backup og meta

ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

    ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသဖို့ ပဋိဇီဝ ပိုးသတ်ဆေး (Antibiotics) တွေကို သောက်ပေးဖို့ လိုအပ်ပါတယ်။ ပိုးသတ်ဆေးဟာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ရောဂါတွေကို ကုသတဲ့နေရာမှာ အာနိသင်ရှိသလို ဘေးထွက်ဆိုးကျိုးတွေကိုလည်း အတန်အသင့် ခံစားရနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေထဲက အဖြစ်များတဲ့ လက္ခဏာကတော့ မောပန်းပြီး အားမရှိသလို ဖြစ်တာပါ။ ဒီတော့ ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။

    ၁။ ပိုးသတ်ဆေးတွေ စစချင်း သောက်တဲ့အခါ လူက အားမရှိသလို ဖြစ်သွားနိုင်ပါတယ်။ နဂိုဖျားနာနေတဲ့ အရှိန်ကြောင့် ကိုယ်ခံအားစနစ် အားပျော့နေတဲ့အချိန်မှာ ဆေးပြင်းတွေ သောက်လိုက်တာကြောင့်လည်း ပါပါတယ်။

    ၂။ ပိုးသတ်ဆေးတွေဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကိုသာမက ခန္ဓာကိုယ်အတွက် အကျိုးပြု ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ပါတယ်။ ဒီအကျိုးပြု ဘက်တီးရီးယားများ ပြန်မပေါက်ဖွားလာခင်အထိ အစာအိမ်နဲ့ အူလမ်းကြောင်းက စားလိုက်တဲ့အစားအစာကနေ အာဟာရဓာတ်တွေကို ကောင်းစွာ မစုပ်ယူနိုင်တော့ပါဘူး။ ဒါ့အပြင် ရောဂါတွေကို တိုက်ထုတ်နေရတဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည်အားဖြည့်ပေးဖို့ ဒီအာဟာရဓာတ် အများစုကို အသုံးပြုလိုက်ရတဲ့အတွက် အားမရှိသလို ဖြစ်နေတတ်ပါတယ်။

    ၃။ ပိုးသတ်ဆေးသောက်နေချိန်မှာ ရောဂါနဲ့ ဆေးအရှိန်ပေါင်းပြီး လူက နုံးချိတာ သဘာဝပါ။ ဒီလိုအချိန်မှာ သေချာအနားယူခြင်း၊ အိပ်စက်ခြင်း မရှိဘဲ အလုပ်လုပ်နေမယ်၊ လေ့ကျင့်ခန်းတွေ လုပ်နေမယ်ဆိုရင် နဂိုကျန်နေတဲ့ အားအင်တွေကို ကုန်ခမ်းသွားအောင် သုံးမိသလို ဖြစ်သွားတဲ့အတွက် ကိုယ်ခံအားပိုကျသလို လူကလည်း ပိုနုံးသွားနိုင်ပါတယ်။

    ဘယ်ပိုးသတ်ဆေးတွေက အားအင်တွေကို ပိုပြီးကုန်ခမ်းစေနိုင်လဲ။

    ပိုးသတ်ဆေးအများစုဟာ လူကို မောပန်းနုံးချိစေတဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်။ ဒီပိုးသတ်ဆေးတွေထဲမှာမှ Amoxicillin, Azithromycin, Ciprofloxacin ဆေးတွေကတော့ မောပန်းခြင်းကို ပိုပြီးဖြစ်စေနိုင်တယ်လို့ တွေ့ရပါတယ်။ များသောအားဖြင့် လူနာရဲ့ ကိုယ်ခံအားစနစ်နဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဘေးထွက်ဆိုးကျိုး လက္ခဏာနဲ့ ပြင်းထန်ခြင်းက ကွာခြားသွားနိုင်ပါတယ်။

    ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

    ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

    ၁။ အရင်ဆုံး ကိုယ်ပြနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်လာရင် ဆေးအမျိုးအစား ပြောင်းပေးဖို့၊ ဆေးပမာဏ လျှော့ချဖို့ အကြံတောင်းလို့ ရပါတယ်။

    ၂။ ပိုးသတ်ဆေး သောက်နေတဲ့အချိန်မှာ အားအင်ကုန်ခမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းလုပ်တာ၊ အလေးအပင်မတာ၊ ပြေးတာ၊ ရေကူးတာမျိုး တတ်နိုင်သလောက် ရှောင်ပါ။

    ၃။ ပိုးသတ်ဆေး သောက်ပြီး ခံတွင်းပျက်နေခဲ့ရင်တောင် ဘာမှမစားဘဲ မနေပါနဲ့။ ဗိုက်ထဲ အစာတစ်ခုခုရှိနေအောင် လုပ်ပါ။

    ၄။ ရေ၊ အရည်များများ သောက်ပါ။ အစားအစာကို အရမ်းမာတာထက် ပျော့ပျော့လေး စားပေးပါ။

    ၅။ အိပ်ရေးဝအောင် အိပ်ပါ။ မနက်ဘက်မှာလည်း အားမရှိသလို ဖြစ်နေရင် အိပ်စက်အနားယူလိုက်ပါ။ အိပ်မှပဲ ကိုယ်ခံအားစနစ်က ပြန်လည်အားပြည့်ပြီး ရောဂါတွေကို တိုက်ထုတ်ပေးနိုင်မှာပါ။

    ၆။ ပိုးသတ်ဆေး သောက်နေတဲ့အချိန်မှာ အရက်ကို လုံးဝမသောက်သင့်ပါဘူး။ ဆေးလိပ်ကိုပါ ရပ်ထားနိုင်ရင်တော့ ပိုအဆင်ပြေပါတယ်။

    ဒီလို နေ့စဉ်ပြုလုပ်ပေးသွားမယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်က ဆေးနဲ့ အသားကျသွားပြီး ကောင်းကောင်းနာလန်ထူနိုင်မှာပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement