backup og meta

Keto Diet စားပြီး ဝိတ်မကျတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Keto Diet စားပြီး ဝိတ်မကျတာ ဘာကြောင့်လဲ
    Keto Diet လို့ခေါ်ကြတဲ့ ကိုယ်အလေးချိန်လျှော့ စားသောက်နည်းက အခုနောက်ပိုင်း အတော်ခေတ်စားလာပါတယ်။ သူကတော့ ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ကန့်သတ်လိုက်တဲ့နည်းပါ။ ပုံမှန်ဆို ခန္ဓါကိုယ်က ကာဗိုဟိုက်ဒရိတ်တွေကို ဂလူးကို့စ်အဖြစ်ဖြိုခွဲလိုက်ပြီး ခွန်အားအဖြစ်အသုံးပြုပါတယ်။ ခန္ဓါကိုယ်ထဲမှာ ကာဗိုဟိုက်ဒရိတ်အလုံအလောက်မရှိတဲ့အခါ ketosis ဆိုတဲ့အဆင့်ကိုရောက်လာပါတယ်။

    Ketosis ဖြစ်နေတဲ့အတွင်းမှာ ခန္ဓါကိုယ်က အဆီလောင်ကျွမ်းမှုမှာ ပိုလုပ်ဆောင်နိုင်လာပြီး ဂလူးကို့စ်အစား အဆီတွေကိုပဲ ခွန်အားအဖြစ်ပြောင်းလဲအသုံးပြုလာပါတယ်။ ဒီအဆီလောင်ကျွမ်းမှုကြောင့်ပဲ အဆီချလိုတဲ့သူတွေကြား ကီတိုနည်းကို လူကြိုက်များလာတာဖြစ်ပါတယ်။

    ဒါပေမယ့် ကီတိုစားနေပေမယ့် သူများလို ထိထိရောက်ရောက်အဆီမကျဘူး ဆိုတဲ့သူတွေရှိနေပါတယ်။ကီတိုနည်းကိုစားနေပေမယ့် ကိုယ့်မှာဝိတ်မကျရတဲ့တခြားအကြောင်းရင်းတွေက ဘာတွေဖြစ်မလဲဆိုတော့ –

    (၁) ketosis အဆင့်ကိုမရောက်သေးတာ

    ပုံမှန်အားဖြင့် ကီတိုနည်းနဲ့ဝိတ်မကျတဲ့သူတွေဟာ ketosis အဆင့်ကို မရောက်သေးတာကြောင့်ဖြစ်နိုင်ပါတယ်။ ဘာလို့မရောက်ရလဲဆိုတဲ့ အဖြစ်များဆုံးအကြောင်းရင်းက ကာဗိုဟိုက်ဒရိတ်ကို လိုအပ်တဲ့ပမာဏအထိ သေချာမဖြတ်တောက်နိုင်လို့ပဲဖြစ်ပါတယ်။ ကီတိုနည်းနဲ့ စားသုံးနေသူတစ်ယောက်ရဲ့ ကယ်လိုရီစားသုံးမှုမှာ ကာဗိုဟိုက်ဒရိတ်က ၅-၁၀ ရာခိုင်နှုန်းပဲ ပါဝင်သင့်ပါတယ်။

    (၂) ပရိုတင်းအစားများလွန်းနေတာ

    ကာဗိုဟိုက်ဒရိတ်နည်းတဲ့စားသောက်ပုံမှာ ပရိုတင်းပမာဏအတန်အသင့်ပါဝင်လို့ရပါတယ်။ ဒါပေမယ့် လူတွေထင်တာက ကာဗိုဟိုက်ဒရိတ်လျှော့ပြီး ပရိုတင်းပိုစားရတဲ့နည်းလို့ မှားသိထားကြပါတယ်။ ဒီလိုစားမယ်ဆို ခန္ဓါကိုယ်က ပိုလျှံနေတဲ့ပရိုတင်းတွေကို အမိုင်နိုအက်စစ်အဖြစ် ဖြိုခွဲပြီး သကြားဓါတ်အဖြစ်ပြန်ပြောင်းလိုက်မှာဖြစ်လို့ ketosisဖြစ်လာစေမှာမဟုတ်ပါဘူးနော်။

    ကီတိုနည်းနဲ့စားသုံးသူဟာ ကယ်လိုရီအများစုကို အဆီကနေရရှိမှာဖြစ်ပြီး ကယ်လိုရီစားသုံးမှုရဲ့ ၅၅-၆၀ ရာခိုင်နှုန်းလောက်မှာပါဝင်နေသင့်တာပါ။ ဒါ့ကြောင့် သူ့ရဲ့စားသောက်ပုံမှာ ပရိုတင်းက ၃၅ ရာခိုင်နှုန်းလောက် ပါဝင်နေတယ်ဆို ketosis မဖြစ်ဖို့များပါတယ်။

    (၃) ခွင့်ပြုထားတဲ့ကာဗိုဟိုက်ဒရိတ်အမျိုးအစားတွေကို ပိုစားမိတာ

    ကီတိုနည်းမှာ အစေ့အဆန်နဲ့ နို့ထွက်ပစ္စည်းလို တချို့ကာဗိုအမျိုးအစားတွေကို လက်ခံပေးထားပါတယ်။ သူတို့မှာ အဆီပါဝင်မှုများသလို ကီတိုစားသောက်နည်းအတွက် အကျိုးဖြစ်စေမယ့် အာဟာရပြည့်အစားအစာတွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ ကာဗိုဟိုက်ဒရိတ်လည်းပါဝင်တာကြောင့် စားလို့ရတဲ့အတိုင်းအတာထက် ပိုပြီးစားမိရင် ကီတိုနည်းက မအောင်မြင်နိုင်ပါဘူး။

    (၄) ကယ်လိုရီမတွက်တာ

    ကိုယ့်ခန္ဓါကိုယ်ကလောင်ကျွမ်းနိုင်တာထက် ကယ်လိုရီပိုစားမိနေတဲ့လူတစ်ယောက်က ဝိတ်ကျဖို့မလွယ်ပါဘူး။ ဒီလိုစားမယ်ဆို ketosis ဖြစ်နေရင်တောင် ဝိတ်တက်လာနိုင်ပါတယ်။ အဆီများတဲ့အစားအသောက်တွေက ကာဗိုအစားအစာတွေထက် ကယ်လိုရီပါဝင်မှုပိုများနေနိုင်တဲ့အတွက် စားတဲ့အခါ ကယ်လိုရီတွက်ပြီးစားတာကောင်းပါတယ်။

    (၅) အရက်သောက်မိတာ

    ဝိုင်နဲ့ဘီယာအပါအဝင် အယ်လ်ကိုဟောသောက်သုံးမှုအများစုမှာ ကာဗိုပါဝင်မှုများပါတယ်။ ကီတိုနည်းမှာ ဒီလိုအယ်လ်ကိုဟောအမျိုးအစားတွေကို ခွင့်ပြုမထားပါဘူး။ ဂျင်နဲ့ ဗော့ကာတို့လို အပြင်းတွေကိုတော့ အနည်းငယ်လက်ခံပေမယ့် သူတို့မှာလည်း ကယ်လိုရီမြင့်မားတဲ့အတွက် ဝိတ်ကျဖို့ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

    (၆) လှုပ်ရှားမှုနည်းတာ

    ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းတွေက လူ့ကျန်းမာရေးအတွက်အရေးပါပါတယ်။ အဆီများတာတွေစားနေတဲ့သူမှာ ကယ်လိုရီကိုလောင်ကျွမ်းအောင်နဲ့ ကိုယ်လိုလားတဲ့အလေးချိန်ကိုရောက်နိုင်ဖို့ လှုပ်ရှားမှုလေးလုပ်ဖို့လိုပါတယ်။

    (၇) စိတ်ဖိစီးမှုများတာ

    စိတ်ဖိစီးတာများတဲ့နေထိုင်မှုပုံစံကြောင့် ကီတိုနည်းပဲလုပ်လုပ် ဘာနည်းပဲလုပ်လုပ် ဝိတ်ကျဖို့ နှောင့်နှေးစေပါတယ်။ စိတ်ဖိစီးချိန်မှာ ဟော်မုန်းပမာဏတွေပြောင်းလဲစေပြီး ဝိတ်တက်တာ ဒါမှမဟုတ် အဆီချနည်းမထိရောက်တာ တွေဖြစ်စေနိုင်ပါတယ်။

    (၈) ရောဂါအခံရှိနေတာ

    တချို့ကျတော့ နည်းလမ်းမှန်လျက်နဲ့အဆီမကျတာ ကိုယ့်မှာရောဂါအခံရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။ ရောဂါအခံကြောင့်ပဲ ဝိတ်တက်နေတာ၊ မကျတာတွေရှိနိုင်ပါတယ်။ ဥပမာ ကိုယ်အလေးချိန်ကိုသက်ရောက်စေနိုင်တဲ့ ရောဂါတချို့ထဲမှာ –

    • လည်ပင်းကြီးရောဂါ
    • စိတ်ကျရောဂါ
    • အင်ဆူလင်များခြင်း
    • Cushing’s syndrome
    • သားဥအိမ်ရေအိတ်တည်ခြင်း (PCOS) တို့ပါဝင်ပါတယ်။

    ဒီတော့ပြောချင်တာက အဆီများတာတွေ လှိမ့်စားတိုင်း ကီတိုမဟုတ်ပါဘူးနော်။ အချိုးအဆမှန်မှန်နဲ့ စားသင့်ပါတယ်။ Keto Diet ကလည်း တင်းကျပ်တဲ့စားသောက်ပုံနည်းလမ်းတစ်ခုပါပဲ။ စားသောက်နည်းကိုတော့ ကိုယ့်ရဲ့အာဟာရပညာရှင်နဲ့သေချာဆွေးနွေးပြီး ညွှန်ကြားချက်အတိုင်းလိုက်နာပေးပါ။ စနစ်တကျလုပ်ရင် သိပ်ကိုထိရောက်တဲ့ ကိုယ်အလေးချိန်လျှော့ချနည်းဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement