backup og meta

ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်

    မိန်းကလေးတိုင်းရဲ့ စိတ်ကူးထဲမှာ ထက်မြက် ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ချင်စိတ်က အမြဲရှိနေတာပါ။ တော်ရုံ လှရုံတင်မဟုတ်ပါဘူး။ ကျန်းမာချင်စိတ်လည်း ရှိနေတာပါ။

    ကျန်းမာပြီး လှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်တော့ ထင်သလောက်မလွယ်ကူပါဘူး။ ဒီလိုအမျိုးသမီးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် နေ့စဉ်လိုက်နာရမယ့် နည်းလမ်းတွေရှိပါတယ်။

    ဟော်မုန်းညီမျှအောင်၊ အသားအရေလှအောင်၊ ရေဓာတ်ပြည့်ဝအောင်၊ ကိုယ်ခံအားကောင်းအောင်၊ စိတ်ဖိစီးမှုနည်းအောင် လိုက်နာရမယ့်နည်းလမ်းတွေပေါ့။ ဒီလိုအကျိုးတရားတွေကို ရနိုင်ဖို့ အမျိုးသမီးတွေ နေ့စဉ်လိုက်နာသင့်တဲ့ ရိုးရှင်းတဲ့ နည်းလမ်း ၉ ခုကို ဖော်ပြပေးချင်ပါတယ်။

    ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်

    သဘာဝအစားအစာတွေကို အဓိက စားပါ

    နေ့စဉ်ကျန်းမာဖို့ဆိုရင် အာဟာရပြည့်ဝအောင် စားသောက်ဖို့လိုအပ်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် ကျန်းမာစေမှာဖြစ်သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုလည်း လုံလုံလောက်လောက်ရရှိမှာမို့ အလှအပအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။

    မနက်ခင်းတိုင်းမှာ သံပုရာရည်နဲ့ Probiotics မှီဝဲပါ

    သံပုရာသီးမှာပါဝင်တဲ့ ဗီတာမင် C က ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမှာဖြစ်သလို Probiotics ကတော့ အစာခြေစနစ်ကို အားကောင်းစေမှာပါ။ ဒါ့အပြင် သံပုရာရည်ဖြစ်တာမို့ ရေဓာတ်မဆုံးရှုံးအောင် ကူညီပေးနိုင်ပါတယ်။ Probiotics ကိုပုံမှန်မှီဝဲတဲ့အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်းနဲ့ လိင်အင်္ဂါမှာ ကူးစက်ရောဂါတွေဖြစ်မလာအောင်လည်း တားဆီးပေးနိုင်တယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။

    မနက်ခင်း စောစောပိုင်းမှာ ၁၀ မိနစ်လောက် တရားထိုင်ပါ

    စိတ်တည်ငြိမ်မှုအတွက် တရားထိုင်ပေးတာက နည်းလမ်းကောင်းပါ။ အသက်ရှူလေ့ကျင့်ခန်းလို့ သတ်မှတ်မယ်ဆိုလည်း ရပါတယ်။ ၁၀ မိနစ်ဝန်းကျင်လောက် နေ့စဉ်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ စိတ်တည်ငြိမ်မှုကို ပေးသလို အဆုတ်ကိုလည်း အားကောင်းစေမှာဖြစ်ပါတယ်။ စိတ်ငြိမ်းချမ်းမှုဟာ Stress တွေကို ကင်းဝေးစေမှာမို့ ကိုယ်ခံအားကောင်းမွန်စေကာ အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးဦးမှာပါ။

    အိပ်ရေးဝဝ အိပ်ပါ

    တစ်န့ကို ၇-၈ နာရီဝန်းကျင် အိပ်စက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ နောက်ပြီး ည ၁၁ နာရီထက်နောက်မကျပဲ အိပ်ရာဝင်ဖို့လည်း လိုအပ်ပါတယ်။ အိပ်ရေးဝဝအိပ်စက်သူတွေဟာ အသားအရေလှပမှုနဲ့ တခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီးတော့ ကိုယ်အလေးချိန်လည်း လျော့ကျစေမှာပါ။

    နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ

    တစ်နေ့ကို မိနစ် ၃၀ လောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ Gym သွားပြီး လေ့ကျင့်ခန်းလုပ်တာမျိုးသာမက နေအိမ်မှာ ကိုယ်နဲ့ကိုက်ညီတဲ့လေ့ကျင့်ခန်းတစ်ခုခုကို လုပ်တာမျိုး၊ လမ်းလျှောက်တာ၊ ပြေးတာမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ ထိရောက်စွာ အကျိုးရှိစေပါလိမ့်မယ်။

    သကြားလျှော့စားပါ

    ကျန်းမာလှပတဲ့ အမျိုးသမီး ဖြစ်ချင်တယ်ဆိုရင် အချိုတွေစားတာ လျှော့ဖို့လိုအပ်ပါတယ်။ တတ်နိုင်သမျှ သကြားနဲ့ သကြားပါဝင်နေတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့ တိုက်တွန်းချင်ပါတယ်။ သကြားကို များများမှီဝဲလေလေ သွေးတိုး၊ ဆီးချို နှလုံးနဲ့ အဝလွန်တာလိုရောဂါတွေဖြစ်နိုင်လေလေပါပဲ။

    ရေဓာတ်ပြည့်ဝအောင်နေပါ

    ရေဓာတ်ပြည့်ဝနေရင် အသားအရေလေးက စိုပြေဝင်းပနေမှာပါ။ ဒါကြောင့် နေ့စဉ် ရေများများသောက်ဖို့နဲ့ ရေဓာတ်ပါဝင်တဲ့ အစားအစာတွေကို မှီဝဲဖို့ တိုက်တွန်းရတာဖြစ်ပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်လောက် သောက်ပေးသင့်ပါတယ်။

    အစားအသောက်အပျက်မခံပါနဲ့

    အစားအသောက်ကို အချိန်မှန်စားပါ။ ဖြစ်နိုင်ရင် အချိန်ဇယား သတ်မှတ်ပြီး သတ်မှတ်ထားတဲ့အချိန်မှာ မဖြစ်မနေစားပါ။ ကျန်းမာစေဖို့ဆိုရင် အစားအစာကို နည်းနည်းနဲ့ ခဏခဏခွဲစားပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ တစ်နေ့ကို ၅-၆ ကြိမ်လောက် နည်းနည်းစီ ခွဲပြီးစားပေးတာက တစ်ခါတည်း အများကြီးစားတာထက် ပိုပြီး လူကို ကျန်းမာစေပါတယ်။ နောက်ပြီး အိပ်ရာဝင်ခါနီး ၃ နာရီအလိုမှာ ဘာမှမစားတော့ဖို့လည်း မှာချင်ပါရဲ့။

    အချိန်ကုန်သက်သာအောင် နည်းပညာထုတ်ကုန်တွေကို သုံးပါ

    နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ရာမှာ အချိန်ကုန်လူပန်းမဖြစ်အောင် နည်းပညာထုတ်ကုန်တွေဖြစ်တဲ့ ကွန်ပျူတာ၊ စမတ်ဖုန်း၊ အင်တာနက်၊ တက်ဘ်လက်တွေကို အသုံးချသင့်ပါတယ်။ စိတ်ရောလူရော ပင်ပန်းလာတဲ့အခါ စိတ်ဖိစီးမှုလည်း စွဲကပ်လာတတ်ပြီး နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပါထိခိုက်လာတတ်တာကြောင့်ဖြစ်ပါတယ်။

    အမျိုးသမီးများ ကျန်းမာလှပနေစေဖို့

    • သဘာဝအစားအစာတွေကို စားသုံးပါ။
    • Probiotics မှီဝဲပါ။
    • တရားထိုင်ပါ။
    • အိပ်ရေးဝဝအိပ်ပါ။
    • လေ့ကျင့်ခန်းလုပ်ပါ။
    • သကြားလျှော့စားပါ။
    • ရေများများသောက်ပါ။
    • အချိန်မှန် စားပါ။
    • စိတ်ဖိစီးမှုနည်းအောင် နေပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement