backup og meta

ရေခဲဝါးစားတတ်တာ အကျင့်ဖြစ်နေပြီလား။ သွားပျက်စီးမယ် သတိထား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေခဲဝါးစားတတ်တာ အကျင့်ဖြစ်နေပြီလား။ သွားပျက်စီးမယ် သတိထား

    ကလေး၊ လူငယ်၊ လူကြီးမရွေး တော်တော်များများမှာ ရှိနေတတ်တဲ့ အမူအကျင့်တစ်ခုပါ။ အအေးခွက်လေး သောက်နေရင်း ကုန်သွားတဲ့အခါ ခွက်အောက်မှာ ကျန်နေတဲ့ ရေခဲတုံးလေးတွေကို ပါးစပ်ထဲကောက်ထည့်ပြီး ဝါးစားပစ်လိုက်ရင် အရမ်းအရသာရှိတာပေါ့။ အဲ့လို ရေခဲလေး ဝါးစားလိုက်လို့ ကိုယ့်အတွက် ဘာအန္တရာယ်မှ မရှိလောက်ဘူးလို့ ထင်ရင်တော့ မှားသွားလိမ့်မယ်ဗျ။

    ရေခဲဝါးစားခြင်း နောက်ကွယ်က ကြောက်စရာကောင်းတဲ့ အရာတွေ

    ၁။ ရေခဲတစ်တုံးရဲ့ အပြင်ထုထည်သည် အရမ်းမာလွန်းပါတယ်။ အဲ့လိုမာလွန်းတဲ့အရာတွေကို သွားနဲ့ မကြာခဏ ကိုက်ပြီးဝါးတဲ့အခါ သွားရဲ့ အပေါ်ယံကြွေလွှာကို ပျက်စီးစေသလို အသက်ငယ်ငယ်နဲ့ သွားတွေပွန်းပဲ့တာ၊ သွားကျိုးလွယ်တာ၊ သွားမကောင်းတာတွေ ဖြစ်တတ်ပါတယ်။

    ၂။ ရေခဲကိုမှ တမ်းတမ်းစွဲ ဝါးမစားရမနေနိုင်ဖြစ်ခြင်းဟာ စားသောက်ပုံစံမမှန်တဲ့ စိတ်ရောဂါ (Eating Disorder) တွေထဲမှာ ပါဝင်ပါတယ်။ သူ့ကို Pagophagia သို့မဟုတ် Pica လို့လည်း ခေါ်ပါတယ်။ အော်တစ်ဇင်စိတ်ရောဂါ (Autism) ၊ စိတ်ကယောင်ခြောက်ခြားဖြစ်တဲ့ ရောဂါ (Schizophrenia) ရှိတဲ့သူတွေမှာ ဒီလိုအပြုအမူတွေ တွဲပါလာတတ်ပါတယ်။ အာဟာရလည်း မဖြစ်ဘဲ စိတ်ရဲ့လှုံ့ဆော်မှုကြောင့် တစ်ခုခုကို ပါးစပ်က ဝါးနေရမှ၊ သွားနဲ့ ကြိတ်နေရမှ စိတ်အာသာပြေတဲ့ ခံစားချက်မျိုးပါ။

    ၃။ ရေခဲဝါးစားခြင်း အလေ့အထသည် များသောအားဖြင့် ကလေးဘဝမှာ အစပျိုးတတ်ပြီး အသက်ကြီးတဲ့အထိ စွဲပါလာတတ်ပါတယ်။

    ၄။ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းဝေဒနာရှင်တွေမှာလည်း ရေခဲကို တောင့်တတဲ့ စိတ်ခံစားမှုမျိုးတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ သံဓာတ်အားဆေးတွေကို ပုံမှန်စွဲသောက်ပြီးနောက်မှာတော့ ရေခဲဝါးစားလိုတဲ့ စိတ်ခံစားချက်တွေ ပျောက်သွားနိုင်ပါတယ်။

    ကုသရန် လိုအပ်သလား။

    ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရေခဲဝါးစားခြင်းဟာ သွားနဲ့ ခံတွင်းကျန်းမာရေးကို ကောင်းကောင်းဒုက္ခပေးနိုင်တယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ အရေးကြီးတာကတော့ ကိုယ်တိုင် သို့မဟုတ် ကိုယ့်မိသားစုဝင်၊ သူငယ်ချင်းတွေထဲမှာ ဒီလို ခဏခဏ ရေခဲဝါးစားတတ်တဲ့သူတွေရှိရင် သွားနဲ့ ခံတွင်းဆေးခန်းမှာ သွားပိုးပေါက်တွေရှိမရှိ၊ သွားရဲ့ အခြေအနေကို စစ်ကြည့်ဖို့ လိုသလို တခြား သွေးအားနည်းရောဂါ၊ စိတ်ကျန်းမာရေးပြဿနာတွေ ရှိနေနိုင်လားဆိုတာလည်း စစ်ကြည့်သင့်ပါတယ်။

    အထူးသဖြင့် စားသောက်ပုံစံမမှန်တဲ့ စိတ်ဝေဒနာရှင်တွေမှာ ရေခဲအပြင် တခြားစားလို့မရတဲ့ ပစ္စည်းတွေ (ဥပမာ- မြေဖြူခဲ၊ ဘောပင်၊ ခဲတံ၊ သံပစ္စည်းတစ်ခုခု) ကိုလည်း ကိုက်ဝါးနေတာ၊ မျိုချတာမျိုး လုပ်တတ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာဆိုရင် လည်ချောင်းထဲမှာ နင်ပြီးပိတ်နေခြင်း၊ ဝမ်းပိတ်သွားခြင်း၊ အစာအဆိပ်သင့်ခြင်း၊ အူလမ်းကြောင်းမှာ သွားပိတ်နေခြင်း၊ အချွန်အတက်တွေဆိုရင် ကိုယ်တွင်းကလီစာတွေကို ထိုးမိပြီး သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

    များသောအားဖြင့် Pica လို့ ခေါ်တဲ့ ရေခဲဝါးစားတဲ့ အကျင့်ဟာ ရုပ်ခန္ဓာကြောင့် မဟုတ်ဘဲ စိတ်ကြောင့် ပိုအဖြစ်များတဲ့အတွက် အဓိက ပြဿနာအရင်းအမြစ်ကို သိရပြီဆိုတာနဲ့ သေချာကုသမှုခံယူဖို့ လိုအပ်ပါတယ်။ စိတ်ကြောင့်ဖြစ်ရတဲ့ ပြဿနာဆိုရင် စိတ်ကျရောဂါပျောက်ဆေး၊ စိုးရိမ်ပူပန်မှုကို သက်သာစေမယ့် ဆေးတွေကို ဆရာဝန်ကိုယ်တိုင် ညွှန်ကြားမှာဖြစ်ပါတယ်။

    သံဓာတ်ချို့တဲ့ သွေးအားနည်းဝေဒနာရှင်တွေဆိုရင် ကိုယ့်ရဲ့ သွေးအားနည်းရောဂါကို သေချာကုသဖို့ လိုအပ်သလို သံဓာတ်အားဆေးတွေကိုလည်း သောက်ပေးရပါမယ်။ ရေခဲတွေ မကြာခဏစားပြီး သွားပျက်စီးနေတဲ့သူတွေအနေနဲ့တော့ သွားနဲ့ ခံတွင်းဆေးခန်းမှာ လိုအပ်တဲ့ သွားပေါက်ဖာထေးခြင်း၊ သွားများကို ပြန်လည်ပြုပြင်ခြင်း၊ သွားအသစ်ပြန်လည်စိုက်ခြင်း စတာတွေကို လုပ်ပေးဖို့လိုအပ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement