backup og meta

သွားဝါလာလို့ စိတ်ညစ်နေတဲ့ ကော်ဖီချစ်သူတို့အတွက် အကြံကောင်း (၅) ခု

မနက်မိုးလင်းလာရင် ကော်ဖီလေးသောက်လိုက်မှ လန်းဆန်းသွားတယ်။ နေ့လယ်အိပ်ငိုက်တဲ့အချိန် ကော်ဖီ သောက်ပြီး ခဏနားမယ်။ ညနေ ကော်ဖီဆိုင်မှာ စကားဝိုင်းစုမယ်။ ကော်ဖီကြိုက်တဲ့သူတွေ ကတော့ ဘာလုပ်လုပ်ကို သောက်မှာပဲ။ ကော်ဖီသောက်ရရင် ခရီးထွက်လိုက်ရသလိုကို အပန်းပြေလန်းဆန်းတာပါတဲ့။ ကဲ အခုတော့ သူတို့ စိတ်ညစ်နေရပြီ…

သွားဝါလာလို့ စိတ်ညစ်နေတဲ့ ကော်ဖီချစ်သူတို့အတွက် အကြံကောင်း (၅) ခု

ကိုယ့်လောက်သွားတိုက်တာ၊ အသန့်ကြိုက်တာ ကိုယ်ပဲရှိတယ်ဆိုပေမယ့် ဖြူစင်လှပတဲ့သွားတွေ ဖြစ်မလာတာ ရှိနိုင်ပါတယ်နော်။ အစားအသောက်ကြောင့်၊ ခံတွင်းသန့်ရှင်းရေးကြောင့်၊ ရောဂါကြောင့်၊ သောက်နေရတဲ့ဆေးဝါးတွေကြောင့် စတဲ့ သွားဝါစေတဲ့အကြောင်းရင်းတွေထဲမှာ ကော်ဖီကြောင့် ဆိုတဲ့အချက်လည်း ပါဝင်နေပါတယ်။

ဘာလို့ သွားဝါရတာလဲ

ကော်ဖီ မှာပါဝင်တဲ့ tannins ဓာတ်ကြောင့် သွားမှာ ဒါမှမဟုတ် အဝတ်အစားတွေမှာ အရောင်ဒြပ်ပေါင်းတွေ ကပ်ငြိစေတတ်လို့ စွန်းထင်းတာတွေဖြစ်စေတာပါ။ သူတို့တွေ ကပ်ငြိတဲ့အခါ ဒါမှမဟုတ် သွားချေးတွေ၊ ဘက်တီးရီးယားတွေနဲ့ပါ ပေါင်းလိုက်တဲ့အခါ သွားကိုဝါစေတာပေါ့။ တစ်နေ့ကို ကော်ဖီတစ်ခွက်သောက်ရင်ပဲ သွားကိုအရောင်စွန်းထင်းစေနိုင်ပါတယ်။

ဘယ်လို ဖြေရှင်းကြမလဲ

သွားဆေးခန်းမှာ သန့်ရှင်းရေး လုပ်လို့ရတယ်ဆိုပေမယ့် အိမ်သုံးနည်းလမ်းလေးတချို့ကလည်း အချိန်တိုတိုနဲ့ အသုံးဝင်နိုင်ပါတယ် –

(၁) သွားတိုက်ပါ

နည်းလမ်းမှန်၊ ပစ္စည်းမှန်၊ အချိန်မှန် – မှန်သုံးမှန်နဲ့ သွားတိုက်ပါ။ သွားကိုအရောင်ကျန်စေနိုင်တဲ့ အစားအသောက်တွေ စားပြီးနောက်ပိုင်း သွားတိုက်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် အက်စစ်ဓာတ်များတဲ့အစားအသောက်တွေ စားပြီးချိန် ချက်ချင်းသွားတိုက်တာတော့ မလုပ်ပါနဲ့။ ဒီချိန် တိုက်လိုက်ရင် အက်စစ်ဓာတ်ကြောင့် သွားကြွေလွှာပိုထိခိုက်စေနိုင်တယ်။ ကျန်တဲ့အချိန်တော့ တစ်နေ့နှစ်ကြိမ်တိုက်ရင် လုံလောက်ပါတယ်။

(၂) အုန်းဆီနဲ့ ပလုပ်ကျင်းပါ

အရည်အသွေးကောင်းပြီး ဓာတုပစ္စည်းအရောအနှောမပါတဲ့ အုန်းဆီကိုရှာဝယ်ပါ။ အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းလောက်ကို ၁၀ မိနစ် လောက် ပလုပ်ကျင်းလိုက်ပါ။ တစ်ခုရှိတာက ဆီကို လည်ချောင်းထဲမဝင်အောင်တော့ ဂရုစိုက်ပါ။ ပြီးရင် ထွေးထုတ်ပြီး ရေနဲ့ပြန်ပလုပ်ကျင်းပါ။

(၃) ပန်းသီးရှာလကာရည် (Apple cider vinegar)

ပန်းသီးရှာလကာရည် ၂ ဇွန်းကို ရေ ၆ အောင်စနဲ့ ရောပါ။ ပြီးရင် စက္ကန့် ၃၀ လောက်ပလုပ်ကျင်းပါ။ ပြီးမှ ရေနဲ့ပလုပ်ကျင်းပြီး သွားတိုက်ပါ။ ဒီနည်းကိုတော့ တစ်ခါတစ်လေပဲလုပ်ပါ၊ ပလုပ်ကျင်းချိန် စက္ကန့် ၃၀ ထက်ပိုမကြာပါစေနဲ့။

(၄) သံပရို၊ လိမ္မော်၊ ငှက်ပျောသီးအခွံတွေ သုံးပါ

သံပရိုသီး၊ လိမ္မော်သီး၊ ငှက်ပျောသီးအခွံတွေကို သွားမှာပွတ်တိုက်ပေးရင် ကပ်ငြိနေတာတွေကို လျော့ပါးသက်သာစေပါတယ်။ ဒီလိုအသီးတွေမှာပါတဲ့ citric acid က သွားကို ဖြူစေပါတယ်။ သွားမတိုက်ခင် ဒီအသီးခွံတစ်ခုခုနဲ့ ၂ မိနစ်လောက် ပွတ်တိုက်ပြီး ရေနဲ့ပလုပ်ကျင်းပါ။

(၅) Activated charcoal သုံးပါ

သွားမှာရှိတဲ့ သွားချေးနဲ့စွန်းထင်းမှုမှန်သမျှကို Activated charcoal အမှုန့်က ကူညီဖယ်ရှားပေးနိုင်ပါတယ်။ တချို့သွားတိုက်ဆေးတွေမှာတောင် ပါဝင်တတ်တဲ့ Activated charcoal က အဆိပ်အတောက်ဓာတ်တွေနဲ့ ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။

Activated charcoal အနည်းငယ်ကိုယူပြီး သွားမှာ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်တိုက်ပါ။ ၂ မိနစ်လောက်တိုက်ပြီးရင် ပလုပ်ကျင်းပါ။ ပြီးရင် ရေနဲ့ ပြန်ပလုပ်ကျင်းပါ။ ခပ်ကြမ်းကြမ်းမတိုက်ပါနဲ့။

(၆) ရေဓာတ်ကြွယ်တဲ့ အသီးအရွက် များများစားပါ

ရေဓာတ်များတဲ့ (အရည်ရွှမ်းတဲ့) အသီးအနှံ၊ အသီးအရွက်တွေက သွားကို ကျန်းမာစေပါတယ်။ ရေဓာတ်ကြောင့် သွားဝါခြင်းကိုဖြစ်စေတဲ့ သွားချေးနဲ့ဘက်တီးရီးယားတွေစုမလာစေဖို့ သွားနဲ့သွားဖုံးကို သန့်စင်ပေးနိုင်ပါတယ်။ ရေများများသောက်ရင်တောင် ခံတွင်းသန့်စေ၊ ခံတွင်းနံ့ဆိုးကင်းစေပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/dental-and-oral-health/what-does-coffee-do-to-your-teeth#other-stain–causing-foods

Accessed Jab 14, 2020.

https://www.healthline.com/health/dental-and-oral-health/how-to-get-rid-of-yellow-teeth#bottom-line

Accessed Jab 14, 2020.

https://www.webmd.com/oral-health/ss/slideshow-10-secrets-to-whiter-teeth

Accessed Jab 14, 2020.

 

ယခုပုံစံ

11/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကော်ဖီက ကောင်းတယ်၊ မကောင်းဘူး ငြင်းနေတဲ့သူတွေ ဘယ်သူမှန်လဲ ။ ။

ကြာကြာဝါးမယ့်သွား အတွက် ထိန်းသိမ်းစောင့်ရှောက်နည်း (၆) နည်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ