backup og meta

ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကိုယ်တိုင်ဖျက်ဆီးမိနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Ye Zon Aung မှ ရေးသားသည်။ · 17/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကိုယ်တိုင်ဖျက်ဆီးမိနေပြီလား

    လူတစ်ယောက်ရဲ့ နေ့စဉ်ရှင်သန်ရပ်တည်မှုမှာ ကိုယ်ခံအားစနစ် (Immune System) က သိပ်ကို အရေးပါလှပါတယ်။ ကျန်းမာဖို့၊ ရောဂါဘယ ကင်းရှင်းဖို့၊ အလုပ်တွေလုပ်နိုင်ဖို့၊ နောက်ဆုံး ကုန်ကုန်ပြောရရင် ပျော်ရွှင်ဖို့အထိ ကိုယ်ခံအားလေးတော့ လိုတာပေါ့။

    ဒါပေမယ့် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ ဘဝနေထိုင်မှုပုံစံက ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ဖျက်ဆီးနေတတ်ပါတယ်။ ဒါကို မသိလိုက်ဘာသာနဲ့ နေထိုင်မယ်ဆိုရင် ကိုယ်ခံအားစနစ် အားနည်းလာမှာဖြစ်ပြီးတော့ ရောဂါဘယတွေ ကပ်ငြိတွယ်ကပ်ဖို့ လက်ကမ်းခေါ်နေသလိုဖြစ်နေပါလိမ့်မယ်။

    ကိုယ်ခံအားစနစ် အားနည်းနေသူတစ်ယောက်ဆီကို တွယ်ငြိဖို့ ကိုယ့်ပတ်ဝန်းကျင်မှာ ပိုးမွှားပေါင်းမြောက်များစွာ ရှိနေတယ်ဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။

    ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကိုယ်တိုင် ဖျက်စီးမိတာမျိုး မဖြစ်စေဖို့ အထူးလိုအပ်ပါတယ်။ အောက်မှာ ဖော်ပြမယ့် အချက် ၆ ချက်ကို သင်ပြုမူမိနေပြီဆိုရင်တော့ သင့်ဟာ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကိုယ်တိုင်ဖျက်စီးမိနေပြီဆိုတာပါပဲ။

    ၁။ အိပ်ရေးမဝခြင်း

    အိပ်ရာဝင်ချိန် မမှန်တာ၊ အိပ်ရာထိချိန် မမှန်တာ၊ အိပ်ချိန်နည်းတာ၊ အိပ်ချိန်အလွန်အကျွံများလွန်းနေတာ စသဖြင့် ဘယ်လိုအကြောင်းတွေကြောင့် မဆို အိပ်ရေးမဝဖြစ်တတ်ပါတယ်။ ဒီလိုအိပ်ရေးမဝတာဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

    အိပ်ရေမဝတဲ့အခါမှာ stress hormone လယ်ဗယ်မြင့်တက်လာတက်ပြီး ခန္ဓာကိုယ်ကို ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဘယတွေ ကူးစက်နိုင်ခြေမြင့်မားတတ်တာမို့ ကောင်းကောင်း အိပ်စက်အနားယူဖို့ လိုတယ်လို့ လမ်းညွှန်ကြတာပါ။

    အရွယ်ရောက်ပြီး လူတစ်ယောက်အနေနဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ဆိုရင် တစ်နေ့ကို ၇ နာရီနဲ့ ၉ နာရီကြားပမာဏ အိပ်စက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

    ၂။ လေ့ကျင့်ခန်း မလုပ်ခြင်း

    လေ့ကျင့်ခန်းလုပ်တာနဲ့ ပတ်သက်ပြီး လူအများစုမှာ အမြင် ၂ မျိုးရှိကြပါတယ်။ တစ်ခုက လှချင်လို့ လုပ်တာလို့ မြင်တာပါ၊ နောက်တစ်ခုက ကျန်းမာရင် လုပ်စရာမလိုဘူးလို့ မြင်တာပါ။ ဒီနှစ်ခုလုံးဟာ မှန်မလိုနဲ့ မမှန်ပါဘူး။

    လူတိုင်း လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ Gym သွားပြီး ဆဲလ်ဖီရိုက်ခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်ဘာသာ အိမ်မှာနေရင်း ရုံးတက်ရင်းလည်း လုပ်လို့ရပါတယ်။

    လူတစ်ယောက်ဟာ တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်ပေးရင်တောင်မှ ကိုယ်ခံအားစနစ်ကို တော်တော်လေး အထောက်အကူဖြစ်စေမှာပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က feel-good chemicals တွေကို ပိုမိုထုတ်လွှတ်ပေးနိုင်တာမို့ အိပ်ပျော်စေနိုင်ပြီး ကိုယ်ခံအားစနစ်ကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။

    ၃။ နည်းမှန်လမ်းမှန် မစားခြင်း

    ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ဆိုရင် Diet ကျကျစားသုံးပေးဖို့လည်းလိုအပ်ပါတယ်။ Diet လုပ်တယ်ဆိုတာ အစားလျှော့စားတာကို ဆိုလိုတာမဟုတ်ပါဘူး။ အာဟာရပြည့်ဝအောင် မှီဝဲစားသုံးတာကိုဆိုလိုတာပါ။ ဒီအချက်ကို လူအတော်များများက နားလည်မှုလွဲနေတတ်ပါတယ်။

    သကြားဓာတ်တွေ၊ အယ်လ်ကိုဟောတွေ၊ ကယ်လိုရီတွေ၊ အဆီဓာတ်တွေကို လျှော့ချပြီး ဗီတာမင်နဲ့ သတ္ထုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မှီဝဲပေးခြင်းအားဖြင့် ကိုယ်ခံအားစနစ်ကို ပိုပြီး အားကောင်းလာစေမှာပါ။

    ဒီလိုမဟုတ်ပဲ အသင့်စားအစားအစာတွေ၊ ကော်ဖီတွေ၊ အရက်သေစာတွေ၊ အဆီအဆိမ့်တွေချည် လှိမ့်စားနေရင်တော့ ကိုယ့်ဆီကို ရောဂါဘယတွေ ရောက်လာအောင် ကြိုဆိုနေတဲ့ သဘောပါပဲ။

    ၄။ စိတ်ဖိစီးမှု များနေခြင်း

    မြန်မာ စကားပုံရှိပါတယ်။ စိတ်ထောင်းရင် ကိုယ်ကျေတယ်ဆိုတာပါ။ တကယ်လည်း စိတ်ဖိစီးမှုများနေတဲ့ လူတစ်ယောက်ဟာ ဘယ်အရာကိုမှ လုပ်ဖို့ စိတ်ဓာတ်တက်ကြွခြင်းမရှိတော့တာမို့ ကိုယ်ခံအားစနစ်လည်း အားနည်းလာပြီး ယိုယွင်းလာပါလိမ့်မယ်။

    ဒါဆိုရင် ရောဂါတွေ၊ ကူးစက်ပိုးတွေ ကိုယ့်ဆီကို ရောက်လာဖို့ ပိုမိုလွယ်ကူတဲ့ အခြေအနေဖြစ်သွားပါလိမ့်မယ်။ Chronic Stress လို့ ခေါ်တဲ့ နာတာရှည် စိတ်ဖိစီးမှုဝေဒနာကို ခံစားနေရသူတွေဆိုရင်တော့ အခြေအနေတွေက ပိုမိုဆိုးရွားနိုင်ပါတယ်။

    ၅။ အထီးကျန်ခြင်း

    အထီးကျန်နေတဲ့လူတွေဟာ စိတ်ဖိစီးမှုဝေဒနာကို ခံစားနေရသူတွေလိုပါပဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ကိုယ်တွင်း ခုခံမှုစနစ်တွေ အားနည်းလာတတ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှု နည်းပါးလာခြင်းရဲ့ နောက်ပိုင်းမှာ စိတ်ဓာတ်ကျခြင်းက တွဲလျက်ပါလာတတ်ပြီး ကိုယ့်ရဲ့ ကျန်းမာနုပျိုမှုကိုပါ ထိခိုက်စေတော့မှာပါ။

    ပတ်ဝန်းကျင်၊ မိတ်ဆွေတွေနဲ့ ဆက်ဆံမှုရှိနေပြီး လုံခြုံမှု၊ ခိုင်မာအားကောင်းမှုနဲ့ အဓိပ္ပါယ်ရှိမှုကို ခံစားမိနေမှသာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကလည်း လိုက်ပါကျန်းမာလာမှာဖြစ်ပါတယ်။ အထီးကျန်သူတွေဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ရာမှာ အားနည်းနေတတ်ပြီး တစ်ခါတရံမှာ ကာကွယ်ဆေးတွေတောင် အာနိသင်နည်းပါးသွားတာမျိုးအထိ ဖြစ်တတ်ပါတယ်။

    ၆။ ပျော်ရွှင်မှု ပျောက်ဆုံးခြင်း

    ပျော်ပျော်နေတတ်တဲ့ စိတ်ဝိညာဉ်လေး ပျောက်ကွယ်သွားပြီဆိုရင် stress hormones က အလိုလို မြင့်မားလာပြီလို့ ဆိုရမှာပါ။

    ဒါကြောင့် လူတွေ ကျန်းမာဖို့ ရယ်မောပျော်ရွှင်နေဖို့ လိုအပ်တယ်လို့ ဆိုထားတာပါ။ စိတ်ပျော်ရင်ကျန်းမာနေရင် ကိုယ်ခံအားစနစ်ဟာ ကူးစက်နိုင်တဲ့ ဝေဒနာတွေကို အားကောင်းမောင်းသန် ပြန်လည် တိုက်ထုတ်ပေးနိုင်ပါတယ်။ စိတ်ညစ်နေသူတစ်ယောက်၊ မပျော်မရွှင်ဖြစ်နေသူတစ်ယောက် ဟာသဉာဏ်ပျောက်ဆုံးနေသူ တစ်ယောက်အတွက်ဆိုရင်တော့ ဆန့်ကျင်ဘက်ပါပဲ။

    ဒါကြောင့် ဘဝကိ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ တိုက်တွန်းနေရတာပါ။ လူတစ်ယောက်က ဟာသဗီဒီယိုတွေကို ၃ ရက်လောက် ဆက်တိုက်ကြည့်ကြည့်မယ်ဆိုရင် သူ့ရဲ့ Stress Hormones တွေ လိုလိုကျဆင်းသွားပြီး ပိုကျန်းမာလာတတ်တယ်လို့ လေ့လာချက်တွေကလည်း ဆိုထားပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Ye Zon Aung မှ ရေးသားသည်။ · 17/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement