backup og meta

အသည်းရောင်အသားဝါ Bပိုး မကူးအောင်ဘယ်လိုကာကွယ်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင်အသားဝါ Bပိုး မကူးအောင်ဘယ်လိုကာကွယ်ကြမလဲ။

    ဒီနေ့ဆောင်းပါးလေးမှာကတော့ Bပိုး မဖြစ်အောင်၊ အထူးသဖြင့် အတူနေ အိမ်သားတစ်ယောက်ယောက်မှာ Bပိုး ရှိနေတဲ့အခါ မကူးအောင် ဘယ်လို ဂရုစိုက်နေထိုင်ကြမလဲ ဆိုတာလေးကို အဓိက မျှဝေပေးချင်ပါတယ်။ အသည်းရောင် အသားဝါ B ပိုးဆိုတာ အသည်းကိုထိခိုက်စေနိုင်တဲ့ အသည်းရောင်ရောဂါကို ဖြစ်စေတဲ့ ပိုးတစ်မျိုးဖြစ်ပြီး Bပိုး ကြောင့် ဖြစ်တဲ့ အသည်းရောင်ရောဂါဟာ ကုသလို့ပျောက်နိုင်သေးပါဘူး။ နောက်ဆက်တွဲ အနေနဲ့ အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။

    မပြန့်ပွားအောင် ကူးစက်မခံရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ မပြောပြခင်မှာ အရင်ဆုံး ဘယ်လို လူတွေမှာ Bပိုး ကူးစက်ခံရနိုင်ခြေများတယ် ဆိုတာလေး နည်းနည်း မျှဝေပေးချင်ပါတယ်။

    ၁။ မကြာခဏ သွေးသွင်းကုသမှုခံယူရသူများ။

    ၂။ လိင်ဆက်ဆံဖော်များသူများ၊ ရောဂါရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမှု ရှိသူများ။

    ၃။ နာတာရှည်ကျောက်ကပ်ရောဂါရှိပြီး ကျောက်ကပ်မကြာခဏဆေးရသူများ။

    ၄။မူးယစ်ဆေး သွေးကြောထဲထိုးသွင်း အသုံးပြုသူများ၊ တက်တူးထိုးသူများ။ ( အပ်များကို မျှဝေအသုံးပြုရင်)

    ၅။ လုပ်ငန်းခွင်မှာ သွေး (သို့) သွေးနှင့် ဆက်စပ်ပစ္စည်းများဖြင့် ထိတွေ့ရသူများ။

    အဲလို လူတွေမှာ ဆိုရင်တော့ ကူးစက်ခံနိုင်ခြေတွေများပါတယ်။

    ဒါဆို ဘယ်လို ကာကွယ်နေထိုင်ကြမလဲ။

    အသည်းရောင်အသားဝါ Bပိုး ဟာ ရောဂါပိုးရှိတဲ့ မိခင်မှကလေးဆီကို ကူးနိုင်တဲ့အပြင် ရောဂါပိုးရှိတဲ့လူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေ (ဥပမာ- သွေး၊ မိန်းမကိုယ်က ထွက်တဲ့ အရည်၊ သုက်ရည်၊ ချွေး ၊ တံတွေး၊ ဆီး ) စတာတွေကနေ တစ်ဆင့်လည်း ကူးနိုင်ပါတယ်။ အဲဒီအရည်တွေက တစ်နည်းနည်းနဲ့ သွေးကြောထဲရောက်သွားတဲ့အခါ (သို့) ပြဲနေတဲ့ အရေပြားနဲ့ ထိတွေ့တဲ့အခါ (သို့) ဥပမာ ပါးစပ်အတွင်းသားတွေမှာရှိတဲ့ mucosa လို့ခေါ်တဲ့ အရေပြားနဲ့တူတဲ့ နူးညံတဲ့အလွှာတွေရှိတဲ့ နေရာတွေနဲ့ တိုက်ရိုက်ထိမိတဲ့ အခါ ကူးစက်နိုင်ပါတယ်။

    ဒါ့ကြောင့် အထူးသဖြင့် ရောဂါရှိတဲ့ သူနဲ့ တစ်အိမ်ထဲ အတူတူနေတဲ့အခါမှာ အောက်ပါအချက်လေးတွေကို ပိုပြီး ဂရုတစိုက်လိုက်နာပေးသင့်ပါတယ်။

    ၁။ အရေးကြီးဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကတော့ ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ဆေးထိုးခြင်းပါပဲ။ ကာကွယ်ဆေးကိုလည်း အကြိမ်ပြည့်အောင်ထိုးပေးဖို့ လိုအပ်ပါတယ်။ ကူးစက်ခံရနိုင်ခြေများတဲ့ သူတွေဆိုရင် ပိုပြီး မဖြစ်မနေ ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ပါတယ်။

    ၂။ ရောဂါရှိတဲ့ သူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံတာမျိုးကို ရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် ရောဂါ ရှိ၊ မရှိ မသိနိုင်တဲ့ သူတွေနဲ့ အတူနေတိုင်းမှာလည်း အကာအကွယ် ကွန်ဒုံးသုံးတာမျိုး လုပ်ရပါမယ်။

    ၃။ ရောဂါပိုးရှိသောသူနဲ့ သွားတိုက်တံ၊ သွားကြားထိုးတံ၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ် စတဲ့ ကူးနိုင်တဲ့ အရည်တွေ ထိစပ်နေနိုင်တဲ့ ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးကို လုံး၀ ရှောင်ကြဉ်ရပါမယ်။

    ၄။ မိမိမှာ အရေပြား ပြတ်ရှ၊ ပွန်းပဲ့တာမျိုးရှိမယ်ဆိုရင် အဲဒီနေရာတွေက တစ်ဆင့် အလွယ်တကူကူးစက်နိုင်တဲ့ အတွက် အဲဒီ နေရာတွေကို သေသေချာချာ ပလာစတာကပ်ထားတာ၊ ကာကွယ်ထားတာမျိုး လုပ်ရပါမယ်။

    ၅။ ရောဂါရှိတဲ့ သူနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေ၊ အထူးသဖြင့် ကူးစက်နိုင်တဲ့ ခန္ဓာကိုယ် စစ်ထုတ်ရည်တွေနဲ့ ထိစပ်ထားတဲ့ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်တဲ့ အခါမှာ လက်အိတ်ဝတ်တာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။

    ဒီအချက်တွေအပြင်

    ၆။ မိခင်မှာ Bပိုးရှိနေရင်လည်း ကလေးလေးကို ကူးနိုင်ခြေအရမ်းများတဲ့အတွက် ကလေးလေးမွေးပြီး ၁၂နာရီအတွင်းမှာ အမြန်ဆုံး ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။

    ၇။ သွေးသွင်းရမယ်ဆိုရင်လည်း တစ်ခါသုံးအပ်၊ ဆေးပစ္စည်းများကိုသာသုံးပြီး Bပိုး၊ C ပိုး၊ HIV ပိုး၊ ကာလသားရောဂါပိုးစစ်ပြီး ကင်းရှင်းတဲ့သွေးကိုသာ သွင်းဖို့ ဂရုစိုက်သင့်ပါတယ်။ B ပိုးရှိတဲ့ သူတွေ အနေနဲ့လည်း သွေးမလှူဖို့ သတိပေးချင်ပါတယ်။

    ၈။ ဆေးထိုး၊ သွေးဖောက်၊ နားဖောက်၊ ဆေးမှင်ကြောင် ထိုးတဲ့အခါမှာလည်း အခြားသူနဲ့ မျှဝေမသုံးဖို့၊ တစ်ခါသုံးအပ်တွေသာ သုံးဖို့ အရေးကြီးပါတယ်။

    ၉။ Accidental needle prick မရစေဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အပ်နဲ့ အခြား လူနာသုံးချွန်ထက်တဲ့ ဆေးပစ္စည်းတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ မစူးမိအောင် သတိထားကြဖို့လည်း အကြံပေးချင်ပါတယ်။

    ကျန်းမာကြပါစေ။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement