backup og meta

အရေပြားပေါ်က ဆဲလ်အသေတွေ ဖယ်ရှားခြင်းရဲ့ ကောင်းကျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားပေါ်က ဆဲလ်အသေတွေ ဖယ်ရှားခြင်းရဲ့ ကောင်းကျိုး

    ပြင်ပက နေရောင်ခြည်ဒဏ်၊ ဖုန်မှုန့်၊ အညစ်အကြေး၊ လေထုညစ်ညမ်းမှုတွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အစရှိတာတွေကြောင့် အရေပြားပေါ်က ဆဲလ်တွေဟာ ပျက်စီးလာတတ်ပါတယ်။ အရေပြားက သဘာဝအတိုင်း ကြေးချွတ်ရာမှာ ရက် ၃၀ခန့် ကြာပြီးမှ ဆဲလ်အသေတွေကို ကောင်းကောင်းဖယ်ရှားနိုင်တာပါ။ နောက်ထပ်ဆဲလ်အသစ်တွေ ထွက်လာဖို့အတွက် အရေပြားပေါ်က ဒီလို ပျက်စီးသွားတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။

    ဆဲလ်အသေတွေက သူ့အလိုလို မကွာကျဘဲ စုပုံသွားတဲ့အခါ အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်ဖို့ နှောင့်နှေးသွားပါတယ်။ ဒီအခါ အသားအရေက မွဲခြောက်ခြောက်နဲ့ ကြမ်းတမ်းလာမယ်။ အသားအရောင်မှိန်လာပြီး အဖြူဖတ်တွေ ကွာကျလာမယ်။ ချွေးပေါက်ေတွ ကျယ်လာပြီး ဖုန်နဲ့ အညစ်အကြေးတွေ၊ အဆီတွေ ခိုအောင်းဖို့ ပိုလွယ်ကူသွားတဲ့အတွက် ဝက်ခြံ၊ အဆီဖု၊ အမည်းစက်တွေ ထွက်ဖို့ ပိုလွယ်ကူသွားနိုင်ပါတယ်။

    အရေပြားဆဲလ်အသေတွေ တိုက်ချွတ်ပေးခြင်း (Exfoliation) ရဲ့ အားသာချက်တွေ

    ပုံမှန်ရေချိုးတဲ့အခါ ဆပ်ပြာနဲ့ ပွတ်တိုက်တာမျိုး မဟုတ်ဘဲ ဆဲလ်အသေတွေကို ဦးတည်ပြီး ထိထိရောက်ရောက် တိုက်ချွတ်ပေးတာဖြစ်တဲ့အတွက် အသားအရေက ပိုပြီး ကြည်လင်ဝင်းပလာမယ်၊ အလှကုန်ပစ္စည်းတွေရဲ့ အာနိသင်ကို ကောင်းစွာ စုပ်ယူနိုင်စေလို့ အသားဖြူဖို့၊ အစိုဓါတ်ထိန်းဖို့၊ ရေဓါတ်ဖြည့်ဖို့ ပိုလွယ်ကူလာပါတယ်။

    ဆဲလ်အသေတွေကို ပုံမှန်တိုက်ချွတ်ပေးတဲ့အခါ အရေပြားထဲက အသားဖြူပြီး တောက်ပစေတဲ့ ကော်လဂျင်ဟော်မုန်း (Collagen) ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် အရေပြားကို တင်းရင်းစေပြီး အရေးအကြောင်းတွေကို ပြေလျော့စေတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။

    အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်တွေကို ဖယ်ရှားဖို့ ဘာအသုံးပြုမလဲ။

    မျက်နှာအတွက်ဖြစ်စေ၊ ကိုယ်ခန္ဓါအတွက်ဖြစ်စေ၊ ဆဲလ်အသေတွေကို ဖယ်ရှားတဲ့ နေရာမှာ မရှိမဖြစ် သုံးပေးရတဲ့ ပစ္စည်းကတော့ Scrub ပါပဲ။ ဓါတုပစ္စည်းပါဝင်တဲ့ Scrub အမျိုးအစားတွေလည်း ရှိသလို အစားအစာတွေနဲ့ အိမ်မှာ အလွယ်တကူပြုလုပ်လို့ ရတဲ့ Scrub တွေကိုလည်း သုံးပေးလို့ ရပါတယ်။

    Scrub တိုက်တဲ့အခါ အရေပြားပေါ်က ဆဲလ်အသေတွေကို ဖြည်းဖြည်းချင်း ကွာကျသွားစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်မှ ၂ကြိမ်ခန့် ပုံမှန်တိုက်ချွတ်ပေးရင် အချိန်တိုအတွင်းမှာ ညိုညစ်ညစ်ဖြစ်နေတဲ့ ကိုယ့်ရဲ့ အသားအရေကို နဂိုအတိုင်း ကြည်လင်ရှင်းသန့်သွားစေမှာပါ။

    ဘယ်အချိန်မှာ Scrub ကို အသုံးပြုတာ အကောင်းဆုံးလဲ။

    ရေချိုးခါနီး ဆပ်ပြာမတိုက်ခင်မှာ အရေပြားဆဲလ်အသေတွေကို ဖယ်ရှားဖို့ Scrub နဲ့ အရင်တိုက်ပေးသင့်ပါတယ်။ အတွင်းထဲထိ စိမ့်ဝင်သွားစေဖို့၊ သွေးလည်ပတ်မှုကောင်းစေဖို့ အရေပြားကို ရေအရင်စွတ်ပြီးမှ Scrub ကို စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ပေးပါ။ ၃မိနစ်လောက် ထားထားပြီးရင် ရေနဲ့ သေချာပြောင်အောင် ဆေးပြီး မျက်နှာသစ်၊ ရေချိုးလိုက်ရုံပါပဲ။ ရေချိုးသန့်စင်အပြီး ခြောက်အောင် သုတ်ပြီးသွားရင်တော့ အစိုဓါတ်ထိန်းခရင်မ် တစ်မျိုးမျိုးနဲ့ ကိုယ် တိုက်ချွတ်ခဲ့တဲ့ နေရာအနှံ့ကို လိမ်းပေးရင် ပိုကောင်းပါတယ်။

    Scrub တိုက်တဲ့အခါ ဘာတွေ သတိထားဖို့ လိုမလဲ။

    စတိုးဆိုင်က ဝယ်တဲ့ Scrub ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်မှာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ Scrub ပဲဖြစ်ဖြစ် စတင်သုံးကာစမှာ ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိနိုင်တယ်ဆိုတာ သိထားရပါမယ်။

    အရင်ဆုံး အသုံးမပြုခင် ကိုယ်က ဘယ်လိုအသားအရေအမျိုးအစားထဲမှာ ပါနေလဲဆိုတာ သေချာသိထားဖို့ လိုပါတယ်။ အထူးသဖြင့် မျက်နှာပေါ် မတိုက်ချွတ်ခင် လက်ဖမိုးပေါ် Scrub အနည်းငယ် တင်ပြီး ပွတ်တိုက်ကြည့်ပါ။ အရမ်းယားလာတယ်၊ ဓါတ်မတည့်တဲ့ လက္ခဏာတွေဖြစ်တဲ့ အနီကွက်တွေ၊ အဖုအပိမ့်တွေ ထလာတာ၊ ပူစပ်ပူလောင် ဖြစ်သလို ခံစားနေရတယ်ဆိုရင် ဆက်မသုံးသင့်ပါဘူး။

    အကောင်းဆုံးကတော့ Scrub ကို ဝယ်ယူတော့မယ်ဆိုရင် အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ပြသပြီး ကိုယ့်အသားအရေအမျိုးအစားနဲ့ လိုက်ဖက်ညီတဲ့ တံဆိပ်ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် ပေါင်းစပ်အသားအရေနဲ့ ထိခိုက်လွယ်ပြီး ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တဲ့ အသားအရေပိုင်ရှင်တွေဆိုရင် Scrub ကို အသုံးမပြုခင်မှာ ကိုယ့်အတွက် သုံးလို့ အဆင်ပြေ၊ မပြေ သေချာစမ်းသပ်ကြည့်ပြီးမှ ဝယ်ယူတာအကောင်းဆုံးပါပဲ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement