backup og meta

အမျိုးသားတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုရဲ့ အရေးပါပုံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုရဲ့ အရေးပါပုံ

    ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုဟာ လူသားတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ လူအများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့နဲ့ တစ်နေ့တာလုံး တက်ကြွရွှင်လန်းနေစေဖို့ ပိုပြီးတောင် ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားဖို့ လိုအပ်ပါတယ်။

    ခေါင်းအစ ခြေအဆုံး သန့်ရှင်းသပ်ရပ်တဲ့ အမျိုးသားတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွလာမယ်။ လုပ်ငန်းခွင်မှာ အောင်မြင်မှုရနိုင်တဲ့အပြင် ဆန့်ကျင်ဘက်လိင်ကိုပါ ဆွဲဆောင်မှု ရှိစေတယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိစေလို့ အလုပ်အကိုင်တွေ အဆင်ပြေချောမွေ့စေတယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေပြီး အားအင်တွေ အပြည့် ရှိနေမှာပါ။

    ဒါဆိုရင် အမျိုးသားတွေအတွက် အလွန်အရေးကြီးပြီး မေ့ထားလို့ မဖြစ်တဲ့ နေ့စဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

    ၁။ အမွှေးနံ့သာ အသုံးပြုပါ။

    ခုခေတ်မှာတော့ အမျိုးသားတော်တော်များများ အမွှေးနံ့သာတွေကို အသုံးပြုလာကြပါတယ်။ ဆံသားနဲ့ မျက်နှာအတွက်သာမက ရေမွှေး၊ ချိုင်းလိမ်းဆီ၊ ကိုယ်ခန္ဓာအတွက် ဖျန်းတဲ့ စပရေး အစရှိတဲ့ အမွှေးနံ့သာတွေ ရေပန်းစားလာပါတယ်။ နေပူမရှောင်၊ မိုးရွာမရှောင် အပြင်ထွက် သွားလာနေရတဲ့ အမျိုးသားတွေအတွက်ဆို ပိုပြီးတောင် လိုအပ်ပါတယ်။ ဒါ့အပြင် ချွေးထွက်သန်တဲ့ အမျိုးသားတွေဆိုရင်လည်း ပိုပြီး သုံးသင့်ပါတယ်။ မွှေးရနံ့သင်းပျံ့နေတဲ့အခါမှာ အလုပ်လုပ်ရတာလည်း စိတ်ကို ကြည်လင်စေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတယ်။ တစ်ပါးသူကိုလည်း ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။

    ၂။ တစ်နေ့ ၂ကြိမ် မျက်နှာသစ်ပါ။

    မနက်အိပ်ရာ ထတဲ့အချိန်နဲ့ ညအိပ်ခါနီး အချိန် တစ်နေ့ကို ၂ကြိမ်တိတိ မျက်နှာသစ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတလေ အပြင်သွားပြီး ပြန်လာရင် ပင်ပန်းလွန်းတာကြောင့် မျက်နှာမသစ်၊ ကိုယ်လက်မဆေးကြောပဲ တန်းအိပ်တတ်တဲ့ အကျင့်ရှိရင်တော့ ခုကတည်းက ဖျောက်သင့်ပါပြီ။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ သိပ်မပြင်းတဲ့ ဆပ်ပြာနဲ့ တစ်နေ့ကို ၂ကြိမ် မှန်မှန် မျက်နှာသစ်ပေးခြင်းဖြင့် အသားအရေ ခြောက်တာ၊ အဆီပြန်တာ၊ အရောင်မညီတာ လျော့နည်းစေပြီး မျက်နှာကိုလည်း နုပျိုလန်းဆန်းစေပါတယ်။

    ၃။ ခံတွင်းသန့်ရှင်းဖို့လည်း မမေ့ပါနဲ့။

    အပြင်ပန်းအလှကို ဂရုစိုက်ပြီး ခံတွင်းကိုလည်း မေ့လို့မဖြစ်ပါဘူး။ ကိုယ့်ရဲ့ ခံတွင်းကို သေချာသန့်ရှင်းရေးမလုပ်ဘူးဆိုရင် အနံ့ဆိုးတွေ ထွက်နိုင်လို့ ကိုယ်အပါအဝင် ဘေးနားက လူတွေပါ စိတ်ကသိကအောက် ဖြစ်စေပါတယ်။ ဒါ့အပြင် သွားကြားထဲမှာ စားကြွင်းစားကျန်တွေ ကပ်ငြိနေရင် ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာနိုင်ပြီး သွားကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ ၂ကြိမ် သွားသေချာတိုက်ပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ စားကြွင်းစားကျန်တွေကို ဖယ်ရှားပစ်ဖို့ သွားပွတ်ကြိုးကို နေ့စဉ်အသုံးပြုပေးပါ။

    ၄။ အတွင်းခံတွေကို နေ့စဉ်လဲပေးပါ။

    အဝတ်အစားတွေတော့ နေ့တိုင်းလဲဝတ်ပြီး အတွင်းခံတွေကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ အမျိုးသားတွေရဲ့ လိင်အင်္ဂါတစ်ဝိုက်နဲ့ ပေါင်ခြံတဝိုက်မှာ ချွေးမကြာခဏ ထွက်နိုင်တဲ့အတွက် အတွင်းခံဟာ ဘက်တီးရီးယားတွေ အပေါက်ဖွားနိုင်ဆုံး နေရာဆိုလည်း မမှားပါဘူး။ ဒါကြောင့် အပြင်ကနေ ပြန်လာတာနဲ့ ကိုယ့်ရဲ့ အဝတ်အစားတွေ အကုန်လုံးကို လျှော်ပါ။ နေ့စဉ် သန့်ရှင်းတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ပေးပါ။

    ၅။ ရေမှန်မှန်ချိုးပါ။

    ရာသီဥတုအေးလို့၊ အချိန်မရှိလို့၊ ပျင်းလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရေမချိုးပဲ နေတာတွေ ရပ်လိုက်ပါတော့။ အမျိုးသားတွေရဲ့ နေ့စဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုမှာ ရေမှန်မှန်ချိုးပေးဖို့လည်း အရေးကြီးပါတယ်။ တစ်နေ့ကို ၁ကြိမ်၊ အပြင်သွားရတဲ့ နေ့တွေမှာဆိုရင် ၂ကြိမ် ရေအေးနဲ့ ဖြစ်စေ၊ ရေပူရေနွေးနဲ့ဖြစ်စေ ရေချိုးပေးဖို့ အရေးကြီးပါတယ်။ ဒါမှပဲ အပြင်ကနေ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေအပြင် ကိုယ်ခန္ဓာမှာ ပေါက်ဖွားလာနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို သန့်ရှင်းပေးနိုင်ပြီး စိတ်ကို ကြည်လင်လန်းဆန်းစေမှာပါ။

    ၆။ လက်သည်း၊ ခြေသည်းညှပ်ပါ။

    ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်မှုအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှု လုပ်ရာမှာ လက်သည်း၊ ခြေသည်းတွေကို မေ့ထားလို့ မဖြစ်ပါဘူး။ လက်သည်းတွေ ရှည်နေတဲ့အခါ ဖုန်တွေ၊ အညစ်အကြေးတွေ ကပ်နေနိုင်တဲ့အပြင် ကုတ်မိတဲ့အခါမှာလည်း ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လက်သည်းရှည်နေတာကို ကြည့်နေရတဲ့သူအဖို့ စိတ်ထဲ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်သည်း၊ ခြေသည်းတွေ ရှည်နေပြီဆိုရင် အမြန်ဆုံး ညှပ်ပစ်ဖို့ မမေ့သင့်ပါဘူး။

    ၇။ အမွေးအမျှင်တွေကို ရိတ်ပါ။

    မျက်နှာပေါ်က အမွေးအမျှင်တွေဟာ လူကို ပိုပြီး အိုမင်းရင့်ရော်စေသလို ကြည့်ရတာလည်း မကောင်းပါဘူး။ ကိုယ်ခန္ဓာ အထူးသဖြင့် ချိုင်းလို နေရာမျိုးမှာ အမွေးအမျှင်တွေ များလွန်းရင် ချွေးထွက်တဲ့အခါ အနံ့အသက်လည်း မကောင်းနိုင်သလို ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့လည်း ပိုမိုလွယ်ကူစေပါတယ်။ ဒါကြောင့် အမွေးအမျှင်တွေကို ပုံမှန်ရိတ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်လည်း အရေးပါသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ တိုးစေနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement