backup og meta

ညဘက်ကောင်းကောင်း အိပ်ပျော် စေဖို့ ဒီအချက်တွေလိုက်နာစို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဘက်ကောင်းကောင်း အိပ်ပျော် စေဖို့ ဒီအချက်တွေလိုက်နာစို့

    ကျွန်မတို့အားလုံးနီးပါးဟာ တစ်ခါတရံမှာ အိပ်မပျော်တဲ့ညတွေကို ပိုင်ဆိုင်ဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ညပေါင်းများစွာ ဆက်တိုက်ဆိုသလို အိပ်မပျော်ဖြစ်နေရင်တော့ သင့်အနေနှင့် အကြောင်းရင်းကို အဖြေရှာပြီး အိပ်ပျော် အောင်ကြိုးစားသင့်နေပါပြီ။ ဒီဆောင်းပါးလေးမှာတော့ အိပ်မပျော်ခြင်းကို သက်သာစေမယ့် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ညဘက်ကောင်းကောင်း အိပ်ပျော် စေဖို့ ဒီအချက်တွေလိုက်နာစို့

    (၁) ညဘက် ပုံမှန်အိပ်စက်ချိန် ထားပါ။

    ကျန်းမာသောလူတစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်ညကို အနည်းဆုံး(၇)နာရီအိပ်စက်ဖို့လိုပါတယ်။ ညစဉ်ပုံမှန်အိပ်စက်ချိန်ထားပြီး ညတိုင်းအချိန်အတိအကျမှာ အိပ်ရာဝင်ဖို့ ကြိုးစားပါ။ တကယ်လို့ အိပ်ရာပေါ်ရောက်ပြီး မိနစ်၂၀အတွင်းမှာ အိပ်မပျော်သေးဘူးဆိုရင်တော့ ခဏထပြီး သီချင်းနားထောင်တာမျိူး စာဖတ်တာမျိူး လုပ်နိုင်ပါတယ်။ အနည်းငယ်ပင်ပန်းလာပြီဆိုရင်တော့ သူ့အလိုလိုအိပ်ပျော်သွားပါလိမ့်မယ်။

    (၂) တစ်နေ့တာ စားသောအစားအသောက်များကို ပြန်လည်ဆန်းစစ်ပါ။

    အိပ်ရာဝင်ခါနီးမှာ ဗိုက်ဟောင်းလောင်းဖြစ်နေတာမျိုးရော ဗိုက်အပြည့်ကြီးစားထားတာမျိုးရော မပြုလုပ်သင့်ပါဘူး။ နှစ်ချက်စလုံးက အိပ်မပျော်စေဖို့ ပိုတွန်းအားပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ မအိပ်ခင် ၃နာရီလောက်မှာ ကော်ဖီ၊ အရက်နဲ့ ဆေးလိပ်တွေကိုလည်း သတိထားပြီး သောက်သင့်ပါတယ်။ဆေးလိပ်မှာပါတဲ့ နီကိုတင်းနဲ့ ကော်ဖီက ကဖင်းဓာတ်တွေဟာ သင့်ကိုအိပ်မပျော်အောင် ဟန့်တားနိုင်သလို အိပ်ရေးဝဝအိပ်စက်မရအောင်လည်း တားဆီးပေးပါတယ်။

    (၃) အိပ်ခန်းဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေပါစေ။

    ကောင်းကောင်းအိပ်ပျော်ဖို့အတွက် အထောက်အပံ့ပေးနိုင်မယ့် အခန်းမျိုးကို ရွေးချယ်ပါ။ အကောင်းဆုံးက ငြိမ်သက်ပြီး အလင်းရောင်မစူးတဲ့အခန်းမျိုး လှောင်အိုက်မနေပဲ အေးမြနေတဲ့ အခန်းမျိုးပေါ့။ အိပ်ရာပေါ်မှာ ဖုန်းနဲ့ ကွန်ပျူတာတွေကိုလည်း တတ်နိုင်သမျှ မသုံးမိအောင် ကြိုးစားပါ။ မအိပ်ခင်မှာလည်း ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ အနှိပ်ခံခြင်းစသည်ဖြင့် ကိုယ်ရောစိတ်ပါ relaxဖြစ်စေအောင် ပြင်ဆင်ထားသင့်ပါတယ်။

    (၄) နေ့လယ်ဘက်မှာ အကြာကြီး တရေးအိပ်တာမျိုး မပြုလုပ်ပါနှင့်။

    နေ့လည်နေ့ခင်းမှာ နာရီများစွာ တရေးအိပ်ထားမယ်ဆိုပါက ညဘက်စောစောအိပ်မပျော်ဖို့ သေချာသလောက်ရှိပါတယ်။ ဒါကြောင့် နေ့ခင်းဘက်မှာ တအားအိပ်ချင်နေရင်တောင် မိနစ်၂၀ခန့်သာ အိပ်သင့်ပါတယ်။ တကယ်လို့ သင်ဟာ ညဘက်အလုပ်လုပ်ရသူဖြစ်ရင်တော့ နေ့လယ်ဘက်မှာ အကြာကြီးပြန်အိပ်တာမျိူးက သင့်တော်ပါတယ်။

    (၅) ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ။

    နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုရှိသူတွေဟာ ညဘက်အိပ်တဲ့အခါ အလွယ်တကူ အိပ်ပျော်လေ့ရှိပါတယ်။ အိပ်ခါနီးကျမှ ကပ်ပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

    (၆) စိတ်ဖိစီးမှုများကို လျှော့ချပါ။

    အိပ်ခါနီးမှာ စိတ်ညစ်စရာတွေ တွေးတာမျိုးက သင့်ကိုအိပ်ပျော်စေမှာ မဟုတ်ပါဘူး။ သင့်အတွက် ပူပန်သောကတွေ တပုံတပင်ရှိနေရင်တောင်မှ အိပ်ခါနီးမှာ မတွေးပါနဲ့။ စိတ်တည်ငြိမ်အောင် တရားထိုင်ပါ။ အလုပ်များကို စနစ်တကျ အစီအစဉ်ဆွဲပြီး ပြုလုပ်ပါ။ အလုပ်တာဝန်များကို အများနဲ့ ခွဲဝေလုပ်ဆောင်ပါ။

    ရေးသားသူ – Dr. Rose

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement