့ ငိုကြွေးတာဟာ ပျော့ညံ့အားနည်းခြင်းရဲ့ လက္ခဏာလို့ ရှုမြင်ကြပါတယ်။ တကယ်တော့ ငိုကြွေးချင်းဟာ စိတ်ခံစားချက်၊ ခန္တာကိုယ် ကျန်းမာရေးတွေနဲ့ သက်ဆိုင်တဲ့ တုန့်ပြန်မှုတစ်ခုသာဖြစ်ပါတယ်။ ငိုကြွေးခြင်းဟာ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းလင်းပေးတာဖြစ်တဲ့အပြင် စိတ်ကျန်းမာရေးအတွက် အကျိုးထူးများစွာကိုလည်း ရရှိစေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

    ဒါပေမယ့် …

    ဟုတ်ပါတယ်။ ကိစ္စတိုင်းမှာ ချွင်းချက်တစ်စုံတစ်ရာတော့ ရှိနေစမြဲပါ။ တစ်ခါတစ်ရံမှာ အကြောင့်မဲ့သက်သက်ပဲဖြစ်ဖြစ်၊ တစ်စုံတစ်ခုသော စိတ်ခံစားချက်လွန်ကဲမှုကြောင့်ပဲဖြစ်ဖြစ် အပြင်းအထန် ငိုကြွေးခဲ့ဖူးကြမှာပါ။

    ဒါပေမယ့် ရပ်သင့် ပြီးဆုံးသင့်တဲ့အချိန်ကို ကျော်လွန်ပြီး နာရီနဲ့ချီကြာအောင် မျက်ရည်တွေဆက်တိုက်ကျဆင်းနေတာမျိုး၊ ဆက်လက်ငိုကြွေးနေမိတာမျိုး ဖြစ်နေပြီဆိုပါတော့။ ဒါဆို ဘယ်လိုအဓိပ္ပါယ်မျိုး သက်ရောက်နေပြီလဲ။ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာရှိနေပြီလား။

    အခြေခံသဘောတရားအနေနဲ့ဆိုရင် ဝမ်းနည်းလို့ပဲ ဖြစ်ဖြစ် ဝမ်းသာလို့ပဲ ဖြစ်ဖြစ် လူတွေဟာ ငိုကြွေးကြပါတယ်။ ဘယ်လိုအကြောင်းအရင်းမျိုးကြောင့်ပဲဖြစ်ဖြစ် စိတ်ထဲမှာ တင်းထားသမျှအရာတွေအားလုံးကို ဖြေလျှော့ချလိုက်ပြီး စိတ်လိုလက်ရငိုကြွေးမိတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။

    ဒီလိုအခြေအနေမျိုးက ငိုလိုက်တယ်၊ ပြီးရင် လူလည်း ပေါ့ပါးသွားတယ်ဆိုတာမျိုး ဖြစ်ကျန်ခဲ့မယ်။ ဒါပေမယ့် တစ်ချို့သော လူတွေကတော့ ဒီလိုမျိုး မကြုံတွေ့ရတတ်ပါဘူး။ ငိုကြွေးပြီးရင်း ငိုကြွေးနေမိတတ်တာမျိုးပါ။ ဒါဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ချို့ စွဲကပ်ခံစားနေရပြီဆိုတဲ့ နိမိတ်သင်္ကေတဖြစ်ပါတယ်။

    ဘာလို့ ဆက်တိုက် ငိုကြွေးနေရတာလဲ?

    လူတစ်ယောက် ငိုကြွေးစေရတဲ့ အကြောင်းပြချက် အမျိုးမျိုးရှိပါတယ်။ ပျော်ပြီး မျက်ရည်ကျတာမျိုးဖြစ်နိုင်သလို စိတ်ခံစားချက်လွန်ကဲတာကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများတာ၊ ဝမ်းနည်းတာနဲ့ ပတ်ဝန်းကျင်က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် မျက်ရည်ကျတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    ဒီလိုအခြေအနေမှာ အလွန်အကျွံငိုကြွေးတာဟုတ်မဟုတ် အကဲဖြတ်နိုင်မယ့် သတ်မှတ်ချက်တစ်ချို့ရှိထားတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ်၊ မျက်ရည် အလွန်အကျွံကျတယ်၊ လိုတာထပ်ပိုပြီး ငိုကြွေးဖြစ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေ ရှိထားပါတယ်။

    အမျိုးသားတစ်ယောက်ဟာ တစ်လမှာ ၁.၃ ကြိမ်နဲ့အထက် အမျိုးသမီးတစ်ယောက်ဟာ တစ်လမှာ ၅.၃ ကြိမ်နဲ့အထက် ငိုကြွေးနေမိပြီဆိုရင် ဒါဟာ သဘာဝနဲ့ ဆန့်ကျင်ပြီး အလွန်အမင်း ငိုကြွေးမိနေတဲ့ လက္ခဏာဖြစ်ပါတယ်။ နောက်ပြီး ငိုကြွေးချိန်ကလည်း ၈ မိနစ်ဝန်းကျင်ကြာမြင့်နေမယ်ဆိုရင်ပေါ့။

    နောက်ပြီး အောက်ပါ လက္ခဏာတွေ ပြသနေပြီဆိုရင်လည်း အလွန်အမင်းငိုကြွေးနေတာလို့ သတ်မှတ်နိုင်ပါတယ်။

    • ကိစ္စသေးသေးလေးတွေအတွက်နဲ့တောင်မှ မျက်ရည်လွယ်နေတတ်တာ၊
    • ပြဿနာတစ်စုံတစ်ရာ ရှိလာတိုင်း အလိုလို မျက်ရည်ကျချင်လာတာ၊
    • ပုံမှန်ထက် အကြိမ်ရေ ပိုမိုများပြားစွာ ငိုကြွေးနေတတ်တာ၊
    • မျက်ရည်စကျပြီးတာနဲ့ ထပ်ခါထပ်ခါ (ဒါမှမဟုတ်) ဆက်တိုက် မျက်ရည်ကျနေတတ်တာတွေပါပဲ။

    ဒီလိုအခြေအနေမျိုးတွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ဖို့ လိုအပ်နေပြီဆိုတဲ့သဘောပါ။ ဒါဟာ စိတ်ဖိစီးမှုနဲ့ တခြားသော စိတ်ခံစားမှုဆိုင်ရာ ပြဿနတွေ ကြုံဆုံနေရတဲ့ သဘောဖြစ်ပါတယ်။

    အောက်ပါဝေဒနာတွေ စွဲကပ်နေမယ်ဆိုရင် အဆက်မပြတ် မျက်ရည်ကျနေတာမျိုး၊ ဆက်တိုက် ဒါမှမဟုတ် မကြာခန ငိုကြွေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    စိတ်ဓာတ်ကျခြင်း (Depression)

    စိတ်ဓာတ်ကျတာဟာ စိတ်အခြေအနေနဲ သက်ဆိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီး အဖြစ်များတဲ့ စိတ်ဝေဒနာတစ်မျိုးပါ။ ဝမ်းနည်းကြေကွဲမှုတစ်စုံတစ်ရာ ကြုံလာရတိုင်း ရက်သတ္တပတ်နဲ့ချီ ခံစားနေရတတ်ပြီး မကြာခန ဒါမှမဟုတ် အဆက်မပြတ် ငိုကြွေးတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

    ဒါ့အပြင် –

    • ဆက်တိုက် ဝမ်းနည်းနေတာ၊
    • ပူဆွေးသောကရောက်နေတာ၊
    • မျှော်လင့်ချက်ကင်းမဲ့တဲ့ ခံစားချက်မျိုး ရှိနေတာ၊
    • တန်ဖိုးမဲ့သလို ခံစားနေရတာ
    • အားအင်ကုန်ခမ်းနေတာ၊
    • အာရုံစူးစိုက်ဖို့ ခက်တာမျိုးတွေ ဆက်တိုက် ခံစားနေရတာတွေဟာလည်း Depression ဖြစ်နေကြောင်း ဖော်ပြနေတဲ့ လက္ခဏာတွေပါပဲ။

    ပူပင်သောကများခြင်း (Anxiety)

    နောက်ထပ် မျက်ရည် အလွန်အမင်းကျစေမယ့် ပြဿနာက ပူပင်သောကများတာပါပဲ။ မလုံခြုံမှုနဲ့ စိတ်သောကများတာတွေကြောင့်လည်း အလွန်အမင်း မျက်ရည်ကျတာမျိုး၊ ငိုကြွေးတာမျိုးတွေ ဖြစ်စေပါတယ်။ အလွန်အမင်း ငိုကြွေးမှုနဲ့ သောကလွန်ကဲတဲ့ စိတ်ဝေဒနာနဲ့ဟာ တိုက်ရိုက် ဆက်စပ်နေတတ်ပါတယ်။

    ဒီဝေဒနာခံစားနေရသူတွေဟာ နေ့တိုင်းနီးပါး ငိုကြွေးတာမျိုး ကြုံရတတ်ပါတယ်။ နောက်ပြီး ပူပင်သောက လွန်ကဲနေသူတစ်ယောက်ဟာ –

    • ထိတ်လန့်ခြောက်ခြားတာ (ဒါမှမဟုတ်) စိတ်ကသိကအောက်ဖြစ်တာ၊
    • အလွန်အမင်း တွေးတောပူပင်တာ၊
    • ကြွက်သားတွေ တင်းကျပ်တာ၊
    • ပင်ပန်းနွမ်းနယ်တာ၊
    • အာရုံစူးစိုက်ဖို့ ခက်ခဲလွန်းနေတာ၊
    • အိပ်ရခက်ခဲနေတာ၊
    • ငိုကြွေးတာနဲ့ ရယ်မောတာကို ထိမ်းချုပ်နိုင်စွမ်း ကင်းမဲ့နေတဲ့ Pseudobulbar affect ခံစားနေရတာတွေဖြစ်ပါတယ်။

    မျက်ရည်ကျတယ်ဆိုသော်ငြား

    ငိုကြွေးတာ၊ မျက်ရည်ကျတာဟာ ယျေဘုယျအားဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ လူ့ခန္တာကိုယ်ရဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ ငိုချလိုက်တာကြောင့်

  • စိတ်ဖိစီးမှုကို သက်သာစေတာ၊
  • စိတ်ထိခိုက်မှုကို ပြေလျော့စေတာ၊
  • ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ပြေလျော့စေတာ၊
  • ခန္တာကိုယ်ထဲက မကောင်းတဲ့ ဓာတ်တွေကို သန့်စင်ပေးတာ၊
  • ပျော်ရွှင်စေတာ
  • အမြင်အာရုံကို အားကောင်းစေတာ၊
  • အနာကျက် စေနိုင်တာ၊
  • အသက်ရှုလမ်းကြောင်းကို သန့်စင်စေတာ၊
  • အိပ်ပျော်စေတာ
  • သွေးတိုးကျစေနိုင်တာ၊ စတဲ့ ကောင်းကျိုးတွေ အများအပြားပေးနိုင်စွမ်းပါတယ်။ဒါပေမယ့် လိုအပ်တာထက် ပိုမိုတဲ့ ငိုကြွေးမှုဝေဒနာကို ဆက်တိုက် ကြုံလာရရင်တော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရတာ သေချာနေပါပြီ။ ဒီလိုအခြေအနေမှာတော့ စိတ်ကျန်းမာရေး အခြေအနေကို စစ်ဆေးပြီး ထိုက်သင့်တဲ့ ကုသမှုတွေ ခံယူဖို့ မဖြစ်မနေလိုအပ်မှာဖြစ်ပါတယ်။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement