backup og meta

ရေချိုးတဲ့ခါ လုပ်မိနေနိုင်တဲ့ နည်းလမ်းမှားတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Yee Mon Lwin မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေချိုးတဲ့ခါ လုပ်မိနေနိုင်တဲ့ နည်းလမ်းမှားတွေ

    ရေချိုးတာဟာ တစ်နေ့တာ ကိုယ့်တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် လူတိုင်း လုပ်ကြတဲ့ အလုပ်ပါ။ မနက် အလုပ်မသွားခင်မှာ ရေချိုးတဲ့သူတွေရှိသလို ညနေအိမ်ပြန်ရောက် အိပ်ခါနီးချိန်မှာ ချိုးတဲ့သူတွေလည်းရှိတယ်။ ရေတော့ နေ့တိုင်းချိုးနေပါရဲ့၊ ရေချိုးနေတာ နည်းစနစ်မှန်ရဲ့လား၊ ရေချိုးတာကိုပဲ နည်းစနစ်တွေဘာတွေလိုလို့လား၊ ဘာခက်လို့လဲ၊ ရေလောင်း၊ ချေးတွန်း၊ ဆပ်ပြာတိုက်၊ ရေပြန်လောင်းတာပဲကို ဘာမှားစရာရှိလဲ ဆိုပြီး မေးစရာရှိပါတယ်။

    ရေချိုးတာမှာလည်း ရေချိုးဖို့ အသင့်တော်ဆုံးချိန်၊ နည်းစနစ်၊ သုံးသင့်တဲ့ ဆပ်ပြာအမျိုးအစား စသဖြင့်ရှိပါတယ်တဲ့။ ဒါကြောင့် ရေချိုးတဲ့ချိန်မှာ မှားယွင်းနေနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ ရေရဲ့ အပူချိန်

    ရေချိုးတဲ့ရေဟာ အရမ်းပူရင် အသားအရေကို ခြောက်သွေ့စေနိုင်တယ်။ အရမ်းအေးနေပြန်ရင်လည်း ဆပ်ပြာ အမြှုပ်မထွက်ဘူး။ ဒါဆိုရင် ရေချိုးဖို့ အသင့်တော်ဆုံး ရေအပူချိန်ကဘာလဲပေါ့နော်။ လေ့လာချက်တွေအရတော့ ၁၀၂ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ပါတဲ့။ ဒါပေမဲ့ ရေချိုးတဲ့ရေကို သာမိုမီတာနဲ့ တိုင်းပြီး ချိုးဖို့ဆိုတာ လက်တွေ့မဆန်ဘူးပေါ့။ ဒါကြောင့် ကိုယ့် အရေပြားက ရေအပူချိန်ကို ဘယ်လို တုန့်ပြန်လဲဆိုတာကိုပဲ ကြည့်သင့်ပါတယ်။ ရေအရမ်းပူရင် အသားတွေ နီလာမယ်။ အရမ်းအေးရင်လည်း ကြက်သီးမွှေးညှင်းတွေထလာမယ်။ အရမ်းအေး၊ အရမ်းပူတဲ့ ရေအပူချိန်တွေမှာ ရေချိုးရင် အသားအရေရဲ့ သဘာဝအဆီတွေ ပျက်စီးသွားပြီး အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ရေချိုးဖို့အတွက် အကောင်းဆုံး ရေအပူချိန်ကတော့ ကြက်သီးနွေးအပူချိန်ပါပဲ။

    ၂။ ရေချိုးတဲ့ ကြာချိန်

    ရေနွေးနွေး ရေပန်းအောက်မှာ အကြာကြီး ရပ်နေရတာ ကောင်းတဲ့ ခံစားချက်တစ်ခုဖြစ်ပေမယ့် မလိုအပ်ဘဲ ရေကို ဖြုန်းတီးနေရာရောက်ပါတယ်။ သာမန်လူ တစ်ယောက်အတွက် တစ်ကိုယ်လုံး သန့်စင်ဖို့အတွက် ၅ မိနစ်ကနေ ၁၀ မိနစ်ပဲ လိုအပ်ပါတယ်။ ရေစေးလား၊ ရေသွက်လား၊ ရေထဲမှာပါဝင်တဲ့ ဓာတုပစ္စည်း ပါဝင်မှု ပမာဏအပေါ် အခြေခံပြီးတော့ ရေချိုးချိန်ကြာရင် ကြာသလောက် အသားခြောက်တာ၊ အသားကွဲတာ၊ အသားမှာ အကွက်တွေပေါ်လာတာ စတဲ့ အရေပြားပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။

    ၃။ ရေမြှုပ်အသုံးပြုခြင်း

    ရေမြှုပ်ကို အသုံးပြုရင် အမြှုပ်များများထွက်တော့ ဆပ်ပြာသိပ်မလိုဘူးပေါ့နော်။ ဆပ်ပြာအများကြီးသုံးရင် အသားအရေကို ခြောက်သွေ့စေနိုင်တဲ့အတွက် ရေမြှုပ်က အသုံးဝင်ပါတယ်။ ဒါပေမဲ့ အသားအရေ ထိခိုက်လွယ်တဲ့သူ sensitive ဖြစ်တဲ့သူတွေကတော့ ရေမြှုပ်သုံးတာ သတိထားသုံးဖို့လိုပါတယ်နော်။ နောက်ပြီးတော့ ရေမြှုပ်ကိုလည်း ၂ လ တစ်ကြိမ် ပြောင်းပေးဖို့ လိုအပ်ပါတယ်။

    ၄။ မျက်နှာသုတ်ပုဝါ

    မျက်နှာသုတ်ပုဝါတွေက သုတ်ပြီးတဲ့ချိန်မှာ ခြောက်သွေ့အောင် မထားရင် ဘက်တီးရီးယားတွေ ပေါက်ပွားစေနိုင်တယ်။ ဒါကြောင့် မျက်နှာသုတ်ပဝါတွေကို နေ့တိုင်းမလဲနိုင်ရင်တောင် သုတ်ပြီးတိုင်း နေပူထဲမှာ ခြောက်အောင် လှန်းထားပါ။ ၃-၄ ရက်တစ်ခါတော့ မျက်နှာသုတ်ပဝါကို လျှော်သင့်ပါတယ်။

    ၅။ ရေချိုးတဲ့ အချိန်

    မနက်ပိုင်း ရေချိုးတာဟာ နေ့တစ်နေ့ မစခင်မှာ လန်းဆန်းသွားစေတဲ့အတွက် ကောင်းပေမယ့် လေ့လာချက်တွေအရတော့ ညနေပိုင်း အိပ်ခါနီးမှာ ရေချိုးတာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်တဲ့။ တစ်နေ့တာလုံး ခန္ဓာကိုယ်မှာ ကပ်လာတဲ့ ဖုန်၊ ချေး၊ အညစ်အကြေးတွေကို အိပ်ခါနီးမှာ ဆေးကြောလိုက်တဲ့အခါ ကိုယ့်အိပ်ရာခင်းပါ မညစ်ပတ်တော့ဘူးပေါ့နော်။

    ၆။ ရေခဏခဏချိုးတာ။

    တစ်နေ့ကို တစ်ကြိမ် ရေချိုးတာ လုံလောက်ပါတယ်။ တချို့ အရမ်းအေးတဲ့ နိုင်ငံတွေမှာ ဆောင်းရာသီရောက်ရင် ချွေးလည်း မထွက်တဲ့အတွက် တစ်နေ့တစ်ကြိမ်တောင် ချိုးဖို့ မလိုအပ်ပါဘူးတဲ့။ အကယ်၍ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူ၊ ဖုန်များတဲ့နေရာမှာ အလုပ်လုပ်တဲ့သူတွေ အတွက် တစ်နေ့ကို ရေနှစ်ခါချိုးမယ်ဆိုရင် တစ်ကြိမ်ကို ရေလောင်းရုံသာလောင်းပြီး နောက်တစ်ကြိမ်ကိုသာ ရေအပြည့်ချိုးဖို့ အကြံပေးထားပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement