backup og meta

သင် စိတ်ဖိစီးတဲ့ စိတ်ဝေဒနာ ခံစားနေရပြီလား


Ye Zon Aung မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် စိတ်ဖိစီးတဲ့ စိတ်ဝေဒနာ ခံစားနေရပြီလား

    စိတ်အားငယ်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုတာဟာ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ဖြစ်နိုင်ချေအမြင့်ဆုံး စိတ်ဝေဒနာတွေထဲမှာ ပါဝင်နေပြီတော့ တစ်ချို့ဝေဒနာရှင်တွေဟာ သူတို့မှာ ဒီဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။ အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊ လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ဖိစီးမှုဝေဒနာခံစားရလေ့ရှိပါတယ်။

    စိတ်ဖိစီးမှုများပြီး စိတ်အားငယ်တာဟာ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။ အဖြစ်များ စိတ်ဖိစီးမှုဝေဒနာ (Major Depression) ၊ နာတာရှည် စိတ်ဖိစီးမှု (Dysthymia) ၊ ချွင်းချက်ဖြင့်ဖြစ်ပေါ်သော စိတ်ဖိစီးမှု (Atypical Depression) ၊ Postpartum Depression ၊ အာရုံထွေပြား စိတ်ဖိစီးမှု (Bipolar Depression) ၊ ပြင်းထန်စိတ်ဖိစီးမှု (Psychotic Depression) ၊ ရာသီအလိုက်ဖြစ်တဲ့ စိတ်ဖိစီးမှု (Seasonal Depression/SAD) ၊ ဆေးယဉ်ပါး စိတ်ဖိစီးမှု (Treatment-Resistant Depression) ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အဆိုပါ ရောဂါဝေဒနာတွေ ကိုယ့်မှာ ရှိနေသလားဆိုတာကို ကြိုတင်သတိထား စောင့်ကြည့်လို့ရပါတယ်။

    အဆိုပါ စိတ်ဝေဒနာအားလုံးဟာ အခြေခံကျတဲ့ ရောဂါလက္ခဏာတွေကို ပြသလေ့ရှိပါတယ်။ ယျေဘုယျအကျဆုံး လက္ခဏာ ၁၀ ခု ရှိတယ်လို့ ကျွမ်းကျင်သူတွေက သရုပ်ခွဲသုံးသပ်ထားကြပါတယ်။ ဘယ်လို လက္ခဏာတွေက စိတ်ဖိစီးမှုဝေဒနာလက္ခဏာတွေလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

    ၁။ စိတ်အားတက်ကြွမှု နည်းပါးလာခြင်း

    စိတ်ဖိစီးမှုဝေဒနာကို ခံစားနေရတဲ့ လူတိုင်းအတွက် ပုံမှန်သူတို့ကို ပျော်ရွှင်စေတဲ့ အရာတွေကတောင် ပျော်ရွှင်တယ်လို့ မခံစားရတော့ပါဘူး။ ပျော်ရွှင်မှုကင်းမဲ့လာတာနဲ့အမျှ စိတ်အားတက်ကြွမှုလည်း နည်းပါးလာမှာဖြစ်ပါတယ်။

    ၂။ ဆုံးဖြတ်ချက်ချမှတ်ဖို့ ခက်ခဲခြင်း

    သုတေသနရလဒ်တွေအရ စိတ်ဖိစီးနေသူတွေ၊ စိတ်အားငယ်နေသူတွေဟာ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ဖင့်နှေးကြလေ့ရှိတယ်လို့ ဆိုပါတယ်။ ပုံမှန်လူတစ်ယောက်ဟာ တစ်နာရီမှာ ဆုံးဖြတ်ချက် ၄ ခုကနေ ၅ ခုလောက်အထိ ချမှတ်နိုင်ကြပေမယ့် စိတ်ဖိစီးမှုဝေဒနာခံစားနေရသူတစ်ယောက်ဟာ သေးငယ်တဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ဖို့အတွက်ကိုတောင်မှ အချိန်ကြာမြင့်စွာ ကုန်ဆုံးတတ်ပါတယ်။

    ၃။ တန်ဖိုးထားမှု ကင်းမဲ့လာခြင်း

    ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ အရည်အသွေးကို သံသယဝင်လာပြီး မိမိကိုယ်ကို တန်ဖိုးထားမှုကင်းမဲ့လာတာ၊ သံသယဝင်လာတာ၊ အဆိုးမြင်လာတာတွေကလည်း စိတ်ဖိစီးမှုရဲ့ ဝေဒနာ လက္ခဏာတွေဖြစ်ပါတယ်။

    ၄။ အပြစ်ရှိသလို ခံစားလာရခြင်း

    စိတ်ဖိအားများနေသူတွေဟာ စိတ်ဆိုးဒေါသထွက်တာ၊ မမျှမတတွေတာတွေပြုမူတတ်ပြီး မိမိကိုယ်ကို အပြစ်ရှိနေသူတစ်ဦးလို အမြဲခံစားနေတတ်ပါတယ်။ အကျိုးအကြောင်းသင့်လျော်တဲ့ အကြောင်းပြချက်ရှိနေခဲ့မယ်ဆိုရင်တောင်မှ သူတို့ရဲ့ အပြစ်ရှိသလို ခံစားချက်ကို ဖယ်ရှားဖို့ မလွယ်ကူပါဘူး။

    ၅။ စိတ်ဆိုးဒေါသထွက်လွယ်ခြင်း

    လူတွေဟာ စိတ်ဖိစီးမှုများလေလေ စိတ်မရှည်လေ၊ စိတ်ဆိုးဒေါသထွက်လွယ်လေလေဖြစ်ပါတယ်။ နေ့စဉ်လူမှုဘဝရဲ့ စိတ်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အခက်အခဲတွေပိုမိုများလာပြီး အဆိုပါ အဆင်မပြေမှုတွေကြောင့်ပဲ ပိုပိုစိတ်တိုလာကာ သံသရာလည်နေတတ်ပါတယ်။ တစ်ချို့တွေအတွက်ဆိုရင် ကျန်းမာရေးကို ထိခိုက်လာစေတဲ့အထိ ဒေါသတွေကြီးမားနေတတ်တာပါ။

    ၆။ ပူပင်သောကများခြင်း

    စိတ်ဖိစီးမှုများနေတဲ့လူတွေဟာ အမှားတွေကြားမှာပဲ နစ်မြုပ်နေတတ်သူတွေဖြစ်လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ပူပင်သောကများနေတတ်တာကြောင့်ဖြစ်ပါတယ်။ ပြဿနာတွေအပေါ် အလွန်အမင်း အာရုံစိုက်နေမိမယ်၊ အစာစားချင်စိတ်ပျောက်ဆုံးနေမယ်၊ ရုပ်ပိုင်းဆိုင်ရာအရ နာကျင်မှုတွေ ကြုံနေရမယ်၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေမယ်။ ဒီလိုလက္ခဏာမျိုးတွေဟာလည်း ပူပန်သောကများနေတဲ့ လက္ခဏာမျိုးဖြစ်ပါတယ်။

    ၇။ သတ်သေလိုစိတ် ပေါ်လာခြင်း

    စိတ်ဖိစီးမှုလွန်ကဲလာရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့ ပြဿနာက အမြဲလိုလိုကပ်ပါလာတတ်ပါတယ်။ ဘဝဟာနေပျော်စရာမရှိတော့ဘူးလို့ ထင်မြင်ယူဆလာပြီး ဘဝကို အဆုံးသတ်ချင်စိတ် မကြာခနပေါ်လာနေပါလိမ့်မယ်။ ဒါဟာ အရေးပါတဲ့ အဆင့်တစ်ခုဖြစ်ပြီး ခုလို ခံစားလာရပြီဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ မဖြစ်မနေလိုအပ်နေပြီဖြစ်ပါတယ်။

    ၈။ ရာသီသွေးဆင်းချိန် မမှန်တော့ခြင်း

    စိတ်ရောဂါဝေဒနာ လက္ခဏာရှိနေသူတွေကို လေ့လာချက်တွေအရ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုများလာချိန်တွေမှာ ရာသီသွေးဆင်းမှု အချိန်မမှန်တာမျိုး ပုံမှန်ဖြစ်ပျက်လေ့ရှိတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုကြောင့် ခန္တာကိုယ်တွင်းမှာ လိုအပ်တဲ့ မဟိုမုန်းထုတ်လွှတ်မှု မူမမှန်ဖြစ်ပြီး ခုလို သွေးဆင်းချိန်မမှန်ဖြစ်ရတာဖြစ်ပါတယ်။

    ၉။ အိပ်မပျော်ခြင်း

    စိတ်ဝေဒနာအမျိုးအစားပေါင်းများစွာရဲ့ ရောဂါလက္ခဏာတွေထဲမှာ အိပ်မပျော်တာ၊ အိပ်စက်ချိန်စိတ်မရှိတာနဲ့ အိပ်ချိန်မမှန်တာတွေဟာ အမြဲတစေ တွေမြင်ရတတ်တဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်။

    ၁၀။ ရုပ်ပိုင်းဆိုင်ရအရ နာကျင်မှုဝေဒနာများ ခံစားလာရခြင်း

    ဘာထိခိုက်မှုမှ မရှိပါပဲနဲ့ စိတ်ထဲမှာ ဟိုနေရာ နာနေသလိုလို ဒီနေရာက စပ်နေသလိုလို ခံစားချက်မျိုးဖြစ်ပေါ်နေတတ်ပါတယ်။ ဒါ့အပြင် ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ နဲ့ ရင်ဘတ်အောင့်တာတွေလည်း ခံစားရတတ်ပါတယ်။ ဒီဝေဒနာဟာ ဒီလို လက္ခဏာမျိုးကလည်း စိတ်ဖိစီးမှုများနေတဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement