brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Energy Drink တွေကပေးတဲ့ ဆိုးကျိုးတွေ

Energy Drink တွေကပေးတဲ့ ဆိုးကျိုးတွေ ကို သိပြီးပါရဲ့လား! Energy Drink လို့ ခေါ်တဲ့ ခွန်အားဖြည့်အချိုရည် ချိုချိုလေးတွေဟာ လူကြိုက်များတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် ကလေးသူငယ်လေးတွေကနေအစ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်တွေအလယ် လူကြီးသူမတွေအဆုံး နှစ်သက်ကြလေ့ရှိပါတယ်။

Energy Drink တွေကပေးတဲ့ ဆိုးကျိုးတွေ

ဒီအချိုရည်တွေကို ကမ္ဘာတစ်လွှားမှာ ဘယ်လောက်တောင် လူကြိုက်များလဲဆိုရင် လာမယ့် ၂၀၂၄ ခုနှစ်ရောက်ရင် ကမ္ဘာတစ်လွှား အဆိုပါအချိုရည်ဈေးကွက်ရဲ့ တန်ကြေးဟာ ဒေါ်လာ ၇၂ ဘီလီယံအထိရှိလာနိုင်မှာဖြစ်ပါတယ်။

လူတွေဘာကြောင့် ဒီအချိုရည်တွေကို စွဲစွဲလမ်းလမ်းနှစ်ခြိုက်သဘောကျနေကြတာလဲ။ လူတိုင်းနီးပါးက ခွန်အားဖြည့်အချိုရည်တွေဟာ စွမ်းအားကိုမြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့ နှစ်သက်စရာအရသာအတွဲအဖက်ကြောင့် နှစ်ခြိုက်ကြတာဖြစ်ပါတယ်။

Energy Drink တွေကပေးတဲ့ ဆိုးကျိုးတွေ

ခွန်အားဖြည့်အချိုရည်တွေဟာ တကယ်ရော ခွန်အားတွေပေးနိုင်ရဲ့လား၊ စွမ်းအားကိုတိုးစေမှာလား၊ ဦးနှောက်ကိုကြည်လင်စေပြီး စဉ်းစားတွေးခေါ်မှုတွေကို ပိုပြီး အထောက်အကူဖြစ်စေမှာလား … အဖြေကတော့ ဒီလောက်မရိုးရှင်းပါဘူး။ ခွန်အားဖြည့်အချိုရည်တွေမှာ လူသိနည်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ လူတွေ သတိမထားမိတဲ့ ခွန်အားဖြည့်အချိုရည်တွေရဲ့ ဆိုးကျိုးလေးတွေကို ဖော်ပြလိုက်ရပါတယ်။

Energy Drink တွေကပေးတဲ့ ဆိုးကျိုးတွေ ကတော့

  • ခွန်အားဖြည့်အချိုရည်တွေဟာ ရေဓာတ်ကို ဆုံးရှုံးစေပါတယ်

ခွန်အားဖြည့်အချိုရည်တွေမှာ အဓိကပါဝင်တဲ့ ပစ္စည်းက ကဖိန်းဓာတ်ဖြစ်ပါတယ်။ ၁၆ အောင်စရှိတဲ့ အချိုရည်တစ်ဘူးမှာ ကဖိန်းဓာတ် ၁၆၀ မီလီဂရမ်လောက် ပါဝင်ပါတယ်။ ဒီဓာတ်ဟာ ဆီးရွှင်စေတဲ့ အကျိုးအာနိသင်ရှိပါတယ်။ ဒါကြောင့် ရေဓာတ်ဆုံးရှုံးမှုဖြစ်နိုင်ချေများပါတယ်။ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကဖိန်းဓာတ် ၄၀၀ မီလီဂရမ်ထက်ပို မသုံးစွဲသင့်ဘူးလို့ FDA ကလည်း သတိပေးထားပါတယ်။

အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ကြောင့်ပဲ နှလုံးခုန်နှုန်းကို မြန်ဆန်စေပါတယ်။ Canadian Journal of Cardiology ရဲ့ ဖော်ပြချက်အရ ဆယ်ကျော်သက်လူငယ်တွေအကြားမှာ ခွန်အားဖြည့်အချိုရည်တွေ အလွန်အကျွံသောက်သုံးတာက နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါဖြစ်ပွားနှုန်းကို မြင့်တက်လာစေတယ်လို့ ဆိုထားပါတယ်။

  • ခွန်အားဖြည့်အချိုရည်တွေဟာ သွားကိုလည်း ထိခိုက်စေနိုင်ပါတယ်

ခွန်အားဖြည့်အချိုရည်တွေမှာ Citric Acid ပါဝင်ပါတယ်။ အဆိုပါ အက်ဆစ်ဓာတ်က သွားကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။ လေ့လာချက်တွေအရ ခွန်အားဖြည့်အချိုရည်တွေက Sport Drink တွေထက်ပိုပြီး လူ့သွားရဲ့ အပေါ်ယံကြွေသားအလွှာကို ထိခိုက်အောင် လုပ်လေ့ရှိတယ်လို့ ဆိုထားပါတယ်။

  • ခွန်အားဖြည့် အချိုရည်တွေက သင့်ကို ခွန်အားမပေးနိုင်ပါဘူး

နာမည်ကတော့ Energy Drink ဟုတ်ပါတယ်။ ဒါပေမယ့် ဒီ ခွန်အားဖြည့်အချိုရည်တွေဟာ သောက်သုံးသူတွေကို ခွန်အားအစစ်အမှန်ပေးနိုင်မှာမဟုတ်ပါဘူး။ အဲဒီအချိုရည်တွေထဲမှာပါဝင်တဲ့ Taurine ၊ L-carnitine နဲ့ Glucuronolactone တွေပါဝင်ပေမယ့် တကယ့် စွမ်းအင်ကိုတော့ မြှင့်တင်ပေးနိုင်မှာမဟုတ်ပါဘူး။ Taurine နဲ့ L-carnitine တို့က Amino Acid အမျိုးအစားတွေဖြစ်ကြပြီးတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အနည်းငယ် မြှင့်တင်ပေးနိုင်ပါတယ်။ Glucuronolactone လည်း အတူတူပါပဲ။ ဒါပေမယ့် ဒီအချက်တွေကြောင့်တော့ ခန္ဓာကိုယ်မှာ ခွန်အားတွေ မြင့်တက်လာဖို့ အကြောင်းပြချက်မဟုတ်ပါဘူး။

World Health Organization ရဲ့ သတ်မှတ်ချက်တွေအရ လူတစ်ယောက်ဟာ တစ်နေ့ကို သကြားပမာဏ လက်ဖက်ရည်ဇွန်း ၆ စွန်းပဲစားသုံးဖို့သင့်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အချိုရည်တွေမှာ တစ်ဘူးကို လက်ဖက်ရည်ဇွန် ၁၃ ဇွန်းစာလောက်ပါဝင်လေ့ရှိပါတယ်။ နေ့စဉ်သုံးစွဲဖို့ သတ်မှတ်ထားတဲ့ ပမာဏရဲ့ ၂ ဆ ကျော်ပမာဏဖြစ်ပါတယ်။

စွမ်းအားမြှင့်အချိုရည်တွေမှာ Guarana ဆိုတဲ့ တောင်အမေရိကမျိုးရင်း အပင်တစ်မျိုးပါဝင်ပါတယ်။ ဒီအပင်ဟာ စိတ်ကြည့်စေတယ်၊ ခွန်အားကိုဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထည့်သွင်းကြတာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအပင်ကြောင့် ခေါင်းကိုက်တာတွေနဲ့ စိတ်အပြောင်းအလဲမြန်တာမျိုးတွေ ဖြစ်နိုင်ပါသေးတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Zon Aung · 04/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။