ခုမှ ချစ်စခင်စ အတွဲလေးတွေ ရုပ်ရှင်ကြည့်ဖို့ ဇာတ်ကား ရွေးကြမယ် ဆိုပါစို့။ တစ်ယောက် အကြိုက် တစ်ယောက်ကလည်း မသိသေးတော့ ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေ၊ ဟာသကားလေးတွေ ရွေးလိုက်မယ်လို့ တွေးနေရင်တော့ အဲဒီအတွေးကို ဖျောက်လိုက်ပါတော့။ လတ်တလောမှ စဒိတ်တဲ့ အတွဲတွေပဲဖြစ်ဖြစ်၊ နှစ်ရှည်လများ တွဲလာပြီးတဲ့ အတွဲလေးတွေပဲဖြစ်ဖြစ် အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ ဆိုတာကို ဖော်ပြပေးထားပါတယ်နော်။
အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ
အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ ဆိုတော့
၁။ တစ်ယောက်နဲ့ တစ်ယောက် နီးစပ်ဖို့ အခွင့်အရေးတွေ ရှိလာမယ်။
ဒါကတော့ စဒိတ်စ အတွဲလေးတွေ အတွက်ပေါ့။ ယောကျာ်းလေးကလည်း မိန်းကလေးဘက်က ဘာထင်မလဲ ဆိုပြီး လက်ကလေးတောင် မကိုင်ရဲ ဖြစ်နေ၊ မိန်းကလေးကလည်း ရင်တွေ ခုန်ပြီး ရှက်နေတဲ့ အချိန်မှာ သရဲက ဝုန်းဆို ထွက်လာရင် ကိုယ့်ဘာ ကိုယ်တောင် မသိလိုက်ဘဲ ဖက်လိုက်မိတာ၊ မှီလိုက်မိတာလေးတွေ ဖြစ်သွားနိုင်ပါတယ်။
၂။ စိတ်ဖိစီးတာတွေ လျော့စေတယ်။
သရဲကားတွေက ပေးတဲ့ ပြင်းထန်တဲ့ ကြောက်လန့်စိတ်တွေ ဖြစ်လာတဲ့ခါ စိတ်လွတ်လက်လွတ် အော်လိုက်တာတို့ ဘာတို့ကလည်း စိတ်ဖိစီးတာ တွေကို ပျောက်စေပါတယ်။
၃။ တစ်ယောက် အပေါ် တစ်ယောက်အကြင်နာတွေပိုလာမယ်။
ကြောက်လန့်စိတ် ဖြစ်တဲ့အခါ ဦးနှောက်က ဒိုပါမင်း (dopamine) ဆိုတဲ့ ဟော်မုန်းလဲ ထွက်ပါတယ်။ ဒိုပါမင်း ဟော်မုန်းကို သာယာမှု ဖြစ်စေတဲ့ ဟော်မုန်းလို့ ပြောကြပါတယ်။ ဒါကြောင့် သရဲကားကို လူတွေ ကြိုက်ကြသလို အတွဲတွေ အနေနဲ့လည်း သံယောဇဉ် တိုးစေဖို့ ကြည့်သင့်ပါတယ်။
၄။ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာမယ်။
သရဲကား ဆိုတာကို ယောကျာ်းလေးရော မိန်းကလေးရော ကြောက်တတ်ကြပါတယ်။ သရဲကား တူတူကြည့်ပြီးတော့ မနှစ်မြို့စရာ ကောင်းတဲ့ အရာတွေကို ဘယ်လို တုံ့ပြန်လဲ ဆိုတာ သိနိုင်တဲ့အပြင် အားနည်းချက်တွေကို စိတ်တွေကို မထိန်းချုပ်ထားတဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်းမြင်နိုင်တဲ့ အတွက် ပိုပြီး စိတ်ချင်းရင်းနှီးသွား နိုင်ပါတယ်။
၅။ တူတူကြောက်ရတာ ပျော်ဖို့ကောင်းတယ်။
ကြောက်လို့ ပါးစပ်ထဲက ပေါက်ကရတွေ အော်မိတာ၊ ပေါက်ပေါက်တွေ လက်ထဲက လွှတ်ကျ ကုန်တာ၊ ယောင်ယမ်းပြီး သူများ လက်တွေကို သွားဆွဲမိတာ စသဖြင့် ပျော်စရာ ကောင်းတဲ့ အမှတ်တရလေးတွေ သရဲကား ကြည့်ရင်း ဖြစ်နိုင်ပါသေးတယ်။ နောင်နှစ်တွေ ကြာတဲ့ချိန်ထိ နင်လေ ပထမဆုံး ရုပ်ရှင် ကြည့်တုန်းက ဘာတွေ လုပ်တာ ဆိုပြီး အမှတ်ရ စရာလေးတွေ ဖြစ်နေမှာပါ။
သရဲကား တစ်ကားရဲ့ အချိန်ဟာ ၂ နာရီပဲ ကြာပါတယ်။ သရဲကားကြောင့် တိုးလာမယ့် သံယောဇဉ်တွေ ကတော့ ၂ နာရီစာထက် ပိုပါတယ်။ ကြောက်စိတ်တွေ ဖြစ်လာတဲ့အချိန်ဆို လူရဲ့ အတွင်းစိတ်က ပွင့်လာတတ်တယ်မလား။ ကိုယ့်ချစ်သူလေးက ဘယ်လိုလူမျိုးလဲဆိုတာ အပြန်အလှန်အကဲခတ်နိုင်မယ့် အခွင့်အရေးကောင်းပေါ့။
ဒါကြောင့် လူချင်းစိတ်ချင်းလည်း နီးစပ်စေတဲ့အပြင် ကျန်းမာရေး အကျိုးကျေးဇူးတွေပါ ပေးနိုင်တဲ့ သရဲကားတွေကို ကြည့်ကြဖို့ ချစ်သူလေးတွေကို အကြံပေးလိုက် ရပါတယ်။
[embed-health-tool-bmi]