backup og meta

Gym ကစားရင် အောက်ပိုင်းထိုင်ဖို့ မပျင်းပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Gym ကစားရင် အောက်ပိုင်းထိုင်ဖို့ မပျင်းပါနဲ့

    Gym ကစားတဲ့သူတော်တော်များများက အောက်ပိုင်းထိုင်ရမယ့်နေ့ဆို အရမ်းကြောက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားပြီးတာနဲ့ ချွေးတွေ အပြိုင်းပြိုင်းကျပြီး လမ်းကောင်းကောင်းမလျှောက်နိုင်၊ တင်တွေ၊ ပေါင်ကြောတွေ အောင့်ပြီး နည်းနည်းလှုပ်လိုက်တာနဲ့ ကိုက်ခဲညောင်းညာလာတတ်ကြတာကိုး။ နောက်တစ်ချက်ကတော့ ရင်အုပ်၊ လက်မောင်းကြီးဖို့ကိုပဲ ရည်မှန်းပြီး ခန္ဓာကိုယ်အောက်ပိုင်းက ကြွက်သားတွေကို လေ့ကျင့်ဖို့မလိုအပ်ဘူးလို့ ထင်တတ်ကြတာပါ။ တကယ်တော့ ကျွန်တော်တို့ Gym ကစားပြီဆိုတာနဲ့ ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေ အကုန်လုံးကို လေ့ကျင့်ပေးရတာပါ။ အဲ့လိုမှမဟုတ်ဘဲ အောက်ပိုင်းပဲ ကွက်ရှောင်မယ်ဆိုရင်တော့ ကြာလာရင် ဒုက္ခရောက်နိုင်တယ်နော်။ ဘယ်လိုပဲဖြစ်ဖြစ် Gym ကစားပြီဆိုကတည်းက ကျန်းမာဖို့နဲ့ ကြည့်ကောင်းပြီး ကိုယ်ခန္ဓာအချိုးကျဖို့ လာဆော့ကြတာဆိုတော့ အောက်ပိုင်းထိုင်မယ့်ရက်တွေဆို မပျင်းပါနဲ့။

    ဒီဆောင်းပါးကတော့ ယောက်ျားလေးတွေအတွက် အဓိကရည်စူးထားတာဆိုလည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ Gym သေချာကစားတဲ့ မိန်းကလေးတွေက နေ့ရက်တွေတိုင်းမှာ ပုံမှန်ကစားသလောက် ယောက်ျားလေးအများစုက ရင်ဘတ်နဲ့ လက်မောင်းလေ့ကျင့်တဲ့ရက်တွေမှာ အားသွန်ခွန်စိုက် ကစားပြီး အောက်ပိုင်းလေ့ကျင့်ရမယ့်ရက်ဆို ပျင်းပြီး မလာတာနဲ့ ကျော်လိုက်တာမျိုး အရမ်းလုပ်တတ်လို့ပါ။ ကိုယ့်သူငယ်ချင်းကောင်လေးတွေထဲမှာလည်း အောက်ပိုင်းမထိုင်ချင်ဘူးလို့ ညည်းနေတဲ့သူတွေ အများကြီးရှိမယ်ဆိုတာ သတိထားမိမှာပါ။ ဒါကြောင့် အောက်ပိုင်းထိုင်ရခြင်းရဲ့ ကောင်းကျိုးတွေနဲ့ အားသာချက်တွေကို ကျွန်တော်က ဒီဆောင်းပါးမှာ ဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာဖြစ်ပါတယ်။

    အောက်ပိုင်းထိုင်လို့ ဘာကောင်းကျိုးတွေ ရနိုင်လဲ။

    ၁။ တင်ပါး၊ ပေါင်၊ ခြေသလုံးမှာ ရှိတဲ့ ကြွက်သားတွေက ကိုယ်ခန္ဓာတစ်ခုလုံးကို အလေးချိန်ကို ဟန်ချက်ညီအောင် ထောက်မပေးပါတယ်။ အဲ့လိုကြွက်သားတွေက အားပျော့နေတဲ့အခါ အပေါ်ပိုင်းကတော့ ဗလကြီးနဲ့ အောက်ပိုင်းကျတော့ လေတိုက်လိုက်တာနဲ့ ခြေမခိုင်ဘဲ ယိုင်ချင်သလို ဖြစ်နေရင် တော်တော်လေးကို ကြည့်ရဆိုးစေနိုင်ပါတယ်။

    ၂။ အောက်ပိုင်းကြွက်သားတွေကို စနစ်တကျ လေ့ကျင့်ခြင်း မရှိတဲ့အခါ ကြက်ခြေထောက်လေးတွေလို တိုတိုသေးသေးလေးတွေနဲ့ ပုံမကျပန်းမကျ ဖြစ်သွားနိုင်ပါတယ်။ ယောက်ျားလေးအများစုက စားလိုက်တဲ့ အဆီတွေနဲ့ ကယ်လိုရီသည် ခါးနဲ့ ဗိုက်မှာ သွားစုပါတယ်။ သွေးမဆုံးသေးတဲ့ မိန်းကလေးတွေကတော့ ပြောင်းပြန် တင်ပါးနဲ့ ပေါင်မှာ သွားစုတာပါ။ အဲ့တော့ နဂိုကမှ အဆီမရှိရတဲ့အထဲ သေချာလေ့ကျင့်ခြင်းလည်း မရှိဘူးဆိုရင်တော့ အပေါ်ကြီး အောက်သေးနဲ့ ကြည့်လို့ တော်တော်အဆင်မပြေပါဘူး။

    ၃။ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေသည် ကိုယ်အလေးချိန်ကို ထိန်းညှိပေးရုံသာမက လေ့ကျင့်ခန်းလုပ်ရာမှာလည်း ကိုယ် မ နေတဲ့ အလေးတုံးကို နိုင်စေဖို့၊ အားပိုစိုက်ထုတ်နိုင်စေဖို့ ကူညီပေးပါတယ်။ အဲ့တော့ ကြက်ခြေထောက်လိုဖြစ်ပြီး အားမရှိရင်တော့ အပေါ်ပိုင်းလေ့ကျင့်တဲ့အခါ တခြားသူတွေလောက် အားစိုက်ထုတ်နိုင်မှာမဟုတ်ဘဲ ထင်သလောက် ခရီးမပေါက်ဘဲ ဖြစ်သွားနိုင်ပါတယ်။

    ၄။ တင်ပါးနဲ့ ခြေထောက်တွေမှာရှိတဲ့ ကြွက်သားသည် အမျိုးသားတွေအတွက် အကြီးဆုံးကြွက်သားလို့လည်း ဆိုနိုင်သလို ကျားဟော်မုန်း တက်စတိုစတီရုန်း ထွက်ဖို့ကိုလည်း ကူညီပေးပါတယ်။ ဒီကြွက်သားတွေကို လေ့ကျင့်ခြင်းမရှိတဲ့အခါ ကျားဟော်မုန်းအထွက်နည်းသွားတာကြောင့် ကြွက်သားတည်ဆောက်တဲ့နေရာမှာလည်း နှေးသွားနိုင်ပါတယ်။

    ၅။ ကိုယ်ခန္ဓာအပေါ်ပိုင်းလေ့ကျင့်ခန်းတွေဟာ ကြွက်သားထုကို တည်ဆောက်ဖို့အတွက်ဖြစ်ပြီး အောက်ပိုင်းလေ့ကျင့်ခန်း အများစုဟာ အဆီပိုတွေနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။ အောက်ပိုင်းထိုင်မယ့်နေ့ကို ကျော်လိုက်တဲ့အခါ တည်ဆောက်လိုက်တဲ့ကြွက်သားတွေက အဆီတွေနဲ့ ရောသွားတာကြောင့် ကျစ်လျစ်မှုမရှိဘဲ ပျော့တွဲတွဲဖြစ်ကာ ကြွက်သားထုတည်ဆောက်မှုကိုလည်း နှေးကွေးစေပါတယ်။

    ၆။ ယောက်ျားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာသန်စွမ်းမှုသည် ခန္ဓာကိုယ်အပေါ်ပိုင်းမှာသာ ရှိတာမဟုတ်ပါဘူး။ အောက်ပိုင်းမှာရှိတဲ့ တင်ပါးနဲ့ ခြေသလုံးကြွက်သားတွေမှာလည်း ရှိပါတယ်။ ဒီကြွက်သားတွေဟာ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ လှုပ်ရှားမှုကို ပံ့ပိုးပေးတယ်၊ အားအင်တွေ အလွယ်တကူကုန်မသွားစေဖို့ ဖြည့်ပေးတယ်။ သက်လုံကောင်းစေပြီး အမောခံနိုင်စေတယ်။ ကိုယ်ခန္ဓာကောက်ကြောင်းအလှကိုလည်း ပေါ်လွင်စေပါတယ်။

    ကဲ ဒါကြောင့် Gym ကစားတဲ့သူတိုင်း အထူးသဖြင့် အမျိုးသားတွေအနေနဲ့ အောက်ပိုင်းထိုင်ရမယ့် ရက်ဆိုရင် မပျက်ဖို့နဲ့ မပျင်းဖို့ သေချာလေး ဂရုစိုက်ပေးပါလို့ အကြံပြုရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement