အလုပ်ပိတ်ရက် အိမ်မှာ အိပ်ငိုက်တာက နေ့ခင်းနေ့လယ် တစ်ရေးအိပ်ပြီး အနားယူလိုက်လို့ ကောင်းတယ်ဆိုပေမယ့် အလုပ်ခွင်ထဲမှာ အိပ်ငိုက်နေတာကတော့ တောတော်လေး ဂွကျတဲ့ ကိစ္စပါ။ အလုပ်တွေ လုပ်စရာ ရှိနေတာကို အိပ်ငိုက်နေတာက ကိုယ့်ကိုယ် မကြိုးစားတဲ့သူရယ်လို့ ထင်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေ့ခင်း ထမင်းစားပြီး အလုပ်ခွင်မှာ အိပ်ငိုက်တာမျိုး ဖြစ်လာရင် ဘယ်လို အကောင်းဆုံး ကျော်ဖြတ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။
အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့
အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ ဆိုရင် အိပ်ငိုက်တယ်လို့ ခံစားလာရတဲ့အခါ
- ကော်ဖီ နည်းနည်းသောက်လိုက်ပါ
အလုပ်လုပ်ရင်း ခြေကုန်လက်ပမ်းကျလာသလိုလို ဒါမှမဟုတ် အလုပ်လုပ်ရတာ စိတ်မပါသလိုလို ဖြစ်လာပြီဆိုရင် အလုပ်ကို ခဏလေး နားပြီး ကော်ဖီ တစ်ခွက်လောက် သောက်လိုက်ပါ။ ဒီလို လုပ်တာက ခန္ဓာကိုယ်ကို လန်းဆန်းသွားစေပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါလိမ့်မယ်။
ကဖင်းက တက်ကြွလန်းဆန်းစေပြီး တွေးတောနိုင်စွမ်းနဲ့ စိတ်ခံစားမှုကို ကောင်းစေပါတယ်။ အိပ်ငိုက်တာကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ငိုက်တဲ့အခါ ကော်ဖီ တစ်ခွက် သောက်ပေးပါ။
- ခဏလောက် အိပ်လိုက်ပါ
တစ်ခါတလေမှာ အရမ်း အိပ်ငိုက်လာတဲ့အခါ ခဏလောက် အိပ်လိုက်တာက အင်အားပြည့်စေပြီး စိတ်ကိုလည်း လန်းဆန်းစေပါတယ်။ နေ့လယ်ခင်း အလုပ်ခွင် ခဏ နားချိန်မှာ ၁၀ မိနစ် ဒါမှမဟုတ် ၁၅ မိနစ်လောက် မျက်လုံးလေး မှိတ်ပြီး ခဏလောက် ငြိမ်ငြိမ်လေး နေလိုက်ပါ။
ဒီလို ခဏလေး အိပ်စက်တာက အလုပ်ခွင်မှာ အိပ်ငိုက်တာကို သက်သာစေနိုင်သလို တစ်နေ့တာကို အင်အားပြည့်ဝစွာနဲ့ အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။
- အလုပ်စားပွဲကနေ ခဏလောက် ထသွားလိုက်ပါ
တစ်နေရာတည်းမှာ မလှုပ်မယှက် အချိန် အကြာကြီး ထိုင်နေတာက အိပ်ငိုက်စေနိုင်သလို အိပ်ငိုက်မှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်စားပွဲကနေ ထပြီး ခဏလောက် လမ်းလျှောက်ပေးလိုက်ပါ။ ဒီလို လမ်းလျှောက်ပေးတာက သွေးစီးဆင်းမှုကို ကောင်းစေပြီး ငိုက်မျဉ်းမှု ကင်းလို့ အလုပ်ကို အာရုံစိုက်ပြီး လုပ်နိုင်စေမှာပါ။
- သီချင်း မြူးမြူးလေးတွေ နားထောင်ပါ
အလုပ်ခွင်မှာ အိပ်ငိုက်ရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ရပ်က တအား တိတ်ဆိတ်နေလို့ပါ။ ဒီတော့ အလုပ်ခွင်မှာ အိပ်ငိုက်တာမျိုး မဖြစ်စေဖို့ဆိုရင် နားကြပ်လေးနဲ့ သီချင်း မြူးမြူးလေးတွေကို နားထောင်ပေးပါ။
အသံအကျယ်ကြီး နားမထောင်မိစေဖို့တော့ သတိပြုစေချင်ပါတယ်။
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေ့လယ်စာ စားပါ
အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ဆိုရင် နေ့လယ်စာ စားတဲ့အခါ အများကြီး စားတာ၊ ကာဗိုဟိုက်ဒရိတ်များတာ၊ အချိုများတာတွေကို မစားဘဲ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အားဖြစ်စေမယ့် အစားအစာမျိုးတွေကို စားပေးပါ။
ဒါကြောင့် နေ့လယ်စာကို ကြက်ဥပြုတ်၊ ကြက်သား၊ ဘယ်ရီသီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ကောက်နှံတွေကို စားပေးပါ။
- အလုပ်ခွင်ကို လင်းလင်းထင်းထင်း ထားပါ
အလုပ်ခွင်က အလင်းရောင် ဝင်ရောက်တာ နည်းမယ်ဆိုရင်လည်း အိပ်ငိုက်တာကို ဖြစ်စေနိုင်ပါတယ်။ နေရောင် ဝင်ရောက်မှု များပြီး အလင်းရောင် များတာက အိပ်ငိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒါကြောင့် ပြတင်းပေါက်ရှိရင် ပြတင်းပေါက် ဖွင့်ထားပါ။ ပြတင်းပေါက် မရှိရင် မီးကို လင်းလင်းထင်းထင်း ထွန်းထားပါ။
အလုပ်ခွင်မှာ အိပ်ငိုက်တဲ့အခါ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို သုံးပြီး ဖြေရှင်းလိုက်နော်။
[embed-health-tool-bmi]