backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Shock (ရှော့ခ်ဖြစ်ခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Shock (ရှော့ခ်ဖြစ်ခြင်း) ကဘာလဲ။

ရှော့ခ်ဆိုတာ ခန္ဓါကိုယ်အနှံ့သွေးစီးဆင်းမှုမလုံလောက်ခြင်းကြောင့်ဖြစ်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ရှော့ခ်ဟာ ပြင်းထန်စွာထိခိုက်မိခြင်းတို့၊ အသည်းအသန်နာမကျန်းဖြစ်ခြင်းတို့နဲ့ ယှဉ်တွဲနေတတ်ပါတယ်။ အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး သွေးတွင်းအောက်စီဂျင်နည်းခြင်း၊ နှလုံးရပ်ခြင်းနဲ့ ကိုယ်တွင်းကလီစာထိခိုက်ခြင်းတို့ထိ ရောက်သွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေဟာ အချိန်ကြာလာတာနှင့်အမျှ ပိုဆိုးလာနိုင်တာကြောင့် ကုသမှုကို အလျှင်မြန်ဆုံးပေးဖို့လိုအပ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာရှော့ခ်ဟာ ထိခိုက်မှု၊ စိတ်ပိုင်းဆိုင်ရာ တုပ်လှုပ်ခြောက်ချားမှုတို့ကြောင့်ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာရှော့ခ်နဲ့ မတူညီပါဘူး။

ရှော့ခ်အမျိုးအစား၄မျိုးရှိပါတယ်။

  • အဏုဇီဝပိုးများကြောင့်ဖြစ်သော ရှော့ခ်။ ထိုအခြေအနေကတော့ သွေးတွင်းမှာ ဘက်တီးရီးယားတွေ အဆမတန်ပွားများပြီး အဆိပ်တွေ ထုတ်လွှတ်ခြင်းကြောင့် ဖြစ်လာရတာပါ။ အဆုတ်ရောင်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အရေပြားရောဂါ၊ ဝမ်းတွင်းပိုးဝင်ခြင်းတို့နဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်းတို့ကတော့ အဖြစ်များတဲ့အကြောင်းအရင်းတွေပါပဲ။
  • ဓါတ်မတည့်ခြင်းကြောင့်ဖြစ်သောရှော့ခ်။ အကြောင်းအရင်းကတော့ ဆေးဝါးတွေ၊ အစားအစာတွေ၊ ပိုးကောင်ကိုက်ခြင်းတွေကို ဓါတ်မတည့်ခြင်းကြောင့်ပါပဲ။
  • နှလုံးကြောင့်ရှော့ခ်ဖြစ်ခြင်း။ နှလုံးထိခိုက်ပျက်စီးပြီး ခန္ဓါကိုယ်ကို သွေးလုံလောက်စွာ မထောက်ပံ့နိုင်သောကြောင့် ဖြစ်ရတာပါ။ နှလုံးဖောက်ခြင်း ဒါမှမဟုတ် နှလုံးပြည့်ကြပ်ပျက်စီးခြင်းတို့ရဲ့ အဆုံးသတ်ရလဒ်တစ်ခုခြစ်နိုင်ပါတယ်။
  • အရည်ဓါတ်နည်းပါးခြင်းကြောင့်ဖြစ်သောရှော့ခ်။ သွေးနှင့်အရည်ဓါတ်အမြောက်အများဆုံးရှုံးခြင်းကြောင့် ဖြစ်ရတာပါ။ အကြောင်းအရင်းတွေကတော့ ခန္ဓါကိုယ်ထိခိုက်မှုတွေကြောင့်နှလုံးကသွေးအလုံအလောက်ကို မညစ်နိုင်တော့ခြင်းနဲ့ အောက်စီဂျင်အလုံအလောက်မရရှိစေသာ သွေးအားနည်းရောဂါတို့ပဲဖြစ်ပါတယ်။
  • အာရုံကြောချို့ယွင်းမှုကြောင့်ရှော့ခ်ဖြစ်ခြင်း။ အက်စီးဒန့်တွေ ဒါမှဟုတ် ထိခိုက်မှုတွေကြောင့်ရသော အာရုံကြောမကြီးဒဏ်ရာက အကြောင်းအရင်းပါပဲ။

Shock (ရှော့ခ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

နောက်ထပ်သိရှိလိုသည်များအတွက်ဆရာဝန်ဖြင့် ဆွေနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Shock (ရှော့ခ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အောက်ပါတို့က ရှော့ခ်ရဲ့အဖြစ်များတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

  • သွေးခုန်နှုန်းမြန်ခြင်း၊ အားပျော့ခြင်းနဲ့ သွေးခုန်နှုန်းပျောက်ခြင်း
  • နှလုံးစည်းချက်မမှန်ခြင်း
  • အသက်မြန်မြန်ရှုနေခြင်း
  • ခေါင်းအနည်းငယ်ကိုက်ခြင်း
  • အရေပြားစိုစိုအေးအေးဖြစ်နေခြင်း
  • သူငယ်အိမ်ကျယ်နေခြင်း
  • လက်လက်စတာမျက်လုံး(အရင်လိုမတောက်ပတော့ခြင်း)
  • ရင်ဘတ်အောင့်ခြင်း
  • မအီမသာဖြစ်ခြင်း
  • စိတ်ရှုတ်ထွေးခြင်း
  • စိတ်လှုပ်ရှားခြင်း
  • ဆီးသွားနည်းခြင်း
  • အာခြောက်ခြင်း၊ ရေဆာခြင်း
  • သွေးတွင်းသကြားဓါတ်နည်းခြင်း
  • သတိလစ်ခြင်း

အထက်တွင်မဖော်ပြထားသောလက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဘယ်ရှော့ခ်မဆိုအသက်အန္တရယ်ရှိပါတယ်။ အထက်တွင်ဖော်ပြထားသောလက္ခဏာတွေရှိမယ် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Shock (ရှော့ခ်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကိုယ်တွင်းကလီစာတွေ၊ တစ်ရှုးတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့ သွေးအလုံအလောက်မထောက်ပံ့ပေးနိုင်တော့တဲ့အခါမှာ ရှော့ခ်ဖြစ်လာပါတယ်။ ရှော့ခ်ဖြစ်စေတဲ့ အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။

  • နှလုံးရောဂါ(နှလုံးဖောက်ခြင်း၊ နှလုံးပျက်စီးခြင်း)
  • အပြင်းအထန်ထိခိုက်မိခြင်း ဒါမှမဟုတ် သွေးကြောပေါက်ခြင်းတို့ကြောင့် ကိုယ်တွင်းကိုယ်ပြင်သွေးယိုစီးခြင်း
  • အဓိကအားဖြင့် အပူချိန်ပြဿနာတို့ကြောင့် ရေဓါတ်ခန်းခြောက်ခြင်း
  • ပိုးဝင်ခြင်း
  • ပြင်းပြင်းထန်ထန်ဓါတ်မတည့်မှုများ
  • ကျောရိုးထိခိုက်ဒဏ်ရာရမှုများ
  • မီးလောင်ခံရခြင်းများ
  • အချိန်ကြာကြာအော့အန်ခြင်း၊ ဝမ်းလျောခြင်းများ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Shock (ရှော့ခ်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အန္တရယ်ရှိအချက်များဟာ ကွဲပြားနေပါတယ်။

အသက်အရွယ် ဒါမှမဟုတ် နာမကျန်းဖြစ်ဖူးခြင်းလိုမျိုး အချက်တွေက ရှော့ခ်ဖြစ်နိုင်ခြေ မြင့်မားစေနိုင်ပါတယ်။ မွေးကင်းစကလေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ HIV၊ SLE၊ Psoriasis နဲ့ လေးဖက်နာရောဂါတို့လိုမျိုး ကိုယ်ခံအားရောဂါရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်ခြေများပါတယ်။ အူရောင်ရောဂါနဲ့ကင်ဆာရောဂါကုသမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အောက်ပါတို့က ပိုးဝင်ခြင်းကြောင့်ရှော့ခ်ရနိုင်ခြေ မြင့်မားစေနိုင်ပါတယ်။

  • အကြီးစားခွဲစိတ်မှုနှင့် ဆေးရုံအချိန်ကာလကြာရှည်တက်နေရခြင်း
  • ဆီးချိုသွေးချိုရောဂါအမျိုးအစား၁နဲ့၂တို့အတွက် ထိုးဆေးများအသုံးပြုနေရခြင်း
  • နာမကျန်းဖြစ်နေသောလူနာဆေးရုံတက်လိုက်ရခြင်း
  • ဘက်တီးရီးယားတွေကို ကိုယ်တွင်းသို့ရောက်ရှိသွားစေနိုင်သော သွေးကြောပိုက်၊ ဆီးပိုက်နဲ့ အသက်ရှုလမ်းကြောင်းပိုက်တို့ ထည့်သွင်းခြင်း
  • အာဟာရချို့တဲ့ခြင်း

ဓါတ်မတည့်မှုကြောင့်ဖြစ်သောရှော့ခ်အတွက် အန္တရယ်ရှိအချက်များ

သိပ်များများစားစားတော့မရှိပေမယ့် အောက်ပါတို့ကတော့ ရှော့ခ်အန္တရယ်မြင့်မားစေနိုင်ပါတယ်။

  • ဓါတ်မတည့်မှုဖြစ်ဖူးခြင်း။ တစ်ခါဖြစ်ဖူးတာနဲ့ ပြင်းပြင်းထန်ထန်ဖြစ်နိုင်ခြေ ပိုများသွားပါပြီ။ နောက်လာမယ့်ဟာတွေက အရင်ကဟာတွေထက် ပိုပြင်းထန်နိုင်ပါတယ်။
  • ပန်းနာရင်ကြပ်ရှိခြင်း။ ဖော်ပြပါအခြေအနေ၂ခုထဲက၁ခုရှိနေရင် ဖြစ်နိုင်ခြေများနေပါပြီ။
  • အခြားအခြေအနေများ။ နှလုံးရောဂါနဲ့ သွေးဖြူဥအမျိုးအစားတစ်ခုဖြစ်သော Mast Cell များနေခြင်း(Mastocytosis) တို့ဖြစ်ပါတယ်။

နှလုံးကြောင့်ဖြစ်သောရှော့ခ်အတွက်အန္တရယ်ရှိအချက်များ

နှလုံးဖောက်ဖူးတဲ့အပြင် အောက်ပါအချက်တို့ရှိနေပါက ရှော့ခ်ဖြစ်နိုင်ခြေများသွားနိုင်ပါတယ်။

  • အသက်အရွယ်ကြီးရင့်နေခြင်း
  • နှလုံးပျက်စီးဖူးခြင်း
  • နှလုံးသွေးကြောတော်တော်များများပိတ်ဖူးခြင်း
  • သွေးတိုးနှင့်ဆီးချိုရောဂါရှိခြင်း

အရည်ဓါတ်နည်းခြင်းကြောင့်ဖြစ်သောရှော့ခ်အတွက်အန္တရယ်ရှိအချက်များ

ထိုရှော့ခ်အမျိုးအစားဟာ နာမကျန်းဖြစ်ခြင်းတို့ကြောင့် ရနိုင်သလို ထိခိုက်မှုများကြောင့်လည်းရနိုင်တာကြောင့် အန္တရယ်ရှိအချက်များကို ဆုံးဖြတ်ချက်ချဖို့ ခဲယဉ်းပါတယ်။ ရှားပါးသော်လည်း လူတိုင်းမှာ ဖြစ်နိုင်ခြေရှိပါတယ်။

အချို့အခြေအနေတွေမှာ ရေဓါတ်ခန်းခြောက်ခြင်းက အကြောင်းအရင်းဖြစ်တတ်ပါတယ်။ ရေသောက်နေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အော့အန်၊ဝမ်းလျောခြင်းတွေဖြစ်နေတဲ့ နာမကျန်းမှုတွေမှာဆိုရင် ပိုပြီး အရေးကြီးပါတယ်။

အာရုံကြောကြောင့်ဖြစ်သောရှော့ခ်အတွက်အန္တရယ်ရှိအချက်များ

အန္တရယ်ရှိအချက်တွေကတော့ အာရုံကြောမကြီးထိခိုက်နိုင်ခြေများစေတဲ့ အရာတွေပဲဖြစ်ပါတယ်။

အာရုံကြောမကြီးထိခိုက်မှုဟာ မတော်တဆမှုတစ်ဖြစ်ပြီး လူတိုင်းမှာဖြစ်နိုင်သော်လည်း အချို့အချက်တွေကတော့ ရာခိုင်နှုန်းမြင့်မားစေပါတယ်။

  • ယောက်ျားများ။ ယောက်ျားတွေမှာ အတွေ့ရများပြီး မိန်းမတွေမှာတော့ ၂၀ရာခိုင်နှုန်းလောက်သာရှိပါတယ်။
  • အသက်၁၆နှင့်၃၀ကြားတွင်ရှိနေခြင်း။ ထိုအသက်အရွယ်အပိုင်းအခြားမှာဆိုရင် အာရုံကြောမကြီးထိခိုက်နိုင်မှုအန္တရယ်မြင့်မားပါတယ်။
  • အသက်၆၅ကျော်နေခြင်း။ အသက်ကြီးတဲ့သူတွေမှာ များသောအားဖြင့် ချော်လဲ၊ပြုတ်ကျခြင်းကြောင့် ဖြစ်ရတာပါ။
  • အနေအထိုင်မတတ်ခြင်း။ ရေတိမ်ထဲသို့ ဒိုင်ပင်ထိုးချခြင်း၊ သတိပြုရန်အချက်များကို မလိုက်နာဘဲ၊ ဝတ်ဆင်သင့်တဲ့ အရာတွေကို မဝတ်ဆင်ဘဲ အားကစားပြုလုပ်ခြင်းတို့ကြောင့် ဒဏ်ရာရနိုင်ပါတယ်။ အသက်၆၅အောက်တွေအတွက်တော့ ယဉ်တိုက်မှုတွေက အဓိကတရားခံပါပဲ။
  • အရိုးအဆစ်ပြဿနာရှိနေခြင်း။ အဆစ်ရောင်ရောဂါနဲ့ အရိုးပွရောဂါလိုမျိုး ပြဿနာတွေကြောင့် အနည်းငယ်ထိခိုက်မိရုံနဲ့ အာရုံကြောမကြီးဒဏ်ရာရသွားနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Shock (ရှော့ခ်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ပထမဦးဆုံး အပြင်ပိုင်းလက္ခဏာတွေကို ကြည့်ပြီးစစ်ဆေးမှာပါ။ ထို့နောက်အောက်ပါစမ်းသပ်မှုတို့ကို ပြုလုပ်ပါလိမ့်မယ်။

  • သွေးပေါင်ချိန်တိုင်းခြင်း
  • သွေးခုန်နှုန်းအားပျော့နေမှုကိုစစ်ဆေးခြင်း
  • နှလုံးခုန်နှုန်းမြန်နေခြင်းအားရှာဖွေခြင်း
  • ရှော့ခ်မှန်းသိရှိပါက ပထမဦးစားပေးက ခန္ဓါကိုယ်သွေးအလုံအလောက်ရရှိနေစေရန် အသက်ကယ်ကုသနည်းတွေ ပြုလုပ်ခြင်းပါပဲ။ အရည်တွေ၊ ဆေးတွေ၊ သွေးတွေပေးပြီး လူနာကိုကူညီထောက်ပံ့ပေးတာပါ။ ရောဂါရင်းမြစ်ကို မကုသရင်တော့ လုံးလုံးပျောက်ကင်းမှာမဟုတ်ပါဘူး။ လူနာအခြေအနေစိတ်ချရပြီဆိုတာနဲ့ ဆရာဝန်တွေ ရောဂါရှာဖွေမှုကို ပြုလုပ်မှာပါ။ ထိုသို့ပြုလုပ်ဖို့ရာအတွက် ပုံရိပ်ဖော်ခြင်းနဲ့ သွေးစစ်မှုလိုမျိုး စမ်းသပ်မှုတွေ ပြုလုပ်ခိုင်းပါလိမ့်မယ်။

    ပုံရိပ်ဖော်စစ်ဆေးခြင်း

    အောက်ပါတို့ကဲ့သို့ အတွင်းပိုင်းကလီစာတွေ၊ တစ်ရှုးတွေ ထိခိုက်ပျက်စီးမှုရှိမရှိကြည့်ဖို့ ပုံရိပ်ဖော်စစ်ဆေးမှုကို ပြုလုပ်ခိုင်းပါလိမ့်မယ်။

    • အရိုးကျိုးခြင်း
    • အတွင်းကလီစာပေါက်ပြဲခြင်း
    • အရွတ်နဲ့ကြွက်သားတို့စုတ်ပြဲခြင်း
    • ပုံမှန်မဟုတ်သောကြီးထွားမှုရှိခြင်း

    စစ်ဆေးမှုနည်းလမ်းတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

    • အာထရာဆောင်း
    • ဓါတ်မှန်
    • စီတီစကင်
    • သံလိုက်လှိုင်းဖြင့်ပုံရိပ်ဖော်စကင်ဖတ်ခြင်း

    သွေးစစ်ခြင်း

    သွေးစစ်တာက အောက်ပါတို့သိရှိဖို့ပဲဖြစ်ပါတယ်။

    • သွေးအမြောက်အများဆုံးရှုံးသွားခြင်း
    • သွေးတွင်းပိုးဝင်ခြင်း
    • ဆေးဝါးပမာဏတော်တော်များများသုံးမိခြင်း

    Shock (ရှော့ခ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    ရှောခ်ကြောင့် သတိလစ်ခြင်း၊ အသက်ရှုခြင်းဆိုင်ရာပြဿနာတွေနဲ့ နှလုံးရပ်သွားခြင်းတို့အထိ ဖြစ်တတ်ပါတယ်။ ရှော့ခ်ဖြစ်ချင်နေပြီလို့ သံသယရှိရင် ဆေးကုသမှုအမြန်ဆုံးခံယူပေးပါ။ အခြားတစ်ယောက်ရှော့ခ်ရသွားပြီလို့ ထင်ရင်လည်း ၉၁၁ကိုခေါ်ဆိုပြီး အကူအညီမရောက်မချင်း ရှေးဦးသူနာပြုနည်းလမ်းဖြင့် ကူညီပေးပါ။

    ရှေးဦးသူနာပြုနည်းလမ်း

    လူတစ်ယောက်ရှောခ်ဖြစ်သွားပြီလို့ သံသယရှိရင် ၉၁၁ကိုခေါ်ဆိုပြီး အောက်ပါအဆင့်အတိုင်း ပြုလုပ်သွားပေးပါ။

    သတိလစ်သွားပြီဆိုရင်။

    အသက်ရှုနေသေးလား၊ နှလုံးခုန်နေသေးလားစစ်ဆေးကြည့်ပါ။

    အသက်မရှု၊ နှလုံးမခုန်တော့ဘူးဆိုရင် CPR စလုပ်ပါ။

    အသက်ရှုနေသေးတယ်ဆိုရင်

    ပက်လက်လှန်အိပ်စေပါ။

    ခြေထောက်တွေကို ကြမ်းပြင်ကနေ အနည်းဆုံး၁၂လက်မအမြင့်ထိမြှောက်လိုက်ပါ။ ထိုအရာကို ရှောခ်အနေအထားလို့ခေါ်ပြီး အသက်အတွက်အရေးကြီးတဲ့ ကိုယ်အင်္ဂါတွေကို သွေးရောက်စေပါတယ်။

    နွေးနွေးထွေးထွေးရှိနေစေဖို့ စောင် ဒါမှမဟုတ် အပေါ်အဝတ်ဖြင့် အုပ်ထားပေးပါ။

    အသက်ရှုခြင်းတွေနဲ့ နှလုံးခုန်နှုန်းတွေ ပုံမှန်ရှိမရှိနဲ့ ပြောင်းလဲသွားမှုတွေကို စစ်ဆေးပါ။

    ဦးခေါင်း၊လည်ပင်းနဲ့ ခါးတို့ ထိခိုက်မိသွားတယ်လို့ထင်ရင် လှုပ်ရှားဖို့ မကြိုးစားပါနဲ့။

    အလွယ်တကူမြင်နိုင်တဲ့ဒဏ်ရာတွေကို ရှေးဦးသူနာပြုပေးပါ။ ဓါတ်မတည့်တတ်တဲ့သူဆိုရင် EpiPen ရှိမရှိမေးပေးပါ။ ဓါတ်မတည့်တတ်သူတွေဟာ ထိုပစ္စည်းဆောင်ထားတတ်ကြပါတယ်။

    EpiPen ဟာ Epinephrine ကို အလွယ်တူထိုးသွင်းနိုင်တဲ့ အပ်ကလေးတပ်ဆင်ထားသော ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ရှောခ်တွေ ကုသဖို့ အသုံးပြုနိုင်ပါတယ်။

    အန်နေမယ်ဆိုရင် ခေါင်းကို တစ်ဖက်တစ်ချက်သို့ စောင်းထားပေးပါ။ ထိုသို့ပြုလုပ်ခြင်းက အန်ဖတ်မဆို့အောင် ကာကွယ်ပေးနိုင်ပါတယ်။ လည်ပင်း၊ခါးထိခိုက်မိသွားတယ်လို့ထင်ရင်တော့ ခေါင်းကိုမလှည့်လိုက်ပါနဲ့။ ထိုသို့ပြုလုပ်မည့်အစား လည်ပင်းနဲ့ဇက်ကို ညိမ်အောင်ထားပြီး တစ်ကိုယ်လုံးကို ဘေးသို့စောင်းပေးပါ။ သို့မှသာ အန်ဖတ်တွေထွက်မှာဖြစ်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာစောင့်ရှောက်မှုများ

    ရှော့ခ်အတွက်ကုသမှုတွေက ရောဂါအခြေအနေပါ်မှာ မူတည်ပါတယ်။ ကုသမှုတွေ ကွဲပြားကြပါတယ်။ ဥပမာအားဖြင့် ဆရာဝန်က အောက်ပါတို့ကို အသုံးပြုပါလိမ့်မယ်။

    ဓါတ်မတည့်မှုကြောင့်ဖြစ်သောရှော့ခ်အတွက် အက်ပနက်ဖရင်နှင့် အခြားဆေးဝါးများပေးခြင်း

    အရည်ဓါတ်နည်းမှုကြောင့်ဖြစ်သောရှော့ခ်အတွက် သွေးသွင်းခြင်း

    နှလုံးကြောင့်ဖြစ်သောရှော့ခ်အတွက် နှလုံးခွဲစိတ်ခြင်းနှင့် ဆေးဝါးများပေးခြင်း

    ပိုးဝင်ခြင်းကြောင့်ဖြစ်သောရှော့ခ်အတွက် ပိုးသတ်ဆေးများပေးခြင်း

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

    ရှော့ခ်ကိုရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

    တစ်ချို့ရှော့ခ်တွေဟာ ကာကွယ်လို့ရပါတယ်။ ကျန်းမာစွာနေထိုင်စားသောက်ပါ။

    • ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းမျိုးရှိတယ်ဆိုရင် ဓါတ်မတည့်စေသော အရာများကို ရှောင်ကျဉ်ပြီး EpiPenကို အမြဲဆောင်ထားကာ ရှော့ခ်ရှေးဦးလက္ခဏာတွေ ပြလာပါက အသုံးပြုပေးပါ။
    • ထိခိုက်မှုတွေကနေ သွေးဆုံးရှုံးမှုနည်းစေဖို့ အားကစားပြုလုပ်တဲ့အခါ၊ စက်ဘီးစီးတဲ့အခါ၊ အန္တရယ်ရှိသောပစ္စည်းများအသုံးပြုတဲ့အခါ အကာကွယ်များဝတ်ဆင်ပေးပါ၊ မော်တော်ယဉ်များစီးနင်းသွားလာနေပါက ခါးပတ်ပတ်ထားပေးပါ။
    • နှလုံးထိခိုက်မှုတွေကို လျော့ချပေးဖို့ သင့်တင့်မျှတဲ့ စားသောက်မှုပုံစံထားပါ၊ ကိုယ်လက်လှုပ်ရှားပုံမှန်ပြုလုပ်ပေးပါ၊ ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်ငွေ့ရှုခြင်းတို့မှ ရှောင်ကျဉ်ပါ။
    • ရေများများသောက်ခြင်းဖြင့် ရေဓါတ်ပြည့်ဝနေပါစေ။ အထူးသဖြင့် အလွန်ပူနွေး၊စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာဆိုရင် ပိုပြီး အရေးကြီးပါတယ်။

    မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement