backup og meta

လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania)

    လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

    လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania) ဆိုတာဘာလဲ

    လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania) ဆိုတာ လိင်စိတ်ဆန္ဒပြင်းပြမှုလွန်ကဲတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုဖြစ်ပါတယ်။ လိင်စိတ်လွန်ကဲမှုဆိုတာ ကိုယ်တိုင် သာယာမှုမရှိဘဲ၊ ထိန်းချုပ်လို့မရနိုင်ဘဲ ၊ကိုယ်တိုင်မလိုလားဘဲ အကြိမ်ကြိမ်ပြုလုပ်မိနေတဲ့ အပြုအမူတွေဖြစ်ပါတယ်။Nymphomania ဖြစ်နေတဲ့သူတွေဟာ အလိုလိုဖြစ်လာတဲ့အာသာဆန္ဒပြင်းပြမှုကိုဖြေဖျောက်ဖို့ လိင်ဆက်ဆံဖော်များခြင်း(promiscuity) လိုမျိုး ရောဂါအန္တရာယ်များတဲ့လုပ်ရပ်တွေလုပ်မိတတ်ပါတယ်။

    ဒီရောဂါဟာ အရွယ်ရောက်ပြီးသူတိုင်းမှာ ဖြစ်နိုင်သလို သူ့ရဲ့လက္ခဏာတွေက လိင်ကိစ္စအပြုအမူတွေအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်းမှာပြဿနာရှိလာခြင်း၊ မလိုလားအပ်တဲ့ အတွေးတွေအကြိမ်ကြိမ်ဖြစ်ပေါ်လာခြင်း(စိတ်စွဲလမ်းခြင်း)၊ ရှက်စိတ်၊အပြစ်ရှိစိတ်နဲ့ ချို့ယွင်းချက်ရှိသလို ခံစားနေရခြင်းတို့ပါဝင်ပါတယ်။

    nymphomania ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကိုတော့ အတိအကျမသိရသေးပါဘူး။ တခြားစိတ်ရောဂါဝေဒနာတွေလိုပဲnymphomania ဟာ ပတ်ဝန်းကျင်၊ မျိုးရိုးအခံ၊ဘဝအနေအထား စတဲ့အချက်တွေရဲ့ ရလဒ်အဖြစ် ခံစားလာရတတ်ပါတယ်။ စိတ်ခံစားမှုနဲ့သက်ဆိုင်တဲ့serotonin, dopamine နဲ့ norepinephrine လို ဦးနှောက်တွင်း neurotransmittersတွေမညီမျှမှု၊ ဦးနှောက်ကို ထိခိုက်စေတဲ့ရောဂါတချို့၊ ဦးနှောက်ရဲ့ အာရုံကြောဆဲလ်လှုပ်ရှားမှုလမ်းကြောင်း( neural circuits)မှာ အပြောင်းအလဲဖြစ်ခြင်းတို့ကလည်းnymphomania အကြောင်းရင်းထဲမှာပါဝင်နိုင်ပါတယ်။

    nymphomania ရဲ့အဖြစ်များတဲ့လက္ခဏာတွေကဘာတွေလဲ

    nymphomania ရဲ့အဓိကလက္ခဏာကတော့ လိင်မှုကိစ္စအာသာဆန္ဒပြင်းပြမှုဖြစ်ပါတယ်။ ဒီရောဂါက တခြားအာသာဆန္ဒပြင်းပြနေတဲ့ စွဲလမ်းမှုပြဿနာတွေ ဒါမှမဟုတ် တခြားစိတ်ဝေဒနာတွေရဲ့လက္ခဏာတွေနဲ့အတူဖြစ်လာနိုင်ပါတယ်။nymphomania လက္ခဏာတွေကိုနေ့တိုင်း သို့မဟုတ် ခဏကြာတိုင်းတစ်ကြိမ်ဖြစ်လာတတ်ပါတယ်။

    • လိင်စိတ်ဆန္ဒကပြင်းထန်လာပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်လို့မရသလို ခံစားလာရခြင်း၊
    • လိင်ဆက်ဆံမှုတွေပြီးဆုံးရင်တောင်မှ စိတ်ကျေနပ်မှုမရှိသလို။ စိတ်မပျော်သလိုခံစားနေရခြင်း၊
    • လိင်ဆက်ဆံမှုကို အထီးကျန်ခြင်း၊စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးမှုတို့လို တခြားပြဿနာတွေရဲ့ ထွက်ပေါက်အဖြစ် သဘောထားခြင်း၊
    • လိင်မှတစ်ဆင့်ကူးစက်နိုင်သောရောဂါများ ကူးစက်ရရှိခြင်း သို့မဟုတ် တခြားသူဆီ ကူးစက်စေခြင်း၊ အရေးပါသော ဆက်ဆံရေးတွေ ပြတ်တောက်ဆုံးရှုံးရခြင်း၊ အလုပ်မှာ အဆင်မပြေခြင်းတို့လို ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာနိုင်တဲ့အထိ လိင်ကိစ္စကို ဆက်လက်လိုက်စားခြင်း၊
    • ကိုယ်က လက်ထပ်ပြီးသား သို့မဟုတ် လက်ထပ်ဖို့ရည်ရွယ်ထားသူရှိနေရင်တောင်မှ စိတ်ချင်းရင်းနှီးဖို့ ဆက်ဆံရေးတည်ဆောက်ဖို့ ခက်ခဲနေခြင်း

    တစ်ခါတစ်ရံမှာ လက္ခဏာတွေက ပိုဆိုးရွားလာနိုင်ပါတယ် –

    • အာရုံစူးစိုက်မရခြင်း
    • ရှက်ရွံ့စိတ်ခံစားရခြင်း သို့မဟုတ် စိတ်ကျေနပ်မှုမရှိခြင်း
    • အပြစ်ရှိစိတ်
    • ထပ်ကာတလဲလဲ ထိန်းချုပ်မရတဲ့အပြုအမူများ(အာသာဆန္ဒပြင်းပြခြင်း)
    • ထပ်ကာတလဲလဲဖြစ်ပေါ်လာသော မလိုလားအပ်တဲ့အတွေးများ(စွဲလမ်းခြင်း)

    အသက် အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်စေနိုင်တဲ့ ပြင်းထန်တဲ့လက္ခဏာများ

    တချို့တွေမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမျိုးတွေ ဖြစ်လာစေတတ်ပါတယ်။အောက်ပါအချက်တွေထဲက တစ်ခုခုဖြစ်လာခဲ့ရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။

    • ထိန်းချုပ်မရတဲ့ ကိုယ့်ရဲ့လိင်မှုကိစ္စ လွန်ကျူးမှုတွေကြောင့် ထိခိုက်မှုတွေဖြစ်လာနိုင်တော့မယ်လို့ ထင်ရတဲ့အခါ
    • ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းပြဿနာ သို့မဟုတ် စိတ်နှစ်ခွဝေဒနာရှိနေပြီး လိင်ကိစ္စလွန်ကျူးမှုကလည်း အတောမသတ်တဲ့အခါ
    • ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့တွေးမိတတ်လာတဲ့အခါ
    • အကြောင်းမဲ့ ခြိမ်းခြောက်ခြင်း၊ အဆုံးစီရင်မယ့်အပြုအမူတွေ အပါအဝင်ကိုယ့်ကိုယ်ကိုယ် သို့မဟုတ် တခြားသူတွေကို အန္တရာယ်ပေးမယ့်အနေအထားဖြစ်လာတဲ့အခါ
    • ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ဖြစ်လာတဲ့အခါ

    ဘယ်သူတွေမှာ ခံစားရနိုင်ခြေပိုများသလဲ

    • အသက် ၃၀ အောက်အရွယ်ရှိသူများ
    • စိတ်ဝေဒနာသည် မျိုးရိုးအခံရှိသူများ
    • လိင်တူစိတ်ဝင်စားသူများ
    • စိတ်ဝေဒနာဖြစ်ဖူးသူများ
    • လောလောလတ်လတ် စိတ်ဒဏ်ရာရစရာအဖြစ်မျိုး ကြုံထားသူများ
    • စိတ်ဖိစီးမှုခံစားရသူများ

    ကုသမှု

    nymphomania အတွက်ပျောက်ကင်းနိုင်တဲ့ဆေးမရှိပေမယ့်အောက်ပါကုထုံးတွေ သုံးလေ့ရှိပါတယ် –

    • တွေးခေါ်ပြုမူနိုင်စွမ်း ကုထုံး (ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့)
    • မိသားစု သို့မဟုတ် လူမှုဆက်ဆံရေး ကုထုံး
    • စိုးရိမ်ပူပန်မှု၊စိတ်ကျဝေဒနာ၊ စိတ်ဝေဒနာတို့အတွက် သောက်ဆေးတွေအပါအဝင် ဆေးဝါးကုထုံး
    • စကားပြောဆို ဖြောင်းဖျခြင်းကုထုံး

    nymphomania ကုသမှုခံယူနေရင်း ဘယ်လိုဆင်ခြင်နေထိုင်မလဲ

    • ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အစာအာဟာရကိုစားသုံးပါ
    • လူမှုရေးလှုပ်ရှားမှုတွေ၊ စိတ်ပျော်ရွှင်စရာတခြားလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ပါ
    • ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ပုံမှန်အိပ်ပါ။
    • မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီက အားပေးအကြံပြုမှုကို ခံယူပါ

    တခြားကုထုံးတွေကတော့ –

    • အပ်စိုက်ကုသခြင်း
    • အနှိပ်ခံခြင်း
    • ဆေးဖက်ဝင်ကုထုံးများ၊ လက်ဖက်ခြောက်ရည်များ၊ အာဟာရဓာတ်စာများနှင့် အလားတူပစ္စည်းများ
    • ယောဂလေ့ကျင့်ခြင်း

    nymphomania ရဲ့နောက်ဆက်တွဲပြဿနာများ

    nymphomania ကို မကုသရင် ဒါမှမဟုတ် မထိန်းချုပ်နိုင်တော့ရင် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေက ဆိုးရွားလာနိုင်ပါတယ်။ ကျွမ်းကျင်သူတစ်ဦးဦးရဲ့ ကုသစောင့်ရှောက်မှုကိုခံယူပြီး ကိုယ်တိုင်လိုက်နာရင်းနဲ့ အောက်ပါဆိုးကျိုး အန္တရာယ်တွေကိုလျှော့ချနိုင်ပါတယ်။

    • စိတ်ကျရောဂါ
    • လှုပ်ရှားလုပ်ဆောင်မှုတွေမှာ ပုံမှန်အတိုင်းမပါဝင်နိုင်တော့ခြင်း
    • လိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါများ ကူးစက်ခံရနိင်ခြင်း(STDs)
    • အလုပ်အကိုင်ပျက်ခြင်း
    • ချစ်သူခင်သူများပစ်ခွာသွားခြင်း
    • လူမှုဆက်ဆံရေးပြဿနာများ
    • ညစ်ညမ်းစာပေ၊အခွေများဝယ်ယူခြင်း၊ လိင်ကြေးစားများအတွက် ငွေကုန်ခြင်းတို့အတွက် အကြွေးပိခြင်း
    • လိင်ပိုင်းစော်ကားမှု စွဲချက်နဲ့ထောင်နန်းစံရနိုင်ခြင်း တို့ဖြစ်လာနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement