backup og meta

အသည်းရောင် အသားဝါ C ပိုးရှိနေတဲ့သူတစ်ယောက် ဘယ်လိုဆက်ပြီး ကျန်းမာအောင် နေထိုင်ရမလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 01/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင် အသားဝါ C ပိုးရှိနေတဲ့သူတစ်ယောက် ဘယ်လိုဆက်ပြီး ကျန်းမာအောင် နေထိုင်ရမလဲ ။ ။

    အားလုံးသိကြမှာပါ။ အသည်းကို ဒုက္ခပေးနေတဲ့ ရောဂါပိုးတွေထဲမှာမှ အသည်းရောင် အသားဝါ Bပိုးနဲ့ C ပိုးက အဆိုးဆုံးဆိုတာ။ B ပိုးကမှ ကာကွယ်ဆေးထိုးပြီး ကြိုကာကွယ်လို့ရသေးတယ်။ စမ်းသပ်ဆဲဖြစ်လို့ ကာကွယ်ဆေးမရှိသေးဘူးလို့ပြောလို့ရတဲ့ C ပိုး ကူးစက်ခံရပြီဆိုရင် ဘာတွေဆက်လုပ်ကြမလဲ။ အသည်းရောင် အသားဝါ C ပိုးရှိနေတဲ့သူတစ်ယောက် ဘယ်လိုဆက်ပြီး ကျန်းမာအောင် နေထိုင်ရမလဲ။

    အသည်းရောင် အသားဝါ C ပိုးရှိနေတဲ့သူတစ်ယောက် ဘယ်လိုဆက်ပြီး ကျန်းမာအောင် နေထိုင်ရမလဲ ။ ။

    စီပိုးရှိနေတယ်လို့ ဆိုလိုက်တာနဲ့ လူတိုင်း စိတ်ဓာတ်ကျသွားမှာ အမှန်ပါ။ သူက ကိုယ့်ဆီကနေ အခြားသူဆီကို သွေးကနေ လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ ရောဂါဆိုတော့ ဒီရောဂါပိုးရှိနေပြီဆိုတာနဲ့ စိတ်ညစ်တတ်ကြတာ အမှန်ပါ။

    ဒါပေမယ့် နောက်ပိုင်းတိုးတက်လာတဲ့ ဆေးပညာအရ ဆေးပုံမှန်သောက်မယ်ဆိုရင် စီပိုးကနေ အသည်းကိုဒုက္ခမပေးနိုင်တော့အောင် ကာကွယ်နိုင်မှာဖြစ်သလို ကူးစက်မှုနှုန်းကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ် ။

    တစ်ခုရှိတာက ဆေးသောက်တာနဲ့တင် ပြီးပြီလား။ အခြား ပြုပြင်ရမယ့်နေထိုင်မှု ပုံစံတွေရောရှိသေးလား။

    အသည်းရောင် အသားဝါ စီ ရောဂါပိုးရှိတဲ့သူတစ်ယောက်အနေနဲ့ ဆေးသောက်တာအပြင် အခြားပြုပြင်ရမယ့် နေထိုင်မှုပုံစံတွေ ရှိပါသေးတယ်။ ဒါတွေသိထားမှ လူလည်းကျန်းမာ အသည်းကိုလည်းထပ်ပြီး ထပ်မထိခိုက်တော့မှာဖြစ်ပါတယ်။

    • အရက်လျှော့သောက်ပါ။ ရှောင်နိုင်ရင် ပိုကောင်းပါတယ်။

    အသည်းနဲ့ပတ်သက်လို့ ပြဿနာတစ်ခုခုရှိနေလို့ကတော့ ပြင်ရမယ့် ကိုယ့်ပုံစံထဲမှာ အရက်လျှော့သောက်ဖို့၊ အရက်ဖြတ်ဖို့က ထိပ်ဆုံးကအရေးကြီးဆုံးထဲက တစ်ချက်ပါ။ အရက်ဆိုတာ နဂိုတည်းကမှ အသည်းကို ထိခိုက်ပျက်စီးစေတဲ့အရာမဟုတ်ထား။

    နည်းနည်းသောက်ရင် ကိစ္စရှိတာ၊ မရှိတာကို ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ အသည်းလည်းထိခိုက်နေတယ် အသည်းရောင် အသားဝါ စီပိုး အတွက်လည်း ကုသမှု ခံယူနေတတယ်ဆိုရင် အရက်လုံးဝဖြတ်လိုက်တာအကောင်းဆုံးပါ။

    • အသည်းအတွက် ကျန်းမာစေတဲ့ အစားအစာတွေစားပါ။

    အသည်းရောင် အသားဝါကို ကုသပေးတဲ့ အစားအစာတွေတော့ မရှိပါဘူး။ ဒါပေမယ့် အသည်းရောင်အသားဝါ စီပိုးဒဏ်ကို ခံနေရတဲ့ အသည်းကို အားပေးဖို့တော့ အစားအစာတွေ စားပေးလို့ရပါတယ်။ အသီးအရွက်တွေ များများစားပေးပါ။

    တာရှည်ခံအစားအစာတွေ များများစားမယ့်အစား လတ်ဆတ်တဲ့ ကောက်ပဲသီးနှံတွေစားပေးပါ။ အသည်းအဆီဖုံးတဲ့ ပြဿနာ မဖြစ်စေဖို့အတွက် ဆီကြော်မုန့်တွေ၊ အဆီများတဲ့အစားအစာတွေကို လျှော့စားပါ။ ဆီးချိုကိုပါ ကြိုကာကွယ်ဖို့ အချိုလျှော့စားပါ။

    • ဖြည့်စွက်အားဆေးတွေနဲ့ ဆေးတွေ သောက်တဲ့အပိုင်းမှာလည်း သတိထားစေချင်ပါတယ်။

    အသည်းဆိုတာ ကိုယ်ထဲ ဝင်လာတဲ့ ဆေးတွေ ဖြိုခွဲပေးရတယ်။ အဆိပ်အတောက်တွေကို ဖယ်ရှားပေးရတဲ့ အပိုင်းမလား။ ဒီလောက်အရေးကြီးတဲ့ အသည်းလေးမှာ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံနေရတော့ နေ့စဉ်သောက်တဲ့ ဆေးဝါးတွေကိုပါ သတိထားသင့်ပါတယ်။

    ကိုယ်သောက်လိုက်တဲ့ တချို့ဆေးတွေက အသည်းကို ပိုထိစေတဲ့ ဆေးမျိုးတွေ ဖြစ်နေမယ်ဆိုရင် အသည်းပျက်စီးဖို့အချိန်က ခဏလေးနဲ့တင်ဖြစ်သွားမှာပါ။ ဒါ့ကြောင် အသည်းရောင်အသားဝါ စီပိုးကို ကုသပေးတဲ့ဆေးတွေမဟုတ်ဘဲ အခြားသောက်ချင်တဲ့ဆေးတွေ ရှိရင် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးသောက်သ့င်ပါတယ်။

    • စီပိုးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားပါ။

    စီပိုးကုသမှုရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ နုန်းခွေနေတာမျိုးတွေ၊ တစ်ကိုယ်လုံး ကိုက်ခဲနေတာမျိုးတွေ ကိုယ်အလေးချိန်ကျဆင်းတာမျိုးတွေရှိခဲ့ရင် ဆေးကို ကိုယ့်သဘောနဲ့ကိုယ် ရပ်တာမျိုး မလုပ်ဘဲ ကိုယ်ဘယ်လိုခံစားနေရကြောင်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

    • စီပိုးဆိုတာ လိင်ဆက်ဆံရာက ကူးစက်တဲ့ ရောဂါပိုးတစ်ခုဆိုတာ သတိရပါ။

    အသည်းရောင် အသားဝါစီပိုးဆိုတာ သွေးကနေတစ်ဆင့်ကူးစက်တတ်တာများပါတယ်။ သုက်ရည်၊ မိန်းမကိုယ်အရည်တွေကနေ ကူးစက်တာတော့ ရှားပါတယ်။ ဒါပေမယ့် လုံးဝမကူးတာတော့ မဟုတ်ပါဘူး။

    ဒီတော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး လိင်မှုရေးရာပိုင်းမှာ ရှောင်ရ၊ ဆောင်ရမှာတွေကို သေချာသတိထားစေချင်ပါတယ်။ လိင်ကတဆင့် ကူးစက်တာ ရှားတယ်ဆိုပေမယ့် စိတ်ချရချင်ရင် ကွန်ဒုံးသုံးပါ။ ရာသီလာနေချိန် လိင်ဆက်ဆံတာ၊ စအိုကနေ လိင်ဆက်ဆံတာမျိုးတွေမှာ ကွန်ဒုံးကို မဖြစ်မနေသုံးရပါမယ်။

    • စိတ်ဓာတ်ကျပြီး အိမ်ထဲပဲအောင်းနေစရာမလိုပါဘူး။

    ငါ့မှာတော့ စီပိုးရှိတယ်။ သူများတွေ ငါ့ကို ရောဂါဖြန့်ဝေနေသူကြီး တစ်ယောက်အဖြစ် မြင်ကြလိမ့်မယ်။ ငါဘယ်မှမသွားတော့ဘူး စတဲ့အတွေးတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီအစား ကံမကောင်းခဲ့လို့ C ပိုး ကူးစက်ခံခဲ့ရတယ်။ အခြားသူတွေ မကူးစက်အောင် ဘယ်လိုတော့နေထိုင်မယ်။ ဒီရောဂါပိုးက ဘယ်လိုမျိုးဆိုကူးစက်နိုင်တာလဲ ဆိုတာတွေကို အခြားသူတွေ နားလည်အောင် ပြောပြပါ။ အိမ်တွင်းမှာပဲ အောင်းနေစရာမလိုပါဘူး။ အပြင်လေးဘာလေးထွက်၊ လူတွေနဲ့ ထိတွေ့ပါ။ ပုံမှန်လူမှုဘဝအတိုင်း နေထိုင်ပါ။

    နောက်ပြီး ပြောင်းလဲ လိုက်နာသင့်တဲ့ အခြားအချက်တွေကတော့

    • အားရှိအောင် အိပ်ရေးဝဝအိပ်ပါ။ နေ့လယ်ခင်းတွေမှာလည်း တစ်ရေးအိပ်ပါ။
    • ရေများများသောက်ပါ။
    • စီပိုး ကုသမှုတွေကြောင့် ပျို့အန်ချင်တာမျိုးတွေ ရှိတတ်တဲ့အတွက် အစားကို နည်းနည်းနဲ့ အကြိမ်ရေများများ ခွဲစားပါ။
    • အသည်းရောင် အသားဝါစီပိုး ကူးစက်ခံရတဲ့ ပြဿနာဆိုတာ နာတာရှည်ရောဂါတစ်ခုဖြစ်တာကြောင့် ကုသမှု အပိုင်းမှာ စိတ်ရှည်ရမယ့်အပြင် စိတ်ဖိစီးမှုကိုလည်း အတတ်နိုင်ဆုံး အနည်းဆုံးဖြစ်အောင် နေရမှာပါ။

    ရေးသားသူ- Dr Thin Yadanar@ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 01/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement