
Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ
စီပိုးကြောင့်အသည်းရောင်ခြင်း ဖြစ်နိုင်ခြေကို မြင့်စေတဲ့ အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
- ပိုးရှိသူနဲ့ မကြာခဏ ထိတွေ့နေရရင် (ဥပမာ ကျန်းမာရေးဝန်ထမ်းများ၊ လူနာကို အဓိကပြုစုရသူများ)
- မူးယစ်ဆေးများသုံးနေရင် သို့မဟုတ် HIV ရှိနေရင်
- တခြားသူထိုးပြီးသားအပ်နဲ့ တက်တူးထိုးဖူးရင် သို့မဟုတ် မသန့်ရှင်းသည့်နေရာတွင် တက်တူးထိုးဖူးလျှင်
- ပိုးရှိမရှိ မသေချာသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရင်
- လိင်ဆက်ဆံဖော်များရင် ဖြစ်နိုင်ခြေ များပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုတိကျသော အချက်အလက်များရရှိရန်အတွက် ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။
ဗိုင်းရပ်စ်နဲ့ ထိတွေနိုင်ခြေမြင့်ကြောင်း သံသယရှိပါက ဆရာဝန်မှ စစ်ဆေးမှုတစ်ချို့ကို ပြုလုပ်ပါလိမ့်မယ်။ သွေးစစ်ဆေးမှုများမှ စီပိုးရှိမရှိသိနိုင်ခြင်း၊ သွေးတွင်း၌ စီပိုးပမာဏကို သိနိုင်ခြင်း၊ ဆေးကုသမှုကိုအတွက် ဗိုင်းရပ်စ်ဗီဇစစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။
တကယ်လို့ အသည်းပါပျက်စီးနေပြီလို့ သံသယရှိတဲ့အခါ ပျက်စီးမှုပမာဏကိုသိနိုင်ဖို့ အသည်းစနမူနာယူကောင်း ယူရနိုင်ပါတယ်။ အသည်းစနမူနာက ရောဂါရဲ့အတိမ်အနက်၊ ကုသမှုပုံစံတို့ကို ဆုံးဖြတ်ရာမှာ အထောက်အကူပြုပါတယ်။
Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ
ခန္ဓာကိုယ်တွင်းမှာ ဗိုင်းရပ်စ်ပိုးပွားလာခြင်းကို ဆေးတွေနဲ့ ထိန်းချုပ်လို့ရပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက် ကုသနိုင်ဖို့ ဆေးကို လပေါင်းများစွာ စွဲသောက်ဖို့ လိုပါတယ်။ အသုံးများတဲ့ ဆေးတွေကတော့ pegylated interferon နှင့် ribavirin ဖြစ်ပြီး simeprevir, sofosbuvir နှင့် daclatasvir တို့လည်း ပါဝင်နိုင်ပါတယ်။
နောက်ဆုံးပေါ်ဆေးတွေနဲ့ ကုသရာမှာ အရှင်းပျောက်ကင်းနှုန်းသည် ၉၀% ကျော်တယ်လို့ ဆိုကြပါတယ်။ အရှင်းပျောက်တယ်ဆိုတာက သွေးထဲမှာ ပိုးက စစ်ဆေးလို့ မရအောင် နည်းသွားတာဖြစ်ပြီး လုံးဝမရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ထပ် မကူးစက်စေဖို့ လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။
အသည်းပျက်စီးသွားရင်တော့ အသည်းအစားထိုးဖို့ စဉ်းစားရပါမယ်။ ဒါပေမယ့် ဒါက အသည်းပျက်စီးတာကို သက်သာစေတာပဲ ဖြစ်ပြီး စီပိုးတွေ ပျောက်သွားတာ မဟုတ်ပါ။ ဒါကြောင့် အသည်းအစားထိုးထားပေမယ့် လိုအပ်ရင် စီပိုးကို ဆက်ကုနေရဦးမှာ ဖြစ်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
စီပိုးကြောင့် အသည်းရောင်တာကို ပိုမဆိုးစေဖို့နဲ့ ကုသတဲ့နေရာမှာ အထောက်အကူဖြစ်အောင် အောက်ပါအချက်တွေကို လိုက်နာပါ။
- အရက်ဖြတ်ပါ
- အသည်းထိစေမည့် ဆေးများ၊ သစ်ဥသစ်ဖုများကို ရှောင်ပါ
- အနာများရှိလျှင် သင့်သွေးနဲ့ တခြားသူများ မထိတွေ့မိစေရန် ဖုံးအုပ်ထားခြင်းဖြင့် ကူညီပါ။
- မုတ်ဆိတ်ရိတ်ဓား၊ သွားတိုက်တံ စတဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို မျှဝေမသုံးပါနဲ့။
- သွေး ဒါမှမဟုတ် ကိုယ်အင်္ဂါကို မလှူပါနဲ့။
- ဆေးရုံဆေးခန်းသွားတဲ့အခါ သင့်မှာ စီပိုးရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းများကို ပြောပြထားပါ။
ကာကွယ်နည်းများ
စီပိုးမှာ အေပိုးနဲ့ ဘီပိုးလိုမျိုး ကာကွယ်ဆေး မရှိတဲ့အတွက် မဖြစ်လာအောင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးနည်းလမ်းပါ။
- မူးယစ်ဆေးတွေ သုံးတာကို ရှောင်ပါ။ အထူးသဖြင့် သွေးကြောထဲ ထိုးသွင်းတာကို ရှောင်ပါ။
- ခန္ဓာကိုယ်မှာ အလှအပအတွက် အပေါက်ဖောက်တဲ့အခါ၊ တက်တူးထိုးတဲ့အခါ သတိထားပါ။ သန့်ရှင်းပြီး တစ်ခါသုံးအပ် သုံးတဲ့ ဆိုင်မှာပဲ ထိုးပါ။
- လိင်ကနေတဆင့် မကူးစက်အောင် ကာကွယ်ပါ။ ပိုးရှိမရှိ မသေချာသူနဲ့ အတူနေတဲ့အခါ ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော် မများပါစေနဲ့။
အသည်းရောင် အသားဝါ စီပိုး
- စီပိုးကြောင့် အသည်းရောင်တာက အသည်းရောင် အသားဝါ စီဗိုင်းရပ်စ် ကူးစက်ခံရလို့ပါ။
- သွေးကနေ အဓိက ကူးစက်ပါတယ်။
- ရောဂါလက္ခဏာမပြဘဲ အသည်းကို ဖျက်ဆီးနေတတ်ပါတယ်။
- ဆေးဝါးတွေနဲ့ ပိုးတွေ ၉၀%လောက် ပျောက်သွားအောင် ကုသနိုင်ပါတယ်။
- ကာကွယ်ဆေး မရှိတဲ့အတွက် မကူးစက်အောင် ကြိုတင်ကာကွယ်ထားသင့်ပါတယ်။
ရေးသားသူ- Dr Hlaing Min Ko Ko
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။