backup og meta

ချစ်ခင်ရသူဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းကြေကွဲနေတဲ့ ကလေးကို ဘယ်လိုနှစ်သိမ့်ပေးကြမလဲ


Ye Zon Aung မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်ခင်ရသူဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းကြေကွဲနေတဲ့ ကလေးကို ဘယ်လိုနှစ်သိမ့်ပေးကြမလဲ

    လူရယ်လို့ဖြစ်လာတဲ့အခါ တစ်နေ့မှာ ခွဲခွာခြင်းဆိုတဲ့ လမ်းခရီးကို ဖြတ်သန်းကြရမှာပါပဲ။ ချစ်သူခင်သူတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိဘမောင်ဖွားတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ယုတ်စွဆုံး သားသမီးနဲ့ အိမ်ထောင်ဖက်တွေအထိပါပဲ။

    ချစ်ခင်နှစ်သက်ရသူတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရချိန်မှာ ကြေကွဲဝမ်းနည်းတဲ့ ဝေဒနာကို ဘဝအတွေ့အကြုံ ရင့်ကျက်လှပါတယ်ဆိုတဲ့ လူကြီးတွေတောင်မှ ခံစားကြရပါတယ်။

    တကယ်လို့ ကလေးတွေ၊ ရင်သွေးတွေဆိုရင်ရော သူတို့ရဲ့ နုနယ်လှတဲ့ စိတ်လေးတွေ ဘယ်လောက်တောင် ထိခိုက်ကြေကွဲသွားကြမလဲ။ ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ။

    ချစ်ခင်မြတ်နိုးရသူကို ဆုံးရှုံးလိုက်ရချိန်မှာ ကြေကွဲဝမ်းနည်းနေရှာတဲ့ ရင်သွေးတွေကို နည်းမှန်လမ်းမှန်နဲ့ လမ်းပြပေးနိုင်ဖို့ နှစ်သိမ့်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီဖြစ်ရပ်ကြီးဟာ ရင်သွေးရဲ့ မှတ်ဉာဏ်မှာ စိတ်ဒါဏ်ရာတစ်ခုလို ပြတ်ထင်စွာ စွဲနေပါလိမ့်မယ်။

    ဒီလိုအခြေအနေမျိုးမှာ ရင်သွေးကို ဘယ်လိုနှစ်သိမ့်ကြမလဲ

    မိသားစုဝင် တစ်စုံတစ်ယောက်ကို စွန့်လွှတ်လိုက်ရချိန်မျိုးမှာ မိမိတို့ကိုယ်တိုင် ကြေကွဲဝမ်းနည်းနေမှာ သေချာလှပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကြောင့် ရင်သွေးတွေကို ဂရုမစိုက်မိတာမျိုး၊ မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ တုန့်ပြန်မိတာမျိုးတွေ ပြုလုပ်မိနိုင်ပါတယ်။ ဒါတွေဟာ သတိထားသင့်တဲ့ အပြုအမူမှားတွေပါ။

    ဒီလိုမှားယွင်းစွာ ကလေးတွေအပေါ် ဆက်ဆံမိတဲ့အခါ သူတို့အတွက် ပိုပြီး ထိခိုက်ခံစားကြရပါလိမ့်မယ်။ ဆိုးရွားလှတဲ့ အတိတ်တွေဖြစ်လာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် အောက်ပါနည်းလမ်းတွေကိုသုံးပြီး ရင်သွေးတွေကို နှစ်သိမ့်အားပေးပါ။

    • ရိုးသားပါ – ရိုးသားမှုဟာ ရင်သွေးနဲ့ ကိုယ့်အကြားက အကောင်းဆုံး ပေါင်းကူးတံတားဖြစ်ပါတယ်။ အခြေအနေမှန်ကို ကလေးကို ပေးသိသင့်ပါတယ်။ လူကြီးတွေရဲ့ အကြီးမားဆုံးအမှားက အခြေအနေမှန်ကို ကလေးတွေ မသိသင့်ဘူးဆိုတဲ့ အတွေးနဲ့ ဖုံးကွယ်ထားတတ်တာပါပဲ။ ဒါဟာ မှားယွင်းတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
    • ပုံမှန်စိတ်ခံစားချက်မျိုးဖြစ်လာစေဖို့ ကူညီဖေးမပါ – ကလေးတွေရဲ့ ကြေကွဲဝမ်းနည်းမှုပုံစံက လူကြီးတွေလိုမဟုတ်ပါဘူး။ သူတို့က ပိုခံစားလွယ်သလို ခပ်မြန်မြန်လည်း မေ့ပစ်နိုင်ကြပါတယ်။ သူတို့ကို စိတ်လွတ်လက်လွတ် ငိုကြွေးတာ၊ ဒေါသထွက်တာမျိုးဖြစ်ပါစေ။ တကယ်လို့ ပင်ပန်းပြီး အိပ်ပျော်သွားခဲ့ရင်တောင် သူတို့ ပြန်နိုးလာချိန်မှာ ဒီကိစ္စကြောင့် ထိခိုက်မှုပိုနည်းနေမှာဖြစ်ပါတယ်။
    • ကိုယ်ဝမ်းနည်းနေတယ်ဆိုတာကို မဖုံးကွယ်ထားပါနဲ့ – တချို့က ကလေးရှေ့မှာ ကြေကွဲပြမနေသင့်ဘူးလို့ ဆိုကြပါတယ်။ ကိုယ်ကြေကွဲပြနေရင် ကလေးပိုခံစားရမယ်လို့ ထင်မြင်မိလို့ပါတယ်။ တကယ်က ဒီအချက်ဟာ မှားယွင်းပါတယ်။ ကိုယ့်ရဲ့ ကြေကွဲဝမ်းနည်းမှုကို ကလေးက ခံစားနားလည်ပေးနိုင်ပါတယ်။ မယုံမရှိပါနဲ့။ တကယ်လို့ ဝမ်းနည်းစရာအချိန်မှာ ဝမ်းမနည်းနေရင်သာ ရင်သွေးက သင်တို့အပေါ် ဒွိဟဖြစ်စေမှာဖြစ်ပါတယ်။
    • ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း နေထိုင်ပါစေ – ရင်သွေးကို ဆော့ချိန်မှာ ဆော့အောင်၊ အစာစားချိန်မှာ စားအောင် ဂရုစိုက်ပါ။ ပုံမှန် Routine အတိုင်း သူတို့ကို ဖြတ်သန်းပါစေ။ ငိုကြွေးတာတွေ ဝမ်းနည်းတာတွေ ပြီးစီးသွားချိန်မှာ သူတို့ကို ပုံမှန်အတိုင်း နေခိုင်းပါ။ အထူးသဖြင့် အရောင်အသွေးစုံလင်တဲ့ ကစားစရာမျိုးတွေနဲ့ ဆော့ကစားခိုင်းပါ။
    • အမှတ်တရ သေတ္တာလေး လုပ်ပေးပါ – ခွဲခွာသွားသူကို ဂုဏ်ပြုတဲ့အနေနဲ့ရော ကလေးရဲ့ အတွင်းစိတ်မှာ ထိခိုက်မှုတွေ လွမ်းဆွတ်မှုတွေ လျော့နည်းစေဖို့ရော ရည်ရွယ်ပြီး Memory Box မျိုးတွေ ပြုလုပ်ပေးပါ။ အမှတ်တရ ပစ္စည်းလေးတွေ၊ ဓာတ်ပုံလေးတွေနဲ့ ပေါ့။ ဒါက ကလေးတွေကို စိတ်ဝင်စားစရာအဖြစ် ဆွဲဆောင်နိုင်ပါတယ်။
    • အခြေခံကျကျ ချဉ်းကပ်ပါ – အရေးအကြီးဆုံးအချက်တွေက ကလေး အစာစားဖို့၊ ကျန်းမာနေဖို့၊ ပုံမှန်ဆော့ကစားနေဖို့ဖြစ်ပါတယ်။ ဒီအချက်တွေ ပုံမှန်ရှိမရှိ သေချာ စစ်ဆေးလေ့လာနေပါ။ ဒါတွေ ပုံမှန်ရှိနေတယ်ဆိုရင် ရင်သွေးဟာ ဝမ်းနည်းနေရင်တောင်မှ အဆင်ပြေသွားဖို့ရှိနေပါတယ်။ သူကျန်းမာနေတယ်ပေါ့။

    ဒီအချက်တွေဟာ ရင်သွေးကို ဝမ်းနည်းကြေကွဲနေတဲ့ အခြေအနေကနေ ပုံမှန်အခြေအနေဆီ ပြန်လည်ခေါ်ဆောင်နိုင်ပါလိမ့်မယ်။

    မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်နဲ့ မိသားစုဝင်တွေရဲ့ ကူညီဖေးမမှုနဲ့ နှစ်သိမ့်မှုတွေလည်း လိုအပ်ပါတယ်။ အရေးအကြီးဆုံး တစ်ချက်ကျန်ပါသေးတယ်။ ကိုယ်တိုင်လည်း ကျန်းမာပြီး ပုံမှန် အခြေအနေတစ်ခုမှာ ရှိနေအောင် ဂရုစိုက်နေဖို့ပါပဲ။

    ရင်သွေးအတွက် ကိုယ်ကအရေးအကြီးဆုံးဆိုတာ မမေ့ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement