backup og meta

အစာမကြေတာကြောင့် ပျော်စရာခရီးစဉ်လေး မပျက်ရစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာမကြေတာကြောင့် ပျော်စရာခရီးစဉ်လေး မပျက်ရစေဖို့

    ခရီးထွက်ြပီဆိုကတည်းက လူတိုင်းကတော့ ပျော်စရာခရီးစဉ်လေး ဖြစ်ချင်ကြတာပဲမလား။ စားချင်တာ စားမယ်။ မမြင်ဖူးတဲ့ မတွေ့ဖူးတဲ့ သဘာဝအလှအပတရားတွေကို ရှုမြင်ခံစားမယ်။ နေရာအသစ်၊ ယဉ်ကျေးမှုဓလေ့စရိုက် အသစ်အဆန်းတွေကို ကိုယ်တိုင်လေ့လာမယ်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်၊ စိတ်ဖိစီးမှုတွေ၊ တစ်နေ့တာ အလုပ်တွေကနေ ခဏလောက် ပြေးထွက်စရာထွက်ပေါက်အဖြစ် ခရီးထွက်ကြတာ သဘာဝပဲမဟုတ်လား။

    လူဆိုတာကလည်း အသစ်အဆန်းဆိုရင် ကိုယ်တိုင်စူးစမ်းလေ့လာတတ်ကြတယ်လေ။ အဲ့တော့ တစ်ခါမှမစားဖူးတဲ့ အစားအစာတွေ စားမိပြီး အစာအဆိပ်သင့်တာ၊ မသန့်တဲ့အစားအစာတွေ၊ ဗိုက်ကိုပြည့်ပြီးတင်းကားနေအောင် စားတတ်ကြတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ ဗိုက်က မအီမလည်ဖြစ်ပြီး ပျော်ရမယ့်အချိန်မှာ မပျော်ရတော့ဘဲ အိမ်သာထဲမှာပဲ အချိန်ကုန်ရတော့မှာပေါ့။ ဒီတော့ စိတ်လွတ်ကိုယ်လွတ်ပျော်ရမယ့် ခရီးမှာ အစာမကြေတာ၊ ဗိုက်အောင့်ဗိုက်နာတာတွေ မဖြစ်ရလေအောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေ ပြောပြပေးမယ်နော်။

    ၁။ ဗိုက်ကို ပြည့်တင်းနေအောင် မစားပါနဲ့။

    ကိုယ်မရောက်ဖူးတဲ့ ဒေသမှာ မစားဖူးတဲ့အစားအစာတွေ တွေ့ရင် အလွန်အကျူးစားတတ်ကြပါတယ်။ တစ်ထိုင်တည်းနဲ့ အများကြီးစားလိုက်တဲ့အခါ အစာခြေရတာလည်း နှေးသွားသလို အစာအိမ်အတွက်လည်း ပိုပြီးအလုပ်လုပ်ရတဲ့အခါ အစာမကြေတာ၊ ရင်ပြည့်တာတွေ ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ဗိုက်ကို ပြည့်ရုံလောက်ပဲ စားပါ။ တင်းကားနေအောင် မစားပါနဲ့။

    ၂။ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေ ပိုစားပေးပါ။

    အမျှင်ဓါတ်ဟာ အစာကြေလွယ်စေပြီး ဝမ်းချုပ်တာတွေကို ကာကွယ်ပေးတယ်။ နည်းနည်းစားရုံနဲ့ ပြည့်စေလို့ အလွန်အကျူး အစာမစားမိစေဖို့လည်း ထိန်းပြီးသားဖြစ်တယ်။ Diet လုပ်တယ်လို့ သဘောမထားဘဲ ကိုယ်စားထားသမျှ အစာမြန်မြန်ကြေအောင်ဆိုတဲ့ အနေနဲ့ အမျှင်ဓါတ်အများအပြားပါတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ပိုပြီး စားပေးဖို့ မမေ့ပါနဲ့။

    ၃။ ရေသောက်ဖို့ မမေ့ပါနဲ့။

    ကိုယ်ခန္ဓါက ရေဓါတ်ခမ်းခြောက်တဲ့အခါ အဆိပ်အတောက်တွေ ပိုများပြီး ဝမ်းချုပ်စေတယ်။ ဝမ်းကိုလည်း မာစေတော့ ခရီးထွက်နေတဲ့အချိန် အလွယ်တကူအိမ်သာရှာမရတဲ့အခါ ဒုက္ခများရတာပေါ့။ ဒါကြောင့် ဘယ်သွားသွား ရေဘူးတစ်ဘူး ကိုယ်နဲ့မကွာ ဆောင်ထားပါ။ ရေကို အချိန်မှန်မှန် နည်းနည်းစီ သောက်ပေးပါ။ မသိတဲ့နေရာက ရေတွေကို မသောက်ပါနဲ့။ ရေမသန့်တဲ့အခါမှာလည်း ဝမ်းပျက်ဝမ်းလျှော ပိုပြီးဖြစ်စေနိုင်တယ်နော်။

    ၄။ သောက်မယ့် အအေးတွေကို သေချာရွေးယူပါ။

    ပျော်ပျော်ပါးပါး ခရီးထွက်ပြီဆိုရင် အအေးက မပါမဖြစ်ပါသွားရတဲ့ အရာပဲမလား။ ပုံမှန်အချိန်မှာတော့ သကြားများလို့၊ ဂက်စ်များလို့၊ ကျန်းမာရေးနဲ့ မညီညွတ်လို့ဆိုပြီး အသောက်နည်းပေမယ့် ဒီလိုအချိန်မှာကျ သိပ်ပြီး ဂရုမစိုက်နေကြတော့ဘူးလေ။ ခရီးသွားတုန်းလေး တစ်ခါတလေ သောက်တာ ဘာမှမဖြစ်ပေမယ့် ဒီလို ကဖင်းဓါတ်၊ သကြားဓါတ်များတဲ့ အအေးတွေကို လိုတာထက်ပိုသောက်တဲ့အခါ အစာမကြေဖြစ်စေပြီး ဗိုက်ထဲမှာ လေတွေနဲ့ ပြည့်နေတော့မှာပါ။ အခန့်မသင့်ရင် လေနဲ့ ဝမ်းမကွဲတာ၊ ဝမ်းလျှောတာပါ ဖြစ်နိုင်လို့ သတိထားဖို့တော့ လိုမယ်နော်။

    ၅။ ကိုယ်စားမယ့် အစားအစာတွေကို သေချာဂရုစိုက်ပါ။

    ဒီလိုအချိန်မျိုးက မစားဖူးတဲ့ အစားအစာတွေကို မြည်းစမ်းကြရမယ့် အချိန်ကောင်းဆိုပေမယ့် ကိုယ့်ကျန်းမာရေးအတွက်လည်း မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် အဆီများတဲ့ အကြော်အလှော်တွေ၊ အပူအစပ်ေတွ နည်းနည်းလျှော့ပါ။ အစား20အစာမှာလည်း သန့်ရှင်းမှုသည် အဓိကဖြစ်တဲ့အတွက် လမ်းဘေးစာတွေ၊ ယင်နားစာတွေကို တတ်နိုင်သလောက်ရှောင်ပါ။

    ၆။ အိမ်သာသွားပါ။

    တချို့တွေက ခရီးသွားကားပေါ်မှာမို့လို့၊ အများသုံးအိမ်သာမို့လို့၊ ဟိုတယ်အခန်းမှာ တခြားသူစိမ်းတွေနဲ့ အတူအိမ်သာတစ်ခုတည်း တွဲသုံးရလို့ဆိုပြီး စိတ်ထဲ မနှစ်မြို့တဲ့စိတ်နဲ့ အိမ်သာမသွားဘဲ အောင့်ထားတတ်ကြပါတယ်။ ဒီအကျင့်ကိုတော့ တတ်နိုင်သလောက်ရှောင်ပါ။ အိမ်သာအတူတွဲသုံးလိုက်လို့ ရလာတဲ့ ဆိုးကျိုးက ဝမ်းသွားချင်တာကို အောင့်ထားလို့ ဖြစ်လာမယ့် အကျိုးဆက်လောက်တော့ ဆိုးရွားမယ်မထင်ပါဘူးနော်။ ဒီလိုမျိုး အောင့်ထားတာ ကြာလာတဲ့အခါ ကိုယ်လက်မအီမသာဖြစ်မယ်၊ လေကလည်း တဗြွတ်ဗြွတ်လည်နေမယ်၊ ဝမ်းချုပ်တာ၊ ဝမ်းထွက်ကျတာတွေပါ ဖြစ်လာနိုင်တယ်ဆိုတာ သတိထားဖို့တော့ လိုပါတယ်။

    ၇။ လက်ကိုသေချာဆေးပါ။

    ဘယ်နေရာမှာမဆို ဖုန်တွေ၊ သဲတွေ၊ အညစ်အကြေးတွေ ရှိပါတယ်။ အဲ့တော့ ဘာကိုင်ကိုင်၊ ကိုင်ပြီးတာနဲ့ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပါ။ အစာမစားခင်၊ အစာစားပြီးတိုင်း လက်ကို သေချာဆေးပါ။ လက်အလွယ်တကူ ဆေးလို့မရတဲ့နေရာတွေကို သွားတော့မယ်ဆိုရင် လက်သန့်စင်ဆေးရည် ဆောင်ထားပါ။

    ၈။ ဆေးဝါးကြိုထည့်သွားပါ။

    ကိုယ်က မကြာခဏဆိုသလို လေပွတတ်တယ်၊ အစားမှားပြီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်တယ်၊ ကိုယ်လက်မအီမသာဖြစ်တတ်တယ်ဆိုရင် ဆေးကဒ်လေးတွေကို အလွယ်တကူဝယ်ပြီး ဆောင်သွားလို့ ရပါတယ်။ အရေးရယ် အကြောင်းရယ်ဆို တခြားသူဆီက ဆေးတောင်းသောက်စရာမလိုဘဲ ကိုယ့်ဆေးနဲ့ကိုယ်ဆိုတော့ အဆင်ပြေတာပေါ့။

    ခုပြောပြခဲ့တဲ့ အချက် ၈ ချက်ကို သေချာဂရုစိုက်လိုက်နာမယ်ဆိုရင် ခရီးသွားတိုင်း ဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာပြဿနာကို ရှောင်ရှားနိုင်မှာပါ။ အားလုံးပဲ ပျော်စရာခရီးစဉ်လေး ဖြစ်ပါစေနော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement