backup og meta

ကီဝီသီး၏ အကျိုးကျေးဇူးများ


Dr. Thant Zin မှ ရေးသားသည်။ · 27/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကီဝီသီး၏ အကျိုးကျေးဇူးများ

    ကီဝီသီးဟာ အရသာကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ အစိမ်းရောင်အတွင်းသားဟာ ချိုချဉ်ပြီး စူးရှပါတယ်။ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် E၊ ဖောလိတ်နဲ့ ပိုတက်ဆီယမ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ကီဝီသီးဟာ နေရာဒေသမျိုးစုံမှာ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံးလိုလို ရရှိနိုင်ပါတယ်။

    ယခုဆက်လက်ဖော်ပြမှာကတော့ ကီဝီသီးရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုပုံ ဖြစ်ပါတယ်။

    ၁။ ပန်းနာရင်ကျပ်ကို သက်သာစေခြင်း

    ကီဝီသီးမှာပါဝင်တဲ့ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် အထောက်အကူပြုပါတယ်။ ကီဝီသီးကို ပုံမှန်စားသုံးခြင်းဟာ အဆုတ်ရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို အကျိုးပြုတယ်လို့ သုတေသနအချို့အရ သိရပါတယ်။

    ၂။ အစာကြေစေခြင်း

    ကီဝီသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး အစာချေစနစ်ကို အထောက်အကူဖြစ်စေပါတယ်။ ကီဝီသီးမှာ actinidin လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်ပြီး ပရိုတိန်းကို ဖြိုခွဲပေးနိုင်ပါတယ်။ ကီဝီသီးကနေ ထုတ်လုပ်ထားတဲ့ ဖြည့်စွက်ဓာတ်စာဟာလည်း အစာကြေစေနိုင်တဲ့ အာနိသင် ရှိနေပါတယ်။

    ၃။ ကိုယ်ခံအားစနစ်ကို မြှင့်ပေးခြင်း

    ကီဝီသီးမှာ အာဟာရဓာတ် သိပ်သည်းစွာ ပါဝင်ပြီး ဗီတာမင် C လည်း ကြွယ်ဝပါတယ်။ ကီဝီသီးတစ်ခွက်စာမှာ တစ်နေ့တာ ဗီတာမင်C လိုအပ်ချက်ရဲ့ နှစ်ဆလောက်ထိ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ မရှိမဖြစ်အရေးကြီးတဲ့ အာဟာရဓာတ်ဖြစ်ပြီး ရောဂါဘယများကို တိုက်ထုတ်ပေးနိုင်ဖို့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြချက်အရ ကီဝီသီးဟာ ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိခြင်း၊ တုပ်ကွေး စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် လူကြီးပိုင်းနဲ့ ကလေးငယ်တွေလို ရောဂါဖြစ်လွယ်တဲ့ အသက်အရွယ်ပိုင်းတွေအတွက် ဖြစ်ပါတယ်။

    ၄။ ရောဂါအခြေအနေတချို့ကို ဖြစ်နိုင်ခြေ လျှော့ချပေးခြင်း

    ဓာတ်တိုးဖိစီးခြင်းဟာ မျိုးရိုးဗီဇ ဒီအန်အေအပေါ် ထိခိုက်မှုရှိပါတယ်။ ဒါဟာ ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားနိုင်ခြင်းကို ဦးတည်စေပါတယ်။ ကီဝီသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဓာတ်တိုးဖိစီးခြင်းကို လျှော့ချခြင်းအားဖြင့် ရောဂါဘယများဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ဥပမာ ဓာတ်တိုးဖိစီးခြင်းကြောင့် ဒီအန်အေထိခိုက်မှုရှိခြင်းဟာ အူမကြီးကင်ဆာဖြစ်ပွားမှုနဲ့ သိသိသာသာ ဆက်စပ်နေပါတယ်။ ကီဝီသီးကို ပုံမှန်စားသုံးပေးခြင်းဟာ ဒီအခြေအနေကို ကာကွယ်ပေးနိုင်ပါတယ်။

    ၅။ သွေးတိုးကျစေခြင်း

    ကီဝီသီးဟာ သွေးပေါင်ချိန်အပေါ် သက်ရောက်မှု ရှိပါတယ်။ တစ်နေ့ကို ကီဝီသီးသုံးလုံး စားပေးခြင်းဟာ သွေးပေါင်ချိန်ကို ထိန်းပေးနိုင်တယ်လို့ သိရပါတယ်။ ရေရှည်မှာ သွေးတိုးခြင်းနဲ့ ဆက်စပ်ပြီးဖြစ်တတ်တဲ့ လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်း စတာတွေကို ဖြစ်နိုင်ခြေ လျော့ကျစေနိုင်ပါတယ်။

    ၆။ သွေးခဲနိုင်ခြေကို လျော့ကျစေခြင်း

    ကီဝီသီးဟာ သွေးတိုးကို ကျစေရုံသာမက သွေးခဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အော်စလိုတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနအရ ကီဝီသီးကို တစ်နေ့ နှစ်လုံးသုံးလုံးခန့်စားပေးခြင်းဟာ သွေးခဲနိုင်ခြေကို သိသိသာသာ လျော့ကျစေတယ်လို့ ဆိုပါတယ်။ သွေးထဲမှာရှိတဲ့ အဆီဓာတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါဟာ နေ့စဉ် အက်စ်ပရင်ဆေး သောက်နေသလို နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

    ၇။ အမြင်အာရုံ ပျက်စီးခြင်းကို ကာကွယ်ပေးခြင်း

    မျက်လုံးအိမ်နောက်ပိုင်းမှာရှိတဲ့ အမြင်လွှာချို့ယွင်းလာခြင်းဟာ မျက်စိမမြင်ရခြင်းရဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ကီဝီသီးဟာ ဒီအခြေအနေကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ကီဝီသီး သုံးလုံးခန့် စားပေးခြင်းဟာ မျက်စိအမြင်လွှာပျက်စီးခြင်းကို ၃၆ ရာခိုင်နှုန်း လျှော့ချပေးတယ်လို့ သိရပါတယ်။ ကီဝီသီးမှာပါဝင်တဲ့ zeaxanthin နဲ့ lutein တို့ဟာ အဆိုပါ ဂုဏ်သတ္တိရှိတယ်လို့ သုတေသနတချို့မှာ ဖော်ပြထားပါတယ်။

    သတိပြုရန်

    ကီဝီသီးဟာ လူအများနဲ့တည့်ပါတယ်။ ဒါပေမယ့် ဓာတ်မတည့်သူတွေမှာ ယားယံခြင်း၊ အင်ပျဉ်ထခြင်း၊ အသက်ရှူခက်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်စေတတ်ပါတယ်။ သွေးခဲခြင်းဖြစ်စဉ်ကို နှေးစေတာမို့ တစ်ခါတစ်ရံမှာ သွေးယိုခြင်း၊ သွေးထွက်ခြင်း စတဲ့ပြဿနာတွေ ကြုံနိုင်ပါတယ်။ ဒါကြောင့် သွေးရောဂါရှိသူတွေ ရှောင်သင့်ပါတယ်။ ခွဲစိတ်ကုသမှု ခံယူဖို့ရှိရင်လည်း စားသုံးဖို့ မသင့်တော်ပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 27/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement