backup og meta

ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်ညစ်လို့ အစားသောင်းကျန်းမိ တဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်ညစ်လို့ အစားသောင်းကျန်းမိ တဲ့အခါ

    အစားသောင်းကျန်းတဲ့ သူတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲတွေ့နေ မြင်နေရမှာပါ။ အခုပဲ ထမင်းစားပြီးတယ်၊ ဗိုက်က ထပ်ဆာလာပြန်ပြီ၊ ဟိုဟာလေး စားချင်လိုက်တာ၊ ဒီဟာလေး စားချင်လိုက်တာ ဆိုပြီး ပြောနေကြတာ၊ ညဆိုရင် မအိပ်ဘဲ ရေခဲသေတ္တာတွေ၊ ကြောင်အိမ်ထဲ ဝင်မွှေနှောက် တွေ့ရာ ထမင်း၊ ဟင်း၊ မုန့်၊ အအေး ဘာမှမချန်ဘဲ အကုန် ပါးစပ်ထည့် စားပစ်လိုက်တာ စသဖြင့် ပုံစံမျိုးစုံတွေ့ရတတ်ပါတယ်။ ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်ညစ်လို့ အစားသောင်းကျန်းမိ ကြတဲ့သူတွေပေါ့။

    ဗိုက်ဆာလို့ စားလိုက်တာ ပြဿနာမရှိပေမဲ့ ညစ်နေတဲ့ စိတ်ကို ပြေပျောက်သွားအောင်ဆိုပြီး အစားတွေ အလွန်အကျွံ စားမိတတ်တာ စိတ်ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဒါကိုတော့ Emotional Eating – စိတ်ညစ်လို့ အစာစားခြင်း လို့ ခေါင်းစဉ်တပ်လို့ ရပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ စိတ်မှာ ဖြစ်နေတဲ့ မကောင်းတဲ့ ခံစားချက်တစ်မျိုးမျိုးကို ရှောင်လွှဲပစ်ဖို့ ဘေးကင်းမယ်လို့ ထင်ရတဲ့ အစားဘက်ကို အာရုံလွှဲလိုက်တာမျိုးပေါ့။

    ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

    လူတိုင်းက နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှု ပေါင်းစုံနဲ့ ရင်ဆိုင်ရပါတယ်။ ကျောင်း၊ ရုံး၊ အိမ်တွင်း၊ မိသားစု ဆွေမျိုးသားချင်း၊ အချစ်ရေး၊ လူမှုရေး၊ ငွေရေးကြေးရေး၊ ပစ္စုပ္ပန်၊ အနာဂတ် စသဖြင့် တွေးလိုက်ရင် ပူစရာတွေချည်းပါပဲ။ ဒီဘက်ခေတ်လိုမျိုး ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး အင်တာနက်တွေ အပြိုင်အဆိုင် သုံးနေကြတဲ့ ခေတ်ကြီးထဲမှာ လူကြီးရော လူငယ်တွေမှာပါ စိတ်ဖိစီးမှုတွေ အရမ်းများလာကြပါတယ်။

    တချို့လူတွေကတော့ ဒီစိတ်ဖိစီးမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးကြတယ်၊ ဘေးပတ်ဝန်းကျင်က လူတွေကို ဒုက္ခပေးကြတယ်။ တချို့ကျတော့လည်း ခံစားချက်တွေ ကျိတ်မှိတ် မျိုသိပ်လိုက်တယ်၊ စိတ်သက်သာသွားသလို ပိုဆိုးပြီး စိတ်ရောဂါတွေပါ ဖြစ်သွားကြတဲ့ သူတွေလည်း ရှိတယ်။ Emotional Eating လို ပြဿနာမျိုးဟာ စိတ်ခံစားချက်ကြောင့် လူနေမှုဘဝ၊ နေထိုင်မှုပုံစံကို သွားပြီး အဖျားခတ်တဲ့ ပြဿနာပါ။ စိတ်ရောဂါလို့တော့ ခေါင်းစဉ်တပ်မရပေမဲ့ ရေရှည်မှာ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ဘယ်သူတွေမှာ ပိုအဖြစ်များလဲ။

    အသက်အရွယ် မရွေး ဖြစ်ပွားနိုင်ပြီး လူငယ်တွေနဲ့ လူလတ်ပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။ မိန်းကလေးရော၊ ယောက်ျားလေးတွေမှာ ဖြစ်နိုင်ပြီး မိန်းကလေးတွေမှာတော့ စိတ်ခံစားချက်ကြောင့် အစားသောင်းကျန်းတဲ့ ပြဿနာ ပိုအဖြစ်များပါတယ်။

    အစာစားတာဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ မှန်ပေမယ့် စိတ်ရဲ့ တွန်းအားကြောင့် အာဟာရမဖြစ်တဲ့ အစားအစာတွေကို အလွန်အကျွံ စားမိလိုက်တဲ့အခါ အဝလွန်တာ၊ သွေးတွင်း ကိုလက်စထရောဓာတ်တွေ များတာ၊ ကိုယ်အလေးချိန် တက်တာ၊ နောက်ဆက်တွဲ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။

    ဘာကြောင့် အစားဘက်ကို အာရုံလွှဲလိုက်တာလဲ။

    ၁။ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပေးတဲ့ တခြားနည်းလမ်းတွေနဲ့ ယှဉ်လိုက်ရင် အစားအစာက ဘေးကင်းပြီး ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်စေတယ်လို့ ထင်ကြတာ

    ၂။ ရင်ဘတ်ထဲက အထီးကျန်ဆန်တဲ့ တွင်းနက်ကြီးကို အစားအစာနဲ့ ဖြည့်ရတယ်ဆိုတဲ့ ပတ်ဝန်းကျင်က စကားသံတွေကြောင့်

    ၃။ အစားအစာတွေက ကိုယ့်ရဲ့ လက်တစ်ကမ်းလို အကွာအဝေးမှာ အလွယ်တကူ ယူလို့ရတာ

    ၄။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်း မကောင်းတဲ့ ကော်တီစော် ဟော်မုန်း (Cortisol Hormone) တွေ တက်လာတယ်၊ နောက်ဆက်တွဲ အစာစားချင်စိတ်ကို ဖြစ်စေပါတယ်။

    တကယ်ဗိုက်ဆာတာလား၊ ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်ညစ်လို့ အစားသောင်းကျန်းမိ တာလား ဘယ်လိုခွဲကြမလဲ။

    အပိုင်း ၂ပိုင်း ခွဲပြီးတော့ ဘယ်လို ကွာခြားသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    အမှန်တကယ် ဗိုက်ဆာခြင်း

    • အစာကြေဖို့အတွက် အချိန်ပေးရပြီး အစာစားချင်စိတ်က ဖြည်းဖြည်းချင်းသာ မြင့်တက်တယ်

    • တစ်မျိုးတည်း သီးသန့်မဟုတ်ဘဲ အစာမျိုးစုံကို စားချင်တဲ့ စိတ် ဖြစ်ပေါ်တယ်

    • ဗိုက်ပြည့်သွားတယ် ဆိုတဲ့ ခံစားချက်ကို ကောင်းကောင်း ခံစားနိုင်ပြီး ဘယ်အချိန်မှာ အစားထပ်မစားသင့်တော့ဘူးလည်း ဆိုတာ သဘောပေါက်တယ်

    • အစာစားတာနဲ့ ပတ်သက်ပြီး ရှက်ရွံ့စိတ်၊ သိမ်ငယ်စိတ်၊ တခြားသူတွေ ကိုယ့်အပေါ် ဘယ်လိုမြင်မလဲ ဆိုတဲ့ မကောင်းတဲ့ အတွေးတွေ မရှိဘူး

    ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်ညစ်လို့ အစားသောင်းကျန်းမိ ခြင်း

    • ရုတ်တရက်ဆိုသလို ဦးနှောက်က အာသီသဖြစ်ပြီး အစာစားချင်စိတ် ဖြစ်လာတယ်

    • အစာ ရုတ်တရက် စားချင်လာတဲ့ ခံစားချက်ကို ဘယ်လိုမှ ထိန်းချုပ်လို့၊ သည်းခံလို့ မရနိုင်လောက်တဲ့အထိ ပြင်းထန်တယ်

    • အစားအစာ တစ်မျိုးတည်းကိုသာ စားချင်စိတ် ဖြစ်တယ်

    • များသောအားဖြင့် အသင့်စား အာလူးကြော်၊ ဆီကြော်တွေ၊ အချိုများတဲ့ အအေး၊ မုန့်တွေကို ပိုပြီး စားချင်စိတ် ဖြစ်ပေါ်စေတယ်

    • စားမိလိုက်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ဘဲ လက်ထဲက မုန့် မကုန်မချင်း ဆက်တိုက်တွေ စားနေမိမယ်

    • ဗိုက်ပြည့်နေပြီ ဆိုတဲ့ ခံစားချက်ကို သတိမထားမိတော့ဘူး

    • အစာစားပြီးလို့ ကုန်သွားပြီဆိုတော့မှ ကိုယ် ဘယ်လိုတွေ အစားသောင်းကျန်းမိခဲ့ပါလား ဆိုတဲ့ အတွေးတွေ ဝင်လာပြီး ရှက်နေမယ်၊ သိမ်ငယ်နေမယ်

    ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်ညစ်လို့ အစားသောင်းကျန်းမိ တဲ့အကျင့်ကို ဘယ်လိုဖျောက်ဖျက်ကြမလဲ။

    ၁။ အရင်ဆုံး သိထားဖို့က အစာတွေ နင်းကန်စားလိုက်လို့ ကိုယ့်ရဲ့ စိတ်မှာဖြစ်နေတဲ့ စိတ်ညစ်စရာတွေ၊ ပြဿနာတွေက ပျောက်သွားမှာ မဟုတ်ပါဘူး။ ခေတ္တခဏလောက် အချိန်လေးမှာသာ မေ့ပျောက်သွားနိုင်တယ် ထင်ရပေမယ့် လက်တွေ့ဘဝထဲ ပြန်ရောက်လာတဲ့အခါ ဒီပြဿနာတွေနဲ့ ထပ်ပြီး ရင်ဆိုင်နေရဦးမှာပါ။

    ၂။ ကိုယ့်ကိုယ့်ကိုယ် စိတ်ညစ်နေတယ်လို့ ထင်ရင် ဘာကြောင့် ညစ်တာလဲဆိုတဲ့ အကြောင်းရင်း၊ တရားခံကို အရင်ရှာပါ။ အဲ့ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို အဖြေရှာပါ။

    ၃။ စိတ်အရမ်း ဖိစီးနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ရင် လုပ်နေတဲ့ အလုပ်တွေကနေ ခဏရပ်ပြီး အိပ်စက်အနားယူလိုက်ပါ။ ဒါမှမဟုတ် ချွေးထွက်စေလောက်မယ့် လေ့ကျင့်ခန်းတစ်မျိုးမျိုးကို ပြင်းပြင်းထန်ထန် လုပ်ပါ။ အိမ်သန့်ရှင်းရေးတွေ လုပ်လိုက်တာ၊ ဟင်းချက်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။

    ၄။ စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့ တရားထိုင်ပါ။ ယောဂ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။

    ၅။ အာဟာရ မဖြစ်တဲ့ မုန့်တွေကို ထိုင်စားတာမျိုးထက် အရည်ရွှမ်းပြီး ကျန်းမာရေးအတွက်လည်း ကောင်းတဲ့ သစ်သီးမျိုးတွေ စားပေးပါ။ မြန်မြန် ရင်ပြည့်သွားအောင် ငှက်ပျောသီး၊ သင်္ဘောသီး၊ ပန်းသီး၊ သစ်တော်သီး၊ ထောပတ်သီးတွေကို စားပေးပါ။

    ၆။ ညဘက်ကို စောစောအိပ်နိုင်အောင် ကြိုးစားပါ။ ညမအိပ်တဲ့အခါ အစာစားချင်စိတ် ပိုဖြစ်တတ်သလို တွေ့ရာမြင်ရာ အကုန်စားချင်လာတတ်ပါတယ်။

    ၇။ အစာစားဖို့ စိတ်ကူးဝင်လာတာနဲ့ အဲ့အတွေးတွေကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ရအောင် ဖျောက်ပါ။ တစ်ခုခု ထလုပ်ပါ။

    ၈။ ကိုယ့်ရဲ့ တစ်နေ့တာကို ဘာတွေ စားခဲ့လဲဆိုတာ ဒိုင်ယာရီစာအုပ်ထဲမှာ မှတ်တတ်တဲ့ အကျင့်လုပ်ပါ။

    ၉။ ဒီပြဿနာကို ဘယ်လိုမှ ထိန်းချုပ်လို့ မရဘူးလို့ ထင်ရင် စိတ်ရောဂါကု ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement