backup og meta

ကောင်းကောင်းအိပ်ပျော်ချင်ရင် ဒါတွေစားပါ


Ye Zon Aung မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကောင်းကောင်းအိပ်ပျော်ချင်ရင် ဒါတွေစားပါ

    အိပ်စက်ခြင်းဟာ ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုပါ။ ကောင်းကောင်း အိပ်မပျော်ရင် စိတ်ရောကိုယ်ပါ မကျန်းမမာဖြစ်နိုင်ပါတယ်။ ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲမှာ အစားအစာနဲ့ ပံ့ပိုးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။

    မှန်ကန်သင့်လျော်ပြီး အိပ်စက်ခြင်းကို အားပေးတဲ့ အစားအစာတွေကို မှီဝဲပေးမယ်ဆိုရင် ညစဉ် အိပ်မပျော်တဲ့ဝေဒနာကို ခံစားရနိုင်ခြေနည်းပါးသွားမှာဖြစ်ပါတယ်။

    ဘယ်လိုအစားအစာတွေက ကောင်းကောင်းအိပ်စက်အနားယူနိုင်အောင် ကူညီပေးမယ့် သင့်လျော်တဲ့ အစားအစာတွေဖြစ်မလဲဆိုတာကို လေ့လာကြည့်ရအောင်။

  • ကီဝီသီး – ကီဝီသီးကို မြန်မာပြည်မှာတော့ အစားနည်းကြပါတယ်။ ဒါပေမယ့် ကီဝီသီးဟာ သင့်ရဲ့ အိပ်စက်ခြင်းကို အထောက်အကူပြုနိုင်တဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် C ၊ ဗီတာမင် E ၊ Folate နဲ့ တခြားသော သက်စောင့်ဓာတ်များစွာပါဝင်တဲ့ ကီဝီသီးဟာ ကောင်းကောင်းအိပ်စက်နိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။
  • ချယ်ရီသီး – ချယ်ရီသီးနဲ့ ချယ်ရီသီးဖျော်ရည်တွေကလည်း ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့ ကူညီပေးပါတယ်။ ချယ်ရီသီး အမျိုးအစားမျိုးစုံရှိထဲမှာမှ တာ့ထ်ချယ်ရီသီး (Tart Cherry) က အကောင်းဆုံးလို့ဆိုပါတယ်။ လေ့လာချက်တွေအရဆိုရင် တစ်နေ့ကို ချယ်ရီသီးဖျော်ရည် ၂ ခွက်သောက်သုံးရင် ညအိပ်စက်ချိန်မှာပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်တဲ့။
  • Malted Milk – Malted milk ကြိုက်သူတွေအတွက်တော့ သတင်းကောင်းပါ။ Malted milk တွေက ဗီတာမင်ကြွယ်ဝပြီး ခွန်အားပြည့်ဖြိုးစေရုံတင်မကပါဘူး sleep-producing hormone တွေ ပိုထွက်လာအောင်လည်း ကူညီပေးတာမို့ ညစဉ်ညတိုင်း နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။
  • အဆီပါတဲ့ ပင်လယ်ငါးများ – ဗီတာမင် D နဲ့ Omega-3 fatty acids ပါဝင်တဲ့ မက်ခရီယယ်၊ ဆာဒင်း၊ ဆဲလ်မွန်တို့လို ပင်လယ်ငါးတွေကလည်း အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။ တစ်ပတ်မှာ ပင်လယ်ငါး ၃ ကြိမ်စားပေးရင် နေ့စဉ်နေ့တိုင်းမှာ အိပ်ရေးဝဝအိပ်ဖြစ်စေဖို့ ကူညီနိုင်ပါတယ်။
  • အစေ့အဆံ – ဗာဒံစေ့၊ သစ်ကြားစေ့၊ ကက်ရှူး၊ နေကြာစေ့စတဲ့ အစေ့အဆံတွေကလည်း အိပ်ပျော်အောင် ကူညီပေးပါတယ်။ ဒီအစေ့အဆံတွေမှာပါဝင်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေက ဒီလိုဖြစ်အောင် ထောက်ကူပေးတာပါ။ Insomnia ဝေဒနာခံစားနေရသူတွေဟာ အစေ့အဆံ ပုံမှန်စားပေးသင့်တယ်လို့ ဆိုထားပါတယ်။
  • ဆန်/ထမင်း – ကာဘိုဟိုက်ဒြိတ်ပါဝင်မှုများတဲ့ ထမင်းကလည်း အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ ထမင်းစားတဲ့ ပမာဏ အနည်းအများပေါ်မူတည်ပြီး အိပ်ချင်စိတ်ဖြစ်ပေါ်စေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဂျပန်နိုင်ငံကပြုလုပ်တဲ့ လေ့လာချက်တစ်ခုမှာတော့ အိပ်ချိန်မတိုင်ခင် ၄ နာရီလောက်မှာ ထမင်းစားပေးဖို့ တိုက်တွန်းထားပါတယ်။
  • ကြက်ဆင် – အရသာပြည့်စုံပြီး အာဟာရဓာတ်လည်း ကြွယ်ဝတဲ့ ကြက်ဆင်သားဟာ အိပ်ပျော်အောင်လည်း ကူညီပေးပါတယ်။ သူ့မှာပါဝင်နေတဲ့ Riboflavin ၊ Phosphorus နဲ့ Selenium တို့က ခုလိုအထောက်အကူပေးနေတာဖြစ်ပါတယ်။
  • လက်ဖက်ရည်ကြမ်း – Chamomile tea တို့ Passionflower tea တို့လို ထူးထူးခြားခြား လက်ဖက်ရည်ကြမ်းတွေကလည်း သင့်ရဲ့ အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေတယ်လို့ လေ့လာချက်တချို့က ဆိုထားပါတယ်။
  • အိပ်စက်ခြင်းနဲ့ အာဟာရ

    အာဟာရပြည့်ဝစွာ မှီဝဲစားသောက်ခြင်းဟာ အိပ်စက်ခြင်းကို ကောင်းကောင်း အထောက်အကူဖြစ်စေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်နေထိုင်မယ်ဆိုရင် စိတ်ဖိစီးမှုဝေဒနာလည်း ကင်းဝေးမှာဖြစ်ပြီးတော့ အိပ်စက်ချိန်မှန်ကန်တဲ့ အကျိုးကျေးဇူးကိုလည်း ရနိုင်ပါလိမ့်မယ်။

    အိပ်စက်ချိန်မှန်ကန်ပြီး အိပ်ရေးဝဝအိပ်ပျော်ရင် နေ့စဉ်ဘဝမှာ ကောင်းမွန်စွာနေထိုင်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ အပြန်အလှန်အကျိုးကျေးဇူးလို့ ဆိုရမလိုပါပဲ။ ဒါကြောင့် ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ဆိုရင် အာဟာရပြည့်ဝစွာ မှီဝဲစားသောက်ပြီး အစာစားချိန်ကိုလည်း မှန်ကန်တိကျအောင် ကြိုးစားလိုက်နာဖို့လိုအပ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ အစားအစာတွေကိုလည်း စနစ်တကျမှီဝဲပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

    အာဟာရပြည့်ဝစွာမှီဝဲစားသောက်ပြီး ကောင်းကောင်းလည်း အိပ်ပျော်မယ်ဆိုရင် သင့်ရဲ့ ကိုယ်ခံအားစနစ်ဟာ အကောင်းဆုံးအခြေအနေမှာ ရှိနေမှာဖြစ်ပြီး ရောဂါဘယအမြောက်အများကို ကာကွယ်တိုက်ထုတ်ပေးနေမှာမို့ ကျန်းမာရေးလည်း ကောင်းမွန်နေတော့မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement