backup og meta

ပိန်တဲ့အမျိုးသားတွေ Gym ဆော့တဲ့အခါ လုပ်တတ်တဲ့ အမှားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိန်တဲ့အမျိုးသားတွေ Gym ဆော့တဲ့အခါ လုပ်တတ်တဲ့ အမှားများ

    ယောက်ျားလေးဆိုတာ ကိုယ့်အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ အရပ်နဲ့ ကိုယ်အလေးချိန်တစ်ခု ရှိဖို့လိုအပ်ပါတယ်။ အဲ့တော့ ဝလွန်းနေရင်လည်း အဆင်မပြေသလို ပိန်လွန်းနေပြန်ရင်လည်း ယောက်ျားလေးတစ်ယောက်အနေနဲ့ သိပ်ကို ကြည့်ရဆိုးတယ်နော်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံက လူငယ်ယောက်ျားလေးအများစုက ပိန်ပြီး လူကောင်ညှက်ညှက်လေးတွေ ဖြစ်နေကြတာ သတိထားမိမှာပါ။

    Hello ဆရာဝန်မှာ ယောက်ျားလေးပရိတ်သတ်တွေ အမေးအများဆုံးမေးခွန်းတွေထဲမှာ ဝအောင်၊ ကြွက်သားတက်အောင် ဘာတွေလုပ်ရမလဲ၊ ဘာစားပေးရမလဲ၊ Gym ကစားနေတာတောင် ဘာလို့ ကြွက်သားတက်နှေးနေရတာလဲ အစရှိသဖြင့် အစုံအလင်ပါပဲ။ ဒီဆောင်းပါးမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပိန်နေပြီး ကြွက်သားထုအမြန်တက်ချင်တဲ့ အမျိုးသားတွေအတွက် ရည်ညွှန်းပြီး လုပ်တတ်တဲ့ အမှားလေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးသွားမှာဖြစ်လို့ သေချာလေ့လာကြည့်လိုက်ရအောင်။

    ဘာတွေမှားနေလဲ၊ ဘာတွေပြင်ဖို့လိုအပ်လဲ။

    ၁။ လုံလောက်စွာ မစားသုံးခြင်း

    ဝနေတဲ့ ယောက်ျားတွေနဲ့ ပြောင်းပြန် ပိန်တဲ့ အမျိုးသားတွေမှာ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနေရင်တောင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုတွေဟာ လျင်မြန်တဲ့အတွက် ကယ်လိုရီလောင်ကျွမ်းတာ လွယ်ကူပါတယ်။ အဲ့တော့ နည်းနည်းလေးပဲ စားပြီး ကြွက်သားမြန်မြန်တက်ချင်တယ်၊ လူကောင်ထွားချင်တယ်ဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

    အဲ့တော့ ဘာစားကြမလဲ။ ပရိုတင်းဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်ပါတဲ့ အစားအစာတွေကို အဓိကထားပြီး များများစားပေးရပါမယ်။ အသား၊ ငါး၊ ကြက်ဥ၊ နွားနို့၊ ထမင်း၊ ကန်စွန်းဥ၊ အာလူး၊ အုတ်ဂျုံ၊ အစေ့အဆန်၊ ပဲအမျိုးမျိုးကို ပုံမှန်ထက် ၂ဆလောက် ပိုစားပေးဖို့ လိုပါတယ်။ အဲ့လိုစားမှပဲ ခန္ဓာကိုယ်က ကယ်လိုရီတွေ လောင်ကျွမ်းစေတဲ့အခါ ကြွက်သားထုတက်စေဖို့ ကယ်လိုရီ၊ အဆီ၊ ပရိုတင်းတွေက ပိုကျန်နေမှာပါ။ ဒါကြောင့် များများစားပါ။ အကြိမ်ရေကိုလည်း ခွဲစားပါ။ မုန့်ပဲသရေစာတွေ လျှောက်မစားပါနဲ့။ ကိုယ့်အတွက် အာဟာရဖြစ်မယ့်အစားအစာတွေကိုပဲ စားနိုင်သလောက် စားပါ။

    ၂။ ရည်မှန်းချက် မရှိခြင်း

    ယောက်ျားလေးတော်တော်များများ Gym ကစားကြတယ်။ ပြဿနာက ကိုယ်က ဘယ်လိုခန္ဓာကိုယ်အချိုးအစားမျိုး ဖြစ်ချင်တာလဲ၊ ကိုယ်အလေးချိန် ဘယ်လောက်တက်ချင်တာလဲ၊ ဘယ်နေရာကို အဓိကထားပြီး ဆော့ချင်တာလဲ၊ ဘယ်နှစ်လအတွင်းမှာ ကြွက်သားဘယ်လောက် တိုးလာရမလဲ၊ ဒီလိုဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ မရှိဘဲ အစိမ်းသက်သက် ကစားတတ်ကြတဲ့ အမှားပါ။ အရောက်သွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခု မရှိတဲ့အခါ ခရီးလမ်းက အတည့်အတိုင်းမဟုတ်တော့ဘဲ နှောင့်နှေးကြန့်ကြာတာ၊ လမ်းခုလတ်မှာပဲ စိတ်ပျက်ပြီး ဆက်မသွားဘဲ ရပ်လိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Gym ကစားတော့မယ်ဆိုရင် ကိုယ်က ဘယ်လိုခန္ဓာကိုယ်အချိုးအစားမျိုး ဖြစ်ချင်တာလဲဆိုတာ အရင်ဆုံး သေချာသိထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ့်ကို လေ့ကျင့်ပေးရမယ့် နည်းပြအနေနဲ့ ဘယ်ကစားနည်းက အသင့်လျော်ဆုံးဖြစ်မလဲဆိုတာ ဆုံးဖြတ်ပေးလို့ရမှာပါ။

    ၃။ တစ်နေရာထဲကို ကွက်ကစားခြင်း

    ကျွန်တော်က ရင်အုပ်ကြီးချင်တာ ဆိုပြီး ရင်အုပ်ကြွက်သားအတွက် လေ့ကျင့်ခန်းတွေပဲ နေ့တိုင်းဆော့နေပြီး တခြားနေရာအတွက် ဘာမှမကစားပေးလို့ အဆင်မပြေပါဘူး။ လေ့ကျင့်ခန်းတော်တော်များများက ကြွက်သားအုပ်စု တစ်မျိုး သို့မဟုတ် ၂မျိုးလောက်ကိုပဲ ပစ်မှတ်ထားပြီး ပုံသွင်းပေးတာဖြစ်ပါတယ်။ အဲ့တော့ ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ ကြီးလာပါရဲ့၊ အောက်ပိုင်းက သေးနေပြီး ကြက်ခြေထောက်ကလေးတွေလို ဖြစ်နေမယ်၊ တင်ရှူးနေရင်တော့ ကြည့်လို့လည်း အဆင်မပြေသလို အစကနေ အကုန်ပြန်ကစားတဲ့အခါမှာလည်း ကြွက်သားတက်ဖို့ အချိန်ပိုကြာသွားနိုင်ပါတယ်။

    ၄။ အလေးမတိုးခြင်း

    ဝတဲ့သူတွေလို မဟုတ်ဘဲ ကိုယ်က ပိန်နေတဲ့အခါ စစချင်းဆော့ရင် အလေးမနိုင်တာ ဖြစ်တတ်ပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တာလည်း အသားကျနေပြီ၊ အချိန်အတော်ကြာနေပြီ၊ ဒီအလေးကနေ ထပ်ဆင့်တိုးပြီး မဆော့ဘူးဆိုရင်တော့ ကယ်လိုရီလောင်ကျွမ်းတာလောက်ပဲ လုပ်ပေးပြီး ခန္ဓာကိုယ်က ဒီအချိုးအစားကနေ တက်လာတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် စစချင်းမှာ ကိုယ်နိုင်သလောက် အလေးနဲ့ စပါ။ ကိုယ်က ဒီအလေးကို နိုင်ပြီဆိုရင် ဖြည်းဖြည်းချင်းအလေးတိုးသွားပါ။ အကြိမ်ရေကို အဓိကမထားပါနဲ့။ ကိုယ်ထမ်းနေတဲ့ အလေးတိုးလာဖို့ကို ဂရုစိုက်ပါ။

    ၅။ အကြိမ်ရေကို ဦးစားပေးခြင်း

    တချို့ Gym ကစားနေကြတဲ့ အမျိုးသားတွေ လုပ်တတ်တဲ့ အမှားတစ်ခုပါ။ ကိုယ်က အလေးကို နိုင်လာပြီဆိုရင် အလေးတိုးဖို့မစဉ်းစားဘဲ အကြိမ်ရေကို တိုးလုပ်ဖို့ပဲ တွေးမိတတ်ကြပါတယ်။ အဲ့တော့ ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားက ဒီအလေးနဲ့ပဲ အံဝင်ခွင်ကျဖြစ်သွားတဲ့အခါ အကြိမ်ရေများများတိုးလုပ်လို့လည်း ကြွက်သားထုတက်မလာနိုင်တော့ပါဘူး။

    နောက်တစ်ချက်က ကိုယ်က အလေးနိုင်တယ်၊ အကြိမ်ရေတိုးလုပ်တယ်၊ အဲ့တော့ မြန်မြန်ပြီးဖို့ကို စိတ်ကူးရင်း အလေးမြန်မြန်မလိုက်တယ်၊ အဲ့ဒီနောက်မှာ ကိုယ့်ရဲ့ ကြွက်သားတွေက ထိခိုက်ဒဏ်ရာရသွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုလေ့ကျင့်ခန်းကိုမဆို လုပ်တော့မယ်ဆိုရင် ဖြည်းဖြည်းနဲ့ အသက်ရှူပါ။ ဘယ်လိုနည်းမှန်လမ်းမှန် ကစားရမလဲဆိုတာ လေ့လာပါ၊ မသိရင် နည်းပြဆရာကို မေးပါ။ အကြိမ်ရေကို သိပ်အလေးမထားပါနဲ့။ အလေးတိုးဖို့ကိုပဲ အာရုံစိုက်ပြီး ဖြည်းဖြည်းချင်း ကစားပါ။

    ၆။ နေထိုင်မှုပုံစံကို ဂရုစိုက်ပါ။

    ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အိပ်ချိန်ကို အရင်ဆုံးပြောပြသင့်တယ်လို့ ထင်ပါတယ်။ ပိန်နေတဲ့သူတွေ ဘာကြောင့်ကြွက်သားမတက်ရတာလဲဆိုတဲ့ နောက်ကွယ်မှာ အိပ်ချိန်အပြည့်အဝမရခြင်း၊ အိပ်ရမယ့်အချိန်မှာ မအိပ်ဘဲ ဖုန်းသုံးနေတာ၊ ရုပ်ရှင်ကြည့်တာ၊ နေ့နဲ့ ညမှားအိပ်တာတွေက အဓိကတရားခံပါပဲ။ ဒါကြောင့် ညအိပ်ချိန်ကို ၁၂နာရီမထိုးခင် အချိန်တစ်ခု သေချာသတ်မှတ်ပြီး အိပ်ပါ။ အိပ်ကျင့်ရှိသွားရင် နောက်ပိုင်း ဒီအချိန် မအိပ်ရမနေနိုင်လောက်အောင် မျက်လုံးက လေးလံလာပါလိမ့်မယ်။ ပြီးတော့ Gym ကစားတဲ့အခါ ခန္ဓာကိုယ်က အားအင်အများအပြား ကုန်ဆုံးသလို ကြွက်သားတွေကိုလည်း အားပြန်ဖြည့်ဖို့၊ အသစ်ပြန်တည်ဆောက်ဖို့ အိပ်ချိန်ပြည့်နေဖို့ လိုပါတယ်။

    နောက်တစ်ခုက Gym ကို နေ့တိုင်းသွားဖို့ မလိုပါဘူး။ လေ့ကျင့်ခန်းလုပ်တဲ့အခါ နဂိုရှိတဲ့ ကြွက်သားတစ်သျှူးတွေကို ချေဖျက်လိုက်ပြီး နောက်ကြွက်သားအသစ်တွေ ထပ်ဖြစ်လာဖို့ လေ့ကျင့်ပေးသလို ဖြစ်သွားပါတယ်။ အထူးသဖြင့် ပိန်တဲ့သူတွေက ဝတဲ့သူတွေနဲ့ ယှဉ်လိုက်ရင် ကြွက်သားထုနည်းတဲ့အတွက် ပိုပြီး ကိုယ်ခန္ဓာကို အနားပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Gym ကို တစ်ပတ် ၄-၅ ရက်လောက်ပဲ သွားပါ။ ကျန်တဲ့နေ့တွေမှာ အိမ်မှာ ကောင်းကောင်းစားပြီး ကောင်းကောင်းအနားယူကြပါ။

    ပိန်နေတဲ့ ကိုကိုညီညီတို့လည်း ကိုယ်ဘယ်လိုအမှားတွေကို လုပ်တတ်လဲ၊ ဘာကြောင့် ကြွက်သားတက်တာ နှေးတာလဲဆိုတာ သေချာသိမယ်လို့ မျှော်လင့်မိပါတယ်။ ယောက်ျားလေးဆိုတာ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားအလိုက် ကြွက်သားအဖုအထစ်တွေနဲ့ ဖြစ်နေမှ ယောက်ျားပီပီသသနဲ့ ကြည့်ကောင်းမှာပါ။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ကို အားယူလိုက်ကြရအောင်လား။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement