backup og meta

ဖရုံစေ့လှော်က ဆေးဖက်ဝင်တယ်ဆို ဘယ်လိုမျိုးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖရုံစေ့လှော်က ဆေးဖက်ဝင်တယ်ဆို ဘယ်လိုမျိုးလဲ

    ဖရုံစေ့လှော်က ပိစိလေးမို့ အထင်မသေးလိုက်ပါနဲ့။ ဖရုံစေ့ ဆိုတာ အရွယ်အစားနဲ့မလိုက်အောင် အကျိုးကျေးဇူးများတဲ့ အစားအစာတစ်ခုပါနော်။ သူ့မှာ တန်ဖိုးကြီးတဲ့အာဟာရဓါတ်တွေအပြည့်ပါနေတာပါတဲ့။ နည်းနည်းလောက်ပမာဏကိုပဲ မကြာမကြာစားပေးရင် ကျန်းမာရေးအတွက် အကျိုးပြုအဆီဓါတ်တွေ၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓါတ်တွေကို အတော်များများရရှိနိုင်ပါလိမ့်မယ်။ ဒါက ဥပမာလောက်ပါပဲ၊ နောက်ထပ် ဘယ်လိုတွေဆေးဖက်ဝင်တာလဲဆိုတာကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး…

    ဖရုံစေ့လှော်က ဆေးဖက်ဝင်တယ်ဆို ဘယ်လိုမျိုးလဲ

    အာဟာရဓါတ်တွေ ကြွယ်ဝတယ်

    ဖရုံစေ့မှာ အပင်ကရရှိတဲ့မပြည့်ဝဆီ(polyunsaturated fatty acids)တွေ၊ ဗီတာမင် B2 နဲ့ ဖောလိတ်ဓါတ်တို့လို အကျိုးပြုအာဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကာရိုတီးနွိုက်နဲ့ ဗီတာမင် E တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုလည်းများပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်းဆဲလ်တွေကို free radicals တွေရန်က ကာကွယ်ပေးပြီး ကင်ဆာတွေကိုကာကွယ်ပေးပါတယ်။

    ဆီးကျိတ်နဲ့ ဆီးအိမ်ကျန်းမာရေးအတွက်ကောင်းတယ်

    ဖရုံစေ့က ဆီးကျိတ်ရောင်ခြင်းကို လက္ခဏာတွေလျော့ပါးသက်သာစေတယ်လို့ သုတေသနတွေ့ရှိချက်တွေ ထွက်ပေါ်ထားပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက်တွေအရလည်း ဖရုံစေ့က ဆီးအိမ်လုပ်ဆောင်ချက်လွန်ကဲခြင်းကို ကုသပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။

    မဂ္ဂနီဆီယမ်ကြွယ်ဝတယ်

    ဖရုံစေ့မှာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝပါတယ်။ သွေးဖိအား၊ နှလုံးကျန်းမာရေး၊ အရိုးကျန်းမာရေးထိန်းသိမ်းမှု၊ သွေးတွင်းသကြားဓာတ်တို့နဲ့ပတ်သက်ပြီး မဂ္ဂနီဆီယမ်ပမာဏ အလုံအလောက်ရရှိဖို့ အရေးကြီးပါတယ်။

    နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

    ဖရုံစေ့မှာ နှလုံးကျန်းမာစေဖို့ အထောက်အကူပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ မဂ္ဂနီဆီယမ်၊ ဇင့်နဲ့ အကျိုးပြုအဆီဓာတ်တွေ ပါဝင်မှုများပါတယ်။ လေ့လာမှုတွေအရ ဖရုံစေ့က သွေးတိုးကျစေပြီး အကျိုးပြုကိုလက်စထရောဓာတ်တွေကို တိုးစေတယ်လို့ တွေ့ရပါတယ်။

    အမျှင်ဓာတ်ကြွယ်ဝတယ်

    လက်တစ်ဆုပ်စာ ဖရုံစေ့ပမာဏမှာ အမျှင်ဓာတ် ၁.၁ ဂရမ် ပါဝင်နိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် နှလုံးရောဂါ၊ အမျိုးအစား ၂ဆီးချိုရောဂါ၊ အဝလွန်ခြင်းတို့ကိုဖြစ်နိုင်ခြေလျော့နည်း စေနိုင်ပါတယ်။

    မျိုးအောင်နိုင်စွမ်း ပိုကောင်းစေတယ်

    ဇင့်ဓာတ်ချို့တဲ့ခြင်းက အမျိုးသားတွေမှာ သုက်ပိုးအရည်အသွေးကျဆင်းစေပြီး သားသမီးရနိုင်စွမ်း နည်းစေနိုင်ပါတယ်။

    ဖရုံစေ့မှာ ဇင့်ဓာတ်ပါဝင်မှုမြင့်မားတဲ့အတွက် မျိုးအောင်နိုင်စွမ်းပိုများစေပါတယ်။ ကျားဟော်မုန်းကို အထောက်အပံ့ပေးတဲ့ တခြားအာဟာရဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝပါသေးတယ်။

    အိပ်ပျော်စေတယ်

    ညအိပ်မပျော်နိုင်ဖြစ်နေရတယ်ဆိုရင် မအိပ်ခင် ဖရုံစေ့နည်းနည်းစားကြည့်ပါ။ သူ့မှာ အိပ်စက်ခြင်းကို အထောက်အကူပေးနိုင်တဲ့ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ tryptophan ပါဝင်ပါတယ်။ တစ်နေ့ကို tryptophan ၁ ဂရမ် စားသုံးခြင်းက ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်လို့ သိရပါတယ်။ ဇင့်၊၊ tryptophan၊ နဲ့ မဂ္ဂနီဆီယမ်တို့စုံတဲ့ အရင်းအမြစ်တစ်ခုဖြစ်တဲ့အတွက် အိပ်စက်ခြင်းအတွက် ကောင်းကျိုးပေးနိုင်တာ သေချာပါတယ်။

    အစေ့အဆန်ဆိုပြီး နိုင်ငံခြားကလည်းမှာစရာမလိုဘူး၊ ကိုယ့်ပြည်တွင်းမှာပဲ အလွယ်တကူရနိုင်တဲ့ ရတနာလေးပါပဲ။ တခါတည်းအများကြီးတော့မစားနဲ့ပေါ့။ မကြာမကြာ ထိုက်သင့်သလောက်စားပေးရင်ပဲ ဒီအကျိုးကျေးဇူးတွေကို ရရှိနေမှာပါနော်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ။

    ဖရုံစေ့လှော်က လူတိုင်း စားလို့ ရပါတယ်။ အရမ်းငယ်သေးတဲ့ ဘေဘီလေးတွေကိုတော့ ကျွေးလို့ မရပါဘူး။ အသက် ၉ လပြည့်ပြီးမှ ကျွေးပေးလို့ ရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement