Hello ဆရာဝန်ရဲ့ ပရိသတ်တွေထဲမှာ သရဲ တစ္ဆေ ကြောက် တတ်သူတွေ ရှိလား…
သရဲ ဆိုတာနဲ့ ကိုယ့်အရိပ်ကိုယ် ပြန်ကြောက်တတ်တဲ့ သူတွေ လည်း အများသားရယ်နော်။ တစ်ယောက်တည်းများ ရှိနေတဲ့အချိန် စိတ်ခြောက်ခြားပြီး ဘုရားစာတွေ ဖင်ထောင်ရွတ်ရပါရော သူတို့ခမျာ။ ဒီလိုလူတွေများ ကြောက်လန့်စရာ အနေအထား တစ်ခုခုကို အခန့်မသင့်လို့ ရောက်ခဲ့ရတယ်ဆို သရဲမခြောက်ခင် ကြောက်စိတ်နဲ့တင် အသက်ထွက်သွားနိုင်ပါတယ်။ ဒါကြောင့် သရဲကြောက်တတ်သူများ သိထားသင့်တဲ့ အကြောက်ပြေ နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။
သရဲကြောက်တတ်သူများ သိထားသင့်တဲ့ အကြောက်ပြေ နည်းလမ်းလေးတွေ
အကြောက်လွန်တာ၊ လန့်သွားတာတွေကြောင့် ရုတ်တရက် သေဆုံးရနိုင်ပါတယ်။ ဒါ့ကြောင့် သိပ်ကြောက်တတ်တဲ့ သူတွေမှာ ကြောက်စိတ်ကို ထိန်းချုပ်ဖို့လိုပါလိမ့်မယ်။ ဒီအတွက် အကြံကောင်းလေးတွေ ရှိပါတယ် –
ကြောက်တဲ့စိတ်ကို ရင်ဆိုင်ပါ။
လေ့လာမှုတွေအရ ကိုယ့်စိတ်အတွင်းထဲက ကြောက်စိတ်တွေကို ရှောင်ပုန်း၊ ဖုံးကွယ်ထားတာက စိုးရိမ်ပူပန်မှုတွေ၊ ကြောက်ရွံ့မှုတွေကို ပိုအင်အားကြီးစေပါတယ်တဲ့။ သရဲ အကြောင်း နားမထောင်ရဲဘူး၊ တစ်ယောက်တည်း မနေရဲဘူး ဆိုတဲ့ ရှောင်ပုန်းမှုတွေက ကိုယ့်စိတ်ကို ပိုအားနည်းစေပါတယ်။ ဒီအစား တည်ငြိမ်အောင်ထားပြီး တည့်တည့်ရင်ဆိုင်ဖို့ကြိုးစားကြည့်ပါ။ ကြောက်တယ် ဒါပေမဲ့ ဘာလို့ကြောက်တာလဲ –
- ဘာလို့ ဒီလောက်ကြောက်နေတာလဲ တွေးကြည့်ပါ။
- ကိုယ့်ကိုယ်ကိုမေးကြည့် “သရဲရှိနေရင်ရော အဆိုးဆုံး ဘာဖြစ်လာနိုင်မှာလဲ”။ ဂုတ်ချိုးခံရမှာလား၊ ပူးကပ်ခံရမှာလား၊ ကိုယ်သေသွားမှာတဲ့လား။ ကိုယ့်ယုံကြည်ကိုးကွယ်မှုအရရော၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအရရော ယုံကြည်မှုရှိရှိရပ်တည်နေနိုင်တာပဲလေ။
- ဘာလို့ ဒီလောက်ကြောက်နေတာလဲ။ အတွင်းစိတ်ရဲ့ စိုးရိမ်စိတ်တွေကို အခြေခံပြီး ဒီကြောက်စိတ်က ဖြစ်လာတာပါ။ ဥပမာ – တစ်ယောက်တည်းဖြစ်မှာ ကြောက်တာတို့၊ သေမှာကြောက်တာ။
လက်တွေ့ကျကျ မေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးပါ။
တစ်ခါတလေကျ ယုတ္တိမရှိ၊ အကြောင်းအကျိုးမရှိဘဲ စွတ်ကြောက်တာမျိုးတွေရှိတယ်။ သရဲ ခြောက်တတ်တဲ့နေရာလည်းမဟုတ်၊ ကိုယ်လည်းတစ်ခါမှ မကြုံဖူးပါဘဲ နေနေကျ ကိုယ့်ပတ်ဝန်းကျင်မှာကိုပဲ လူတွေရှိတောင် ကြောက်နေတာမျိုး ဖြစ်တတ်ပါတယ်။ တစ်အိမ်လုံး လူတွေရှိနေပါလျက် အိမ်နောက်ဖေးကို ကိုယ်တစ်ယောက်တည်းမသွားရဲတာ၊ အိမ်သာမသွားရဲတာမျိုး။
ဒီလိုအခြေအနေမှာ ကိုယ့်စိတ်ကိုယ် ဒါတွေမေးလိုက်ပါ –
- ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲက သရဲကို ကြောက်နေတာလား။
- သရဲပေါ်လာရင်ရော ငါ့ကို ဘာလုပ်နိုင်မှာလဲ၊ ငါဘာဖြစ်သွားနိုင်လဲ။
- လက်တွေ့ကျကျ တွေးကြည့်ရင် နည်းနည်းဖြစ်ဖြစ် စိတ်သက်သာရာရမှာ သေချာပါတယ်။
တကယ်ရော ရှိလို့လား
ကိုယ့်အတွက် တကယ်ကြောက်စရာမရှိကြောင်း အတွေးတွေနဲ့ ကြောက် စိတ် ကို စတင်ဖြိုခွဲပြီးရင်တော့ နောက်တစ်ဆင့်အနေနဲ့ သရဲတကယ်ရှိမရှိကို သံသယမေးခွန်းပြန်ထုတ်ပါ။ သရဲတကယ်ရှိနေတယ်လို့ ကိုယ်က ဘာလို့ ထင်နေရတာလဲ။
ပြန်စဉ်းစားကြည့်ရင် သရဲ အကြောင်းကြားဖူးသမျှအများစုက သူများတွေရဲ့ တဆင့်ပြောစကားတွေ၊ ရုပ်ရှင်တွေ၊ ဝတ္ထုတွေ ဖြစ်ပြီး ကိုယ်တိုင်ကြုံဖူးခဲ့တာ မရှိသလောက် နည်းနေပါလိမ့်မယ်။ ကိုယ်တိုင် ထူးဆန်းတာကြုံခဲ့တယ်ဆိုရင်တောင် တစ်ခါတလေ တိုက်ဆိုင်မှုကြောင့်ဖြစ်တတ်ပါတယ်။ ရှိလားမရှိလား သုတေသနလုပ်ဖို့မလိုဘူးနော်။ ကိုယ့်စိတ်ကိုယ် အယုံသွင်းဖို့ ပြောတာ။
သရဲကား သိပ်မကြည့်နဲ့။
ကြောက်တယ်သာပြောတာ။ သရဲကားကြိုက်တဲ့သူတွေ ကြည့်လိုက် သရဲကြောက်တဲ့သူတွေချည်းပဲ။ ထိတ်လန့်ခြောက်ခြားရတဲ့အရသာကို သဘောကျကြတယ်လေ။ ဒီအချက်ကို ကြည့်ရင်ပဲ ကိုယ့်ရဲ့အတွင်းစိတ်မှာ ဒီကြောက်စိတ်ကို မွေးမြူထားတာ သတိထားမိမှာပေါ့။
ဒါပေမယ့် ဒီလိုဇာတ်ကားတွေကြည့်နေရင်းပဲ အတွင်းကကြောက်စိတ်ကို လောင်စာဖြည့်၊ မီးစာတို့သလို ဖြစ်နေမှာ စိုးရပါတယ်။ ကြည့်ချင်တယ်ဆိုရင် – ကြောက် အောင် ခြောက်တဲ့ကားတွေထက် ရယ်စရာစွက်ထားတဲ့ သရဲဟာသကားတွေ ကြည့်ပါ။ အပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ကြည့်ပါ။
ကိုယ့်ကိုယ်ကို ယုံကြည်စိတ်သွင်းပါ။
စိုးရိမ်မှုတွေ၊ ကြောက်စိတ်တွေကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းတစ်ခုက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ပျိုးထောင်ဖို့ပါပဲ။ ကိုယ့်ဘဝမှာ ကြိုးစားခဲ့တာ၊ အောင်မြင်ခဲ့တာ၊ လုပ်နိုင်ခဲ့တာတွေ ပြန်တွေးပါ။ ကိုယ်ဖြတ်ကျော်ခဲ့တဲ့ ဘဝလမ်းတလျှောက်မှာ လုပ်ဆောင်နိုင်ခဲ့တာတွေ ကိုယ့်ကိုယ်ကို ပြန်သတိပေးရင်း ယုံကြည်မှုတည်ဆောက်ပါ။ သရဲ တင် မကဘဲ ဘာကိုမှ မ ကြောက် တော့တဲ့ ယုံကြည်မှုတွေ ရှိလာပါလိမ့်မယ်။
[embed-health-tool-bmi]