၄။ HIV ပိုးကူးမှာ ကြောက်တယ်
ဟုတ်ပါတယ်။ ကိုယ်ဝန်ထက် ကြောက်ဖို့ကောင်းတာက ဒီရောဂါပါ။ လိင်ဆက်ဆံတုန်း ကွန်ဒုံးပေါက်သွားတဲ့အတွက် HIV ကူးမှာ ကြောက်နေပြီဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းဆီ အမြန်ဆုံးသွားရောက်ပြီး post-exposure prophylaxis လို့ခေါ်တဲ့ ကာကွယ်ဆေးတွေကို သောက်ဖို့လိုမလို ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ ဒီဆေးတွေဟာလည်း ရောဂါကို ရာနှုန်းပြည့်ကာကွယ်နိုင်တာမျိုး မဟုတ်ပါဘူး။
ပြီးတော့ သင့်အနေနဲ့ တစ်နေ့ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ဆေးသောက်ရမှာဖြစ်ပြီး နှစ်ဆယ့်ရှစ်ရက်လောက် ဆက်တိုက်သောက်ရလေ့ရှိပါတယ်။ ဆေးသောက်ဖို့ လိုမလိုဆိုတာကိုတော့ သင့်ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေလည်း ပြင်းထန်တာမို့ သင့်အနေနဲ့ ဆေးဒဏ်ကို ခံနိုင်ရည်ရှိမရှိ၊ ရောဂါကူးစက်နိုင်ချေ များမများကို ကြိုတင်ဆန်းစစ်ဖို့ လိုအပ်လို့ပါ။
၅။ သွေးစစ်ပါ
အခုချက်ချင်း အိပ်ရာထဲကထပြေးပြီး သွေးသွားစစ်ဖို့ မလိုပေမယ့် စစ်တော့စစ်ရပါမယ်။ တစ်ခါသုံး test kit လေးတွေ သုံးပြီး အိမ်မှာစစ်တာမျိုးက အဖြေမတိကျတတ်တဲ့အတွက် ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းတစ်ခုခုဆီ သွားတာ ပိုကောင်းပါတယ်။ ရက်အနည်းငယ်ကြာလို့ အဖြေသိရတဲ့အခါ သင့်ဆီမှာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခုခု ရှိနေပြီဆိုရင်တော့ သင့်အဖော်ကို အမြန်ဆုံး အသိပေးရပါမယ်။ တကယ်လို့ အားလုံးအဆင်ပြေတယ်။ ဘာရောဂါမှ မရှိဘူးဆိုရင်လည်း နောက်ထပ် ခြောက်လကြာတဲ့အခါ သွေးထပ်စစ်ရပါဦးမယ်။ အားလုံးသိကြတဲ့ window period ကြောင့်ပါ။
၆။ သင့်ကွန်ဒုံးကို အလေးထားပါ
အခုတစ်ခါတော့ ပေါက်သွား၊ပြဲသွားခဲ့ပြီ။ နောက်အကြိမ်တွေ ထပ်မပေါက်အောင် ဘယ်လိုကာကွယ်ရမလဲ။ ကွန်ဒုံးကို မှန်မှန်ကန်ကန် သိမ်းဆည်းဖို့၊ နည်းစနစ်တကျ ဝတ်ဆင်အသုံးပြုဖို့ အထူးလိုအပ်ပါတယ်။
ဒါ့အပြင် ကွန်ဒုံးအရွယ်အစားကိုလည်း မှန်ကန်စွာ ရွေးချယ်တတ်ရပါမယ်။ ကွန်ဒုံးအရွယ်ကြီးနေရင် ကျွတ်ထွက်နိုင်သလို သေးလွန်းကျပ်လွန်းရင်လည်း ပေါက်ပြဲသွားနိုင်ပြန်ပါတယ်။
နောက်တစ်ချက်က ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးရက်ကို ဂရုပြုဖို့ လိုပါတယ်။ ကွန်ဒုံးတွေဟာ ကြာလေ ပေါက်ပြဲလွယ်လေ ဖြစ်တာမို့ သက်တမ်းကြာပြီဖြစ်တဲ့ ကွန်ဒုံး၊ရက်လွန်နေတဲ့ ကွန်ဒုံးတွေကို ရှောင်ရပါမယ်။
ဒါ့အပြင် ပူလွန်းတဲ့ နေရာတွေမှာ ကွန်ဒုံးကို မသိမ်းရပါဘူး (ဥပမာ ပိုက်ဆံအိတ်ထဲ၊ဘောင်းဘီအိတ်ထဲ စသဖြင့်)။ အေးပြီးခြောက်သွေ့တဲ့နေရာမှာပဲ ထားသင့်ပါတယ်။
၇။ ချောဆီကို ဂရုတစိုက်ရွေးချယ်ပါ
အကယ်၍ သင်ဟာ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကိုသာမက ချောဆီကိုပါ အသုံးပြုတတ်သူတစ်ဦးဆိုရင်တော့ ချောဆီအမျိုးအစားကို ဂရုပြုရွေးချယ်ဖို့ အထူးလိုအပ်ပါတယ်။ အဆီဓာတ်ကို အခြေခံတဲ့ ချောဆီအစား ရေဓာတ်အခြေခံပြုလုပ်ထားတဲ့ ကွန်ဒုံးတွေကိုပဲ ရွေးချယ်ရပါမယ်။
၈။ ကွန်ဒုံးစွပ်တဲ့အခါ နည်းစနစ်မှန်မှန် စွပ်ပါ
ဒါကတော့ လူတိုင်းသိပါတယ်လို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းသိနေတဲ့ လွယ်လွယ်အရာလေးတွေကပဲ ဒုက္ခပေးသွားတတ်တာ များပါတယ်။
ဒါကြောင့် ကွန်ဒုံးစွပ်တဲ့အခါ ဘူးမှာ ဖော်ပြထားတဲ့ နည်းလမ်းအတိုင်း စနစ်တကျ စွပ်ဖို့ သတိပြုပါ။ ကွန်ဒုံးအိတ်ကို ပါးစပ်နဲ့ကိုက်ဖောက်တာမျိုး၊အသုံးမပြုခင် ကြိုတင်ပြီး ဖြည်ထားလိုက်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။
ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် ချစ်တင်းနှောရင်း ကွန်ဒုံးပေါက်ပြဲသွားတဲ့အခါ ဘာတွေ ဆက်လုပ်ရမယ်ဆိုတာရယ်၊နောက်တစ်ခါ ဒါမျိုး ထပ်မဖြစ်အောင် ဘာတွေ ဆောင်သင့်၊ ရှောင်သင့်တယ်ဆိုတာရယ်ကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။
တချို့အချက်လေးတွေက အရေးမကြီးဘူးထင်ရပေမယ့် အမှိုက်ကစ ပြဿာဒ်မီးလောင်ဖြစ်သွားတတ်တဲ့အတွက် အထူးသတိပြုဖို့ လိုအပ်ပါကြောင်း။
မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။