backup og meta

ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ

ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ
ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ

သင်ဟာ နေ့စဉ် ကိစ္စများမြောင်နဲ့ မအားမလပ် လှုပ်ရှားတက်ကြွနေမယ် ဆိုပါစို့။ အားရတယ် မရှိဘူး ဇယ်ဆတ်သလိုလုပ်နေရတာပဲ လို့လည်း နှုတ်ကနေ ဖွင့်ဟညည်းတွားမိပါလိမ့်မယ်။ သင်ဟာ တကယ်ကိုပဲ အလုပ်နဲ့ လက်နဲ့မပြတ်သူဆိုရင် နောင်မှာလည်း အလုပ်တွေကို အင်ပြည့်အားပြည့် လုပ်နိုင်အောင် ခေတ္တအနားယူဖို့တော့ လိုပါတယ်။ စိတ်ရောကိုယ်ပါ အပြည့်အ၀ အနားယူခြင်းကို ဆိုလိုပါတယ်။ နားနေချိန်မှာတောင် စိတ်ထဲမှာ လုပ်စရာတွေကို တန်းစီစဉ်းစားနေခြင်းဟာ သင့်အားအင်တွေကို ထင်သလောက် ပြန်ပြည့်ဝစေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ ။

ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ

သင့်အနေနဲ့ အလုပ်စားပွဲကထပြီး ထမင်းစားဖို့၊ တစ်နေရာမှာထိုင်ပြီး ကော်ဖီသောက်ဖို့တောင် အချိန်မပေးနိုင်ဖြစ်နေပါလိမ့်မယ်။ အပေါင်းအသင်းများနဲ့ တွေ့ဆုံစားသောက်စဉ်မှာလည်း သင့်စိတ်ဟာ စကားဝိုင်းမှာ ရှိမနေပါဘူး။ ထိုင်ရမလို ထရမလို အလုပ်ပဲပြေးလုပ်ရမလို ဝေခွဲမရဖြစ်နေတတ်ပါတယ်။

  • ကောင်းကောင်း မအိပ်နိုင်ခြင်း

အိပ်စက်ခြင်းဟာ အကောင်းဆုံးသော အနားယူခြင်း ဖြစ်ပါတယ်။ တစ်နေ့တာအလုပ်များကို လက်စမသတ်ဘဲ အိပ်ချိန်ထဲက ဖဲ့ပေးနေရတာ ကြာလာရင် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ အလားတူပဲ အလုပ်ပြီးချိန် အိပ်ရာဝင်ရင်တောင် နောက်တစ်ရက်လုပ်စရာတွေဆီ စိတ်ရောက်ပြီး အိပ်မပျော်တာတွေ ကြုံလာနိုင်ပါတယ်။ အိပ်ဆေးတွေ သောက်လာရပါတယ်။

သင့်ရဲ့ ပုံမှန်စားသောက်ပုံကနေ ပြောင်းလဲလာခြင်းဟာ သင့်လုပ်လက်စအလုပ်တွေကနေ ခဏအနားယူဖို့ ပြနေတဲ့လက္ခဏာပါပဲ။ အရင်စားသလောက် မစားနိုင်တော့တာ၊ မစားဘဲ လွတ်သွားတာ၊ စားချိန်မမှန်တာ စတာမျိုးတွေကို ဆိုလိုပါတယ်။ ထမင်းအစား သရေစာတွေကိုပဲ အလွန်အကျွံ စားလာခြင်းဟာလည်း ဒီအချက်မှာ အကျုံးဝင်ပါတယ်။

  • စိတ်အားထက်သန်မှုမရှိခြင်း

သင် အလုပ်တွေလုပ်ဖို့လည်း ရှိသေးတယ်။ ဒါပေမယ့် ဆက်လုပ်ရမှာလည်း စိတ်မပါဖြစ်နေနိုင်ပါတယ်။ ဝါသနာပါပြီး စိတ်ပါလက်ပါလုပ်ဖူးတဲ့ အရာတွေကိုတောင် စိတ်ထက်သန်မှု မရှိတော့ပါဘူး။ အပေါင်းအသင်းများနဲ့ လူမှုရေးကိစ္စတွေကိုလည်း ရှောင်လာပါတယ်။

သင့်အနေနဲ့ ယခင်က ကျန်းမာရေးကောင်းရင်တောင် နောက်ပိုင်းမှာ ချူချာသလိုဖြစ်လာပါတယ်။ မကြာခဏ နှာစေးချောင်းဆိုးခြင်းတုပ်ကွေးဖြစ်ခြင်း စတာတွေ ကြုံလာတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားနည်းလာတဲ့ သဘောပါပဲ။

အစည်းအဝေးမှာ ထိုင်နေရင်းနဲ့ ရှေ့ကလူဘာပြောသွားသလဲ မမှတ်မိတော့ပါဘူး။ ဒါမှမဟုတ် သာမန်အချိန်မှာ နားလည်လွယ်တဲ့ စာတစ်ပိုဒ်ကို ဖတ်နေရင်းနဲ့ နားမလည်ဘဲ ခဏခဏပြန်ဖတ်နေရတာမျိုး ဖြစ်ပါတယ်။

  • သင့်နေ့စဉ်ဘဝကို ရှုမြင်ပုံပြောင်းလာခြင်း

သင့်တစ်နေ့တာအလုပ်တွေပြီးစီးချိန်မှာ သင့်အနေနဲ့ စိတ်ကျေနပ်မှု၊ အောင်မြင်ပြီးမြောက်မှုကို ခံစားသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ နောက်တစ်ရက်မှာလည်း ဒါတွေပဲ ဆက်လုပ်နေရမှာပါလားဆိုပြီး စိတ်ပျက်လက်ပျက်ခံစားလာရင် သင့်ကိုယ်သင်ပြန်ဆန်းစစ်သင့်ပါတယ်။

သင့်လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ မကောင်းတဲ့အချက်တွေကိုပဲ တွေးလာမိပါလိမ့်မယ်။ အိမ်မှာလည်း မိသားစုဝင်တွေကို အဆိုးမြင်လာပါလိမ့်မယ်။ သူတို့ ဘာပြောပြော သင်စိတ်မရှည်ဖြစ်လာပါတယ်။ ဆူပူအော်ဟစ်မှုတွေ လုပ်မိပြီးမှ ငါဘာဖြစ်သွားပါလိမ့်ဆိုပြီး စိတ်ပြန်ထိန်းရတဲ့အဖြစ်မျိုး မကြာခဏကြုံလာပါတယ်။

…………………………………..

အထက်ဖော်ပြပါ လက္ခဏာများကြုံလာရရင် သင့်အနေနဲ့ မိမိဖာသာ ပြန်လည်ဆန်းစစ်သင့်ပါတယ်။ လုပ်လက်စအလုပ်တွေကနေ ခေတ္တအနားယူဖို့ လိုပါတယ်။ မိမိယုံကြည်စိတ်ချရသူများနဲ့ ဖွင့်ဟတိုင်ပင်သင့်ပါတယ်။ အနားမယူရင် နောင်မှာ စိတ်ကျခြင်း၊ စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်ခြင်းအပြင် လူမှုဆက်ဆံရေးကိစ္စတွေမှာပါ သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

နောင်မှာ အလုပ်တွေကို ထိထိရောက်ရောက်ဆက်လုပ်နိုင်ဖို့ ယခုအချိန်မှာ အနားယူလိုက်ပါ။ အနားယူတာက အချိန်ဖြုန်းတာ မဟုတ်ပါဘူး။ ဒါက ရှေ့ဆက်ဖို့ အားဖြည့်တာပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/i-need-a-break Accessed Date 15 september 2020

ယခုပုံစံ

21/03/2024

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ဖိစီးမှုဟာ သင့်ဥပဓိရုပ်ကို ဘယ်လိုထိခိုက်စေသလဲ

ကောင်းကောင်းမွန်မွန်အနားယူပြီး စမတ်ကျကျအလုပ်လုပ်နိုင်သောနည်း


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


21/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement