brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အိပ်နေရင်း ဟောက်တတ်သူတွေ နှလုံးရောဂါ အန္တရာယ် သတိထားပါ

လူအများစုဟာ အိပ်ပျော်နေစဉ်မှာ ဟောက်တတ်ကြပါတယ်။ ဒါကြောင့်လည်း ဟောက်တာဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုအဖြစ် မှတ်ယူထားတတ်ကြပါတယ်။ ဒါပေမယ့် အိပ်နေစဉ်မှာ ဟောက်ရတဲ့ အကြောင်းအရင်းရှိပါတယ်။

အိပ်နေရင်း ဟောက်တတ်သူတွေ နှလုံးရောဂါ အန္တရာယ် သတိထားပါ

ဟောက်တာဟာ အိပ်ပျော်နေစဉ်မှာ အသံဆူညံစွာနဲ့ အသက်ရှူမိတာဖြစ်ပါတယ်။ ယခင်တုန်းကတော့ ကျန်းမာရေးပြဿနာတစ်ခုအဖြစ် မမြင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒီကနေ့ခေတ်မှာတော့ ဟောက်ခြင်းနဲ့ ဆက်နွယ်ပြီး ကျန်းမာရေးဆိုင်ရာပြဿနာတွေရှိလာတာကို သိလာကြရပြီဖြစ်ပါတယ်။

ဒီထဲက ကျန်းမာရေးပြဿနာတစ်ခုကတော့ အိပ်ဟောက်အသက်ရှူရပ်ရောဂါ (Obstructive Sleep Apnea) လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ အိပ်ပျော်နေစဉ်နဲ့ ဟောက်သံထွက်ပေါ်နေစဉ်အတွင်း အသက်ရှူရပ်ပြီး အသက်ဆုံးပါးသွားနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။

Obstructive Sleep Apnea ဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း မြင့်မားသွားစေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဒါ့အပြင် အရက်စွဲတာနဲ့ Metabolic Syndrome (ဇီဝကမ္မဖြစ်ပျက်မှု မူမမှန်ခြင်း) တွေကြောင့်လည်း Obstructive Sleep Apnea ဝေဒနာ စွဲကပ်နိုင်ပါတယ်။

နှလုံးကို ထိခိုက်စေတဲ့ Obstructive Sleep Apnea

Obstructive Sleep Apnea ခံစားနေရသူအများစုဟာ သူတို့မှာ ဒီဝေဒနာရှိနေတာကို သိရှိကြခြင်းမရှိကြပါဘူး။ အိပ်နေစဉ် သာမန်ဟောက်တယ်လို့ပဲ ယူဆထားကြတာပါ။ ဒါကြောင့် ကုသမှုတွေ နှောင့်နှေးတာမျိုး၊ လုံးမဝကုသမိတာမျိုးတွေအဖြစ်များပြီး နှလုံးရောဂါစွဲကပ်ချိန်မျိုးမှာမှ ရောဂါအကြောင်းအရင်းကို နောက်ကျစွာ သိရှိရတတ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့

အမေရိကန်နှလုံးရောဂါအသင်းနဲ့ ဘာမင်ဂမ်တက္ကသိုလ်တို့ရဲ့ ပူးပေါင်းလေ့လာချက်အရဆိုရင် Obstructive Sleep Apnea ဝေဒနာစွဲကပ်နေသူတွေရဲ့ နှလုံးတွေဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ ဖွဲ့စည်းပုံပျက်ယွင်းလာတတ်ပြီး အလုပ်လုပ်ဆောင်ပုံလည်း မူမမှန်ဖြစ်လာတယ်လို့ ဆိုထားပါတယ်။

ယခင်တုန်းကတော့ Obstructive Sleep Apnea ကြောင့် ဖြစ်နိုင်ခြေအများဆုံး နောက်ဆက်တွဲရောဂါက သွေးတိုးဝေဒနာလို့ မှတ်ယူထားခဲ့ကြပေမယ့် ခုအခါမှာတော့ နာတာရှည်နှလုံးရောဂါဟာ အဖြစ်အများဆုံးဆိုတာကို သိလာကြရပါပြီ။

လေ့လာချက်တွေအရ Obstructive Sleep Apnea ဝေဒနာစွဲကပ်နေသူတွေရဲ့ ၄၇% ကနေ ၈၃% အထိဟာ နောက်ဆက်တွဲ နာတာရှည်နှလုံးရောဂါခံစားရလေ့ရှိပြီး ၁၂% ကနေ ၅၃% အထိကတော့ နှလုံးဖောက်ပြန်တဲ့ ဝေဒနာခံစားရလေ့ရှိပါတယ်။ နောက်ဆက်တွဲအနေနဲ့ သွေးတိုးဝေဒနာ စွဲကပ်သူက ၃၅% သာရှိပါတယ်။

ဒါကြောင့် မိမိဟာ အလွန်အမင်းဟောက်တတ်နေပြီး ကိုယ်အလေးချိန်မြင့်မားတာမျိုး၊ အရက်သေစာ စွဲလန်းနေတာမျိုးတွေ ရှိနေမယ်ဆိုရင် Obstructive Sleep Apnea ရောဂါရှိနေမနေ စစ်ဆေးဖို့ လိုအပ်ပါတယ်။

နောက်ဆက်တွဲ ပြဿနာများ

Obstructive Sleep Apnea ရောဂါဖြစ်ပွားနေသူတစ်ယောက်မှာ နှလုံးရောဂါအပြင် နောက်ဆက်တွဲကျန်းမာရေး ပြဿနာအများအပြား ဆက်လက်စွဲကပ်နိုင်ပါသေးတယ်။ ဒါတွေကို အလွယ်တကူမှတ်ယူနိုင်ဖို့ အတိုကောက်အားဖြင့် HEARTS လို့ ခေါ်ပါတယ်။

  • H: Heart Failure (နှလုံးပျက်စီးခြင်း)
  • E: Elevated Blood Pressure (သွေးတိုးမြင့်တက်ခြင်း)
  • A: Atrial fibrillation (နှလုံးခုန်နှုန်း မူမမှန်ခြင်း)
  • R: Resistant hypertension (ထိန်းချုပ်ရခက်တဲ့ သွေးတိုးရောဂါခံစားရခြင်း)
  • T: Type 2 diabetes (အမျိုးအစား-၂ ဆီးချိုဝေဒနာ စွဲကပ်ခြင်း)
  • S: Stroke (လေသင်တုန်းဖြတ်ခြင်း)

စတာတွေပါပဲ။ သတိထားသင့်တာကတော့ Obstructive Sleep Apnea ဟာ သွေးတိုးနဲ့လည်း အထူးတလည် ဆက်စပ်နေပြီး သွေးတိုးရှိသူတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ဒီဝေဒနာရှိနေပါတယ်။ ထိန်းချုပ်ရခက်တဲ့ သွေးတိုးရောဂါ ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဆိုရင်လည်မမှားပါဘူး။

ဒါ့အပြင် Pulmonary Hypertension (နှလုံးနဲ့ အဆုတ်ကို ဆက်သွယ်ထားတဲ့ သွေးကြောလေးတွေကျဉ်းပြီး ဖြစ်လာတဲ့သွေးတိုး)၊ Edema (ခြေထောက်ဖောရောင်ခြင်း) နဲ့ ကျောက်ကပ်ရောဂါတွေလည်း ခံစားရနိုင်ပါသေးတယ်။

Obstructive Sleep Apnea နဲ့ သူ့ကြောင့်ဖြစ်ပေါ်လာမယ့် နာတာရှည်နှလုံးရောဂါအပါအဝင် နောက်ဆက်ဆွဲပြဿနာတွေကို တားဆီးဖို့ဆိုရင် ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ အရက်သောက်သုံးမှုကို ရှောင်ရှားဖို့က အလွန်အမင်းအရေးကြီးပါတယ်။ ဒီနှစ်ချက်ဟာ အဆိုပါဝေဒနာကို တားဆီးဖို့အတွက် အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ရင်လဲ CPAP (အောက်ဆီဂျင်ပေးစက်မျိုး) လို့ခေါ်တဲ့ Sleep Machine တွေကို ဆရာဝန်လမ်းညွှန်ချက်နဲ့ အသုံးပြုတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။