brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရေပြားပေါ်မှာဘာကြောင့် အရည်ကြည်ဖုလေးတွေ ပေါက်ပြီး နီနေရတာလဲ။

ပြောရမယ်ဆို အရေပြားဆိုတာ ပြဿနာများစွာရှိနေနိုင်တဲ့နေရာတစ်ခုပါ။ ကိုယ်ခန္ဓာရဲ့ အပြင်ဘက်ဆုံး အပိုင်းလည်းဖြစ်၊ ပတ်ဝန်းကျင်က လေထုတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာလည်း ဖြစ်တယ်လေ။ ပြီးတော့ အရေပြားပေါ်မှာ မွှေးညှင်းပေါက်လေးတွေ၊ မွှေးညှင်းနုလေးတွေ အများကြီးရှိတော့ ပိုးမွှားတွေ ရောဂါတွေအတွက် တောခိုစရာ နေရာဖြစ်နေတော့တာပေါ့၊၊ ဖြစ်လိုက်တဲ့ အရေပြားပြဿနာတွေကလည်း စုံလို့။ မှိုရောဂါဖြစ်လိုက်၊ အင်ပြင်ထလိုက်၊ ယားနာတွေဖြစ်လိုက်၊ အရည်ကြည်ဖုလေးတွေ ဖြစ်လိုက်နဲ့ စုံနေတာပဲ။ ဒီဆောင်းပါးထဲမှာ ပြောချင်တဲ့ အကြောင်းအရာကတော့ အရည်ကြည်ဖုတွေ ဖြစ်ရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

အရေပြားပေါ်မှာဘာကြောင့် အရည်ကြည်ဖုလေးတွေ ပေါက်ပြီး နီနေရတာလဲ။

အရည်ကြည်ဖုလေးတွေ ပေါက်ပြီး အရေပြားနီရဲရခြင်း အကြောင်းအရင်းများ ။

အရည်ဖုလေးတွေပေါက်ပြီးအရေပြားနီရဲရခြင်း အကြောင်းအရင်းများ ။

( ၁ ) ရေကျောက်

ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ ဒီရေကျောက် ပြဿနာဟာ လေထဲကနေကူးစက်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အရေပြားပေါ်မှာ အရည်ကြည်ဖုတွေပေါက်ခြင်းက သူ့ရဲ့ အဓိက လက္ခဏာတစ်ခုပါ။ ဝေဒနာခံစားနေရသူရဲ့ အရည်ကြည်ဖုလေးတွေ ပေါ်က အရည်တွေနဲ့ ထိတွေ့မိရာကနေလည်း ကူးစက်နိုင်တဲ့ရောဂါတစ်ခုပါ။

( ၂ ) Shingles (herpes zoster) ဆင်ရေယုန်

ရေယုန်ရောဂါ အပြင်းစားတစ်မျိုးဖြစ်ပြီး ရေကျောက်ကိုဖြစ်စေတဲ့ ဗိုင်းရပ်ရဲ့ မျိုးစိတ်ကွဲတစ်ခုကြောင့် ဖြစ်ရတဲ့ ပြဿနာတစ်ခုပါ။ စစချင်းလက္ခဏာတွေကတော့ အရေပြားမှာ စပ်ဖျင်းဖျင်းဖြစ်တာ၊ ယားယံတာနဲ့ ကိုယ်လက်ကိုက်ခဲ နုံးခွေတာတွေဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်က အာရုံကြောအတွင်း စခန်းချတာကြောင့် ဗိုင်းရပ်စ်ရှိနေတဲ့ အာရုံကြောသွားတဲ့ အရေပြားနေရာတွေမှာ အရည်ကြည်ဖုလေးတွေပေါက်တတ်ပါတယ်။ ထွက်လာတဲ့ အရည်တွေကနေတစ်ဆင့် အခြားနေရာတွေကို ပြန့်သွားတတ်သလို အခြာသူတစ်ယောက်ဆီကိုလည်း ကူးစက်သွားနိုင်ပါတယ်။

( ၃ ) Rhus dermatitis

တချို့အပင်တွေမှာပါတဲ့ အစေး (poison ivy, poison oak, and poison sumac)နဲ့ ထိတွေ့မိပြီး အရေပြားလောင်တာကို Rhus dermatitis လို့ခေါ်ပါတယ်။ မြင်သာအောင် ပြောရရင် သရက်သီး အစေးလောင်သလိုပဲပေါ့။ အဲဒီ လောင်စေတတ်တဲ့ အစေးထိတွေ့တဲ့နေရာမှာ အရေပြားရဲ့ တုံ့ပြန်မှု အနေနဲ့ အရည်ကြည်ဖုလေးတွေကို တွေ့နိုင်ပါတယ်။

( ၄ ) လိင်အင်္ဂါရေယုန်

အရေပြားပေါ်မှာဘာ့ကြောင့် အရည်ကြည်ဖုလေးတွေ ပေါက်ပြီး နီနေရတာလဲ။

Herpes simplex virus 2 ကြောင့်ဖြစ်တဲ့ ဒီ လိင်အင်္ဂါရေယုန်ဟာ စစချင်းမှာတော့ ယားယံတဲ့ အရည်ကြည်ဖုလေးတွေ အဆင့်လောက်ပဲ ရှိသေးပေမယ့် နောက်ပိုင်း သေချာမကုသရင် အနာတွေဖြစ်တဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။ လိင်အင်္ဂါပတ်လည်မှာဖြစ်တတ်တာကြောင့် လိင်ဆက်ဆံရာကတစ်ဆင့် အခြားတစ်ယောက်ဆီကို ကူးစက်သွားတတ်ပါတယ်။

( ၅ ) Dyshidrotic eczema ( နှင်းခူ)

နှင်းခူရောဂါတစ်မျိုးဖြစ်တဲ့ Dyshidrotic eczema ဟာ အရည်ကြည်ဖုလေးတွေ ပြင်လိုက်ထွက်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ခြေထောက်နဲ့ လက်တွေမှာ အတွေ့များပါတယ်။ ခုခံအားကျဆင်းနေတဲ့သူနဲ့ အခြား နှင်းခူအမျိုးအစားရှိတဲ့သူတွေမှာ အတွေ့များတတ်ပါတယ်။

( ၆ ) ဝဲ

သေးငယ်တဲ့ ပိုးမွှားတွေ အရေပြားအောက်ဝင်ရာကနေဖြစ်တဲ့အဖြစ်များတဲ့ အရေပြားရောဂါတစ်မျိုးပါ။ အရေပြားပေါ် အရည်ကြည်ဖုလေးတွေ ပေါက်နေတတ်ပြီး ယားလွန်းလို့ တစ်ချိန်လုံး ကုတ်နေရတတ်ပါတယ်။ လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို အတွင်းခံတွေကနေ တဆင့်၊ ဝဲပေါက်နေတဲ့ နေရာနဲ့ ထိတွေ့မိရာကနေတဆင့် ကူးစက်သွားနိုင်ပါတယ်။

( ၇ ) Impetigo ( အနာစက်)

ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အရေပြားအပေါ်ဆုံးအလွှာမှာ အရည်ကြည်ဖုလေးတွေ၊ အဖုသေးသေးလေးတွေ ပေါက်စေပါတယ်။ မျက်နှာနဲ့ ခြေလက်တွေမှာ အတွေ့များပြီး ထိလိုက်ရင် နာနေတတ်ပါတယ်။

( ၈ ) ပွေး

အရည်ကြည်ဖုလေးတွေလည်းဖြစ်နေတယ်၊၊ ယားလည်းယားနေမယ်၊၊ အရေပြားပေါ်မှာ အဝိုင်းကွက်လေးတွေလည်း ဖြစ်နေတယ်ဆိုရင် ပွေးကိုချန်ထားလို့တော့ မရဘူးနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။