backup og meta

လေထုညစ်ညမ်းမှု အန္တရာယ်

လေထုညစ်ညမ်းမှု အန္တရာယ်

မနေ့က (ဇန်နဝါရီ ၂၉ ၂၀၂၀)က ရန်ကုန်ရဲ့လေထုက အနီရောင်အဆင့်ကို ရောက်သွားတယ်ဆိုတာ သိပါသလား။ ဒီ၂၁ရာစုမှာ လူဦးရေ တိုးပွားလာတာကြောင့် ကုန်ကြမ်းကုန်ချောတွေ ပိုလိုအပ်လာတဲ့အတွက် စက်ရုံတွေ၊ စွမ်းအင်တွေ ပိုလိုလာပါတယ်။ စိုက်ပျိုးရေးမြေတွေ၊ ရေတွေလည်း ပိုလိုလာပါတယ်။ ဒါတွေရဲ့ အဆုံးသတ်က ပတ်ဝန်းကျင်သယံဇာတ ပျက်စီးပြီး လျှော့နည်းလာတာပါပဲ။ ဒါကို သတိထားမိတဲ့ ဖွံဖြိုးပြီးနိုင်ငံကြီးတွေက ပတ်ဝန်းကျင်မညစ်ညမ်းအောင် ဇီဝလောင်စာအသုံးတွေလျှော့ချတာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်တာတွေ စလုပ်နေကြပါပြီ။ မြန်မာနိုင်ငံအနေနဲ့လည်းဖွံ့ဖြိုးဆဲနိုင်ငံအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့လိုနေပါပြီ။ လေထုညစ်ညမ်းမှု အနီရောင်အဆင့်က အားလုံးကို သတိပေးလိုက်တာပါပဲ။ ဒီညစ်ညမ်းမှုတွေရဲ့ နောက်ကွယ်မှာ ကျန်းမာရေးအရဘယ်လိုထိခိုက်မှုတွေရှိနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။

လေထုညစ်ညမ်းမှု ဘယ်ကစ

လေထုညစ်ညမ်းတယ်ဆိုတာ ကိုယ်ရှူတဲ့လေထဲမှာ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေပါနေတာပါ။ WHOက လူ၁၀ယောက်မှာ ၉ယောက်က မသန့်တဲ့လေတွေကို ရှူနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်WHOက လေထုညစ်ညမ်းမှုကို တိုင်းတာပြီး လေသန့်စင်အောင်လုပ်ဖို့ နိုင်ငံတကာကို တိုက်တွန်းနေတာပါ။ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အကြောင်းတွေကတော့

  • ဇီဝလောင်စာလောင်ကျွမ်းခြင်း

ကျောက်မီးသွေး၊ ရေနံတွေ လောင်ကျွမ်းရာကထွက်လာတဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်တွေ၊ ကားတွေ၊ ရထားတွေ၊ လေယာဉ်တွေကထွက်တဲ့ မီးခိုးငွေ့တွေ၊ အမှိုက်တွေမီးရှို့ရာက ထွက်လာတဲ့ မီးခိုးငွေ့တွေက လေထုကို ညစ်ညမ်းစေပါတယ်။

  • စိုက်ပျိုးရေးလုပ်ငန်းများ

စိုက်ပျိုးရေးလုပ်ငန်းတွေမှာသုံးတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာတွေက ထွက်လာတဲ့ အမိုးနီးယားတွေက လေထုအပါအဝင် ရေထုကိုပါ ညစ်ညမ်းစေပါတယ်။

  • စက်ရုံများ

စက်ရုံကထွက်တဲ့ ကာဗွန်မိုနောက်ဆိုဒ်နဲ့ တခြားသောဒြပ်ပေါင်းတွေက လေထု၊ မြေထု ညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ ကမ္ဘာကြီးရဲ့ နေရာတော်တော်များများမှာ စက်ရုံကထွက်တဲ့အညစ်အကြေးတွေရဲ့ ဒဏ်ကို ခံနေရပါတယ်။

  • မိုင်းတွင်းလုပ်ငန်းများ

မိုင်းတွင်းလုပ်ငန်းဆိုတာ စက်ကြီးတွေသုံးပြီး သတ္တုတွေ တူးဖော်တဲ့အတွက် မြေအောက်က ဓာတ်ငွေ့တွေ၊ အမှုန်တွေထွက်ပြီး လေထုကို ညစ်ညမ်းစေပါတယ်။

အိမ်သုတ်ဆေးတွေသုတ်ပြီးရင် အနံ့ဆိုးဆိုးတွေ ထွက်လာတာကြုံဖူးပါလား။ ဒါကလည်း အိမ်တွင်း​လေထုညစ်ညမ်းမှုပါပဲ။ ဒါ့ပြင် အိမ်ထဲမှာ ထင်း၊ မီးသွေးသုံးပြီး ထမင်းချက်တာ၊ ခြင်ဆေးခွေထွန်းတာ၊ ခြင်ဆေးဖျန်းတာ၊ အမွှေးတိုင်ထွန်းတာကလည်း အိမ်တွင်းလေထုညစ်ညမ်းမှုရဲ့ အကြောင်းတွေပါပဲ။

လေထုညစ်ညမ်းမှုရဲ့ ကျန်းမာရေးဆိုးကျိူးများ

လေထုထဲမှာပါတဲ့ ညစ်ညမ်းတဲ့ အမှုန်အမွှားတွေကအဆုတ်ကင်ဆာရဲ့ အကြောင်းရင်းတစ်ချက်ပါပဲ။ လေထုညစ်ညမ်းတာက အဆုတ်ကင်ဆာအပြင် ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ကင်ဆာကိုပါ ဖြစ်စေပါတယ်။

တချို့သော လေထုညစ်ညမ်းမှုတွေက မြင်နိုင်ပါတယ်(ဥပမာ မီးခိုး)။ တချို့ကမမြင်နိုင်ပါဘူး (ဥပမာ ကာဗွန်မိုနောက်ဆိုဒ်)။ သင့်ရဲ့ ပန်းနာရင်ကြပ်ကို ပိုဆိုးစေတဲ့ လေထုအညစ်အကြေးနှစ်ခုရှိပါတယ်။ တစ်ခုက အိုဇုန်းပါ။ သူက သင့်ကို အသက်ရှူရခက်စေပါတယ်။ နောက်တစ်ခုက အမှုန်အမွှားတွေပါ။ သူက အဆုတ်မှာ ကပ်ငြိနေပြီး ခဏခဏရင်ကြပ်စေမှာပါ။

ကားကထွက်တဲ့ အိတ်ဇောငွေ့တွေက လေထုကိုညစ်ညမ်းစေပါတယ်။ ဒီလိုကားကြပ်တဲ့နေရာမှာ နေတာကြာရင် လေပြွန်တွေရောင်ရမ်းပြီး နာတာရှည်ဖြစ်လာမှာပါ။

  • နာတာရှည်လေပြွန်ကျဉ်းခြင်း (COPD)

နာတာရှည် လေပြွန်ရောင်တာနဲ့ လေအိတ်ငယ်ကျယ်တာက COPDအုပ်စုထဲမှာ အဖြစ်များတဲ့ ရောဂါပါ။ ဓာတ်ငွေ့တွေ၊ အမှုန်တွေ၊ မီးခိုးတွေကို အကြာကြီးရှူမိတဲ့သူတွေမှာဖြစ်ပါတယ်။ လေထုညစ်ညမ်းလေလေ COPDပိုဆိုးလေပါ။ COPDရှိပြီးသားဆိုရင် လေထုညစ်ညမ်းလာတာနဲ့ အသက်ရှူတွေပါ ကြပ်လာမှာပါ။

နိုက်ထရိုဂျင်အောက်ဆိုဒ်တွေ ဆာလ်ဖာဒိုင်အောက်ဆိုဒ်တွေက အဆုတ်ကို ရောင်ရမ်းစေပါတယ်။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေက ပိုပြီးခံစားရပါတယ်။ ကလေးငယ်သေဆုံးမှုတော်တော်များများက နမိုးနီးယားကြောင့်ပါ။ လူကြီးတွေမှာလည်း နမိုးနီးယားကြောင့် ဆေးရုံခဏခဏတက်ရနိုင်ပါတယ်။

  • နှလုံးရောဂါ

လေထုညစ်ညမ်းမှုကြောင့် heart attackနှလုံးခုန်မမှန်တာ၊ နှလုံးပျက်စီးတာ၊ လေဖြတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ လေထုထဲမှာပါတဲ့ အမှုန်အမွှားတွေက သွေးကြောထဲကို ရောက်ပြီး ရောင်ရမ်းစေပါတယ်။

  • စိတ်ကျန်းမာရေး

လေ့လာချက်တွေအရ လေထုညစ်ညမ်းမှုက စိတ်ကျခြင်းနဲ့ စိတ်အတက်အကျမြန်တာကို ဖြစ်စေပါတယ်တဲ့။

လေထုညစ်ညမ်းမှုက ခုခံအားကို ထိခိုက်စေပြီး အဆုတ်မှာ ခုခံအားကမောက်ကမရောဂါတွေကို ဖြစ်စေပါတယ်။

  • ကိုယ်ဝန်ပျက်ကျခြင်း

လေထုထဲမှာပါတဲ့ အိုဇုန်းက ကိုယ်ဝန်နုစဉ်မှာ ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေပါတယ်။

  • လမစေ့ကလေးမွေးခြင်း

လေထုညစ်ညမ်းမှုကြောင့် သွေးထဲက ဓာတ်ပစ္စည်းတွေက အချင်းကိုအားနည်းစေပြီး လမစေ့ခင်မွေးစေပါတယ်။

  • အသေစောခြင်း

လေထုညစ်ညမ်းမှုကြောင့် လူတွေက အသက်တိုလာကြပါပြီ။ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုနဲ့ကြောင့် လေဖြတ်တာ၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါနဲ့ ပိုးဝင်တာတွေကြောင့် အရွယ်မတိုင်ခင် သေဆုံးနေကြပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်ကာ သင်ယူနိုင်စွမ်းတွေ၊ မှတ်ဉာဏ်အားတွေ ထိခိုက်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာလည်း မှတ်ဉာဏ်ချို့ယွင်းခြင်းကို ဖြစ်စေပါတယ်။

  • မျက်စိနှင့် နှာခေါင်းထိခိုက်ခြင်း

အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် မျက်စိယားတာ၊ နှာရည်ယိုတာ၊ လည်ပင်းနာတာ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

လေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချကြမလဲ။

လေထုညစ်ညမ်းမှုကို လျှော့ချဖို့အတွက်

  • နီးရင် လမ်းလျှောက်ပါ။
  • ဝေးရင် စက်ဘီးစီးပါ။
  • အများသုံးပို့ဆောင်ရေးကို သုံးပါ။ (ဘတ်စ်ကား၊ ရထား)
  • ​စွမ်းအင်ချွေတာပါ။ (မလိုအပ်တဲ့ မီးတွေ၊ ပန်ကာတွေပိတ်ပါ။)
  • ​Reduce, Reuse, Recycle Rသုံးလုံးကိုလိုက်နာပါ။
  • နေရောင်ခြည်သုံး စွမ်းအင်ထုတ်စက်တွေ၊ လေအားစွမ်းအင်ထုတ်စက်တွေ သုံးပါ။
  • စွမ်းအင်ချွေတာတဲ့ ပစ္စည်းတွေသုံးပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.who.int/health-topics/air-pollution#tab=tab_3

https://www.conserve-energy-future.com/causes-effects-solutions-of-air-pollution.php

https://www.webmd.com/lung/ss/slideshow-ways-to-keep-lungs-healthy

ယခုပုံစံ

26/09/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။

လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် ဒီလိုသက်ရောက်နေပါတယ်



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement