မိန်းမကိုယ်မှာဖြစ်နိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်မယ်

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အမျိုးသမီးတိုင်းက အလှအပကိုမြတ်နိုးတတ်ကြသူတွေပါ။ တစ်ကိုယ်လုံးကျန်းမာလှပနေအောင်ဂရုစိုက်ဖို့ကို ငယ်ငယ်ကမေမေတွေက တာဝန်ယူထားပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့မေမေကလမ်းညွှန်သူအဖြစ်ရောက်သွားပြီး ကိုယ်တိုင်ကိုယ်ကျဂရုစိုက်ရတာက ကိုယ်ကိုယ်တိုင်ပါ။မေမေတွေက သမီးချောလေးတွေအဖြစ် ကြီးပြင်းလာစေဖို့ အစစအရာရာ ဂရုစိုက်ပေးကြပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတာနဲ့ အမျှမေမေ့ကိုတောင် ဖွင့်တိုင်ပင်ဖို့ ခက်တဲ့ပြဿနာတွေရှိလာနိုင်ပါတယ်။ အရှက်ကြီးတတ်တဲ့ မိန်းကလေးရဲ့သဘာဝကြောင့် ဖွင့်တိုင်ပင်ဖို့ ခက်ခဲတတ်တဲ့ပြဿနာလေးတွေကို ဒီဆောင်းပါးကဖြေရှင်းပေးနိုင်မှာပါ။

မိန်းကလေးတစ်ယောက်အရွယ်ရောက်လာတဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရသလို မိန်းမကိုယ်လေးကျန်းမာဖို့ကိုလည်းသေချာဂရုစိုက်ရပါတယ်။ မိန်းကလေးတစ်ယောက်ပြည့်ပြည့်ဝဝကျန်းမာလှပဖို့ဆိုရင် ပုံမှန်ရာသီသွေးဆင်းဖို့လိုသလို မိန်းမကိုယ်က အနံ့အသက်ဆိုးကင်းစင်ပြီးရောဂါပိုးကူးစက်ခံရတာတွေကင်းဖို့လည်းလိုမှာပါ။ တစ်ခါတလေမှာ မိန်းမကိုယ်က ဆင်းတဲ့အရည်တွေက နံနေတာမျိုး၊ အရောင်ပြောင်းနေတာမျိုးဖြစ်မယ်ဆိုရင်ရောဂါပိုးကူးစက်ခံထားရတာမျိုးဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ ကုသမှုခံယူတာမျိုးလုပ်ဖို့လိုနိုင်ပါတယ်။ ဒီလိုအချိန်မှာ အခြားသူတွေကိုမေးမြန်းရမှာခက်နေတယ်ဆိုရင်တော့ ကိုယ်တိုင်ဖတ်ကြည့်လိုက်ပါ။

ဒီအချက်တွေကြောင့် မိန်းမကိုယ်မှာရောဂါပိုးတွေကူးစက်တာမျိုးဖြစ်နိုင်ပါတယ်

သင်ဟာ –

  • ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်နေမယ်ဆိုရင်
  • ဆီးချိုရောဂါရှိနေသူဆိုရင်
  • ကိုယ်ခံအားနည်းနေမယ်ဆိုရင်
  • ပဋိဇီဝဆေးတစ်ခုခုသောက်သုံးနေရတာဆိုရင်
  • အက်စထရိုဂျင်ဟော်မုန်းပါဝင်မှုများတဲ့ သန္ဓေတားဆေးကို အသုံးပြုနေတာဆိုရင်
  • မိန်းမကိုယ်ကို အက်ဆစ်ခပ်ပြင်းပြင်းပါတဲ့ ပစ္စည်းတွေနဲ့ အသုံးပြုပြီး သန့်စင်ဆေးကြောမိတာတွေကြောင့် မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်နိုင်သလို အတွင်းခံ သန့်ရှင်းမှုအားနည်းတာ၊သေချာမခြောက်သွေ့တဲ့ အတွင်းခံကို ဝတ်ဆင်မိတာတွေကြောင့်လည်း မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ လိင်ဆက်ဆံမှုကနေတဆင့်လည်းရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ မိန်းကလေးတွေအများဆုံးကြုံတွေ့ရတဲ့ပြဿနာတစ်ခုက မိန်းမကိုယ်မှာ မှိုပိုးကူးစက်ခံရမှုပါ။

မိန်းမကိုယ်မှာရောဂါပိုးကူးစက်ခံရနိုင်ခြေကို ဘယ်လိုလျှော့ချမလဲ

အခုပြောပြမယ့် ရိုးစင်းတဲ့နည်းလမ်းတွေက မိန်းမကိုယ်မှာရောဂါပိုးကူးစက်ခံရနိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။

  • ချည်သားနဲ့လုပ်ထားတဲ့ အတွင်းခံတွေကိုပဲ အမြဲဝတ်ဆင်ပေးပါ
  • မိန်းမကိုယ်အတွင်းပိုင်းကို အလွန်အကျွံသန့်စင်ဆေးကြောတာမျိုးမလုပ်ပါနဲ့
  • ရောဂါကို သက်သာစေမယ့်ဆေးတစ်ခုခုသောက်သုံးပေးပါ
  • ရောဂါလက္ခဏာတွေ မသက်သာမချင်း လိင်ဆက်ဆံတာမျိုးမလုပ်ပါနဲ့
  • ဆပ်ပြာတွေသုံးပြီး သန့်စင်ဆေးကြောတာမျိုးမလုပ်ပါနဲ့
  • အနံ့ပြင်းလွန်းတဲ့ တစ်သျှူးတွေမသုံးပါနဲ့
  • အချိန်အကြာကြီး အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ်ဝတ်ဆင်ထားတာမျိုးမလုပ်ပါနဲ့
  • လစဉ်သုံးပစ္စည်းတွေကို ပုံမှန်လဲလှယ်ပေးပါ
  • အတွင်းခံကိုသေချာလျှော်ဖွတ်ပေးပါ။နေရောင်နဲ့ကောင်းကောင်းခြောက်သွေ့အောင်လှမ်းပါ
  • သန့်ရှင်းရေးလုပ်တဲ့အခါ လက်ကို အရှေ့ဘက်ကနေ အနောက်ဘက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ဆေးကြောပေးပါ။

ဒီရောဂါတွေကနေကင်းစင်စေဖို့ဆိုရင် မိန်းမကိုယ်ကိုခြောက်သွေ့မှုမရှိအောင် အစိုဓါတ်ထိန်းပေးပြီး pH ပမာဏကို ထိန်းညှိပေးတဲ့ သန့်စင်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ အမျိုးသမီးသန့်စင်ဆေးရည်တွေက အနံ့အသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတာကြောင့် မိန်းမကိုယ်ယားယံတာ၊ အနံ့အသက်ဆိုးဖြစ်တာ နဲ့ အဖြူဆင်းတာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

ဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါ တတ်သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး သင့်တော်မယ့် ကုသမှုကိုခံယူဖို့လိုအပ်ပါမယ်။ရောဂါအခြေအနေကိုလိုက်ပြီး ကုသမှုနဲ့ဆေးညွှန်းလည်း ကွာခြားနိုင်တာကြောင့်ပါ။

ဒီလိုအခြေအနေတွေဖြစ်ရင် ဆရာဝန်နဲ့ပြသပေးပါ

အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေကိုလိုက်နာနေပေမယ့် မိန်းမကိုယ်မှာ မှိုပိုးကူးစက်ခံရမှုက မသက်သာဘဲဖြစ်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသကြည့်ပေးပါ။

  • သင့်အနေနဲ့ မှိုပိုးကူးစက်ခံရတာက ပထမဆုံးအကြိမ်ဖြစ်နေမယ်ဆိုရင်
  • ဆေးတွေသောက်နေ၊ဆေးလူးနေပေမယ့် သက်သာပျောက်ကင်းတာမျိုးမရှိဘူးဆိုရင်
  • သင့်အနေနဲ့ မိန်းမကိုယ်မှာ ရောဂါပိုးကူးစက်တာက ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ အကြောင်းအရင်းကိုသေသေချာချာမသိဘူးဆိုရင်
  • အခြားနောက်ဆက်တွဲပြဿနာတွေပါဖြစ်လာပြီဆိုရင်
  • မကြာခဏဆိုသလို မှိုပိုးကူးစက်ခံရမှြုဖစ်နေပြီဆိုရင်
  • မိန်းမကိုယ်က ဆင်းတဲ့ အရည်တွေ အချွဲတွေက အဝါရောင်ရင့်ရင့်တွေဖြစ်ပြီး နံနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသတာက အကောင်းဆုံးဖြစ်မှာပါ။

ကျန်းမာပျော်ရွှင်လန်းဆန်းတဲ့လေဒီလေးတစ်ယောက်အနေနဲ့နေ့ရက်တိုင်းကိုပေါ့ပေါ့ပါးပါးဖြတ်သန်းလိုက်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။