backup og meta

ရေခဲမုန့်စားခြင်းက ကိုလက်စထရောမြင့်တက်မှုကို ဖြစ်စေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေခဲမုန့်စားခြင်းက ကိုလက်စထရောမြင့်တက်မှုကို ဖြစ်စေသလား

    ရေခဲမုန့်ဟာ အသက်အရွယ်မရွေး နှစ်သက်သဘောကျတဲ့ အစားအစာတစ်ခုဆိုတာကိုတော့ အထူးတလည်ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ ဒါပေမယ့် ရေခဲမုန့်ဟာ အရသာကောင်းသလောက် ပြည့်ဝဆီနဲ့ သကြားအမြောက်အများပါဝင်ပြီး သွေးကြောတွေကို ပိတ်ဆို့စေတဲ့ မကောင်းတဲ့ LDL ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်ပမာဏကို မြင့်တက်စေတဲ့ အဓိကတရားခံတစ်ခုလည်း ဖြစ်လို့နေပါတယ်။ ဒါ့အပြင် ရေခဲမုန့်ကြောင့် ကိုယ်အလေးချိန်တိုးလာနိုင်ပြီး သွေးတွင်းကိုလက်စထရောပမာဏ မြင့်တက်ဖို့ အလားအလာများပါတယ်။

    အစားအသောက်နဲ့နှလုံးကျန်းမာရေး

    နှလုံးကျန်းမာရေးကိုစောင့်ရှောက်ရာမှာ ပြည့်ဝဆီ၊ ဟင်းသီးဟင်းရွက်ဆီကို စက်မှုနည်းပညာအရ ပြင်ဆင်ချက်လုပ်ထားတဲ့ trans fats နဲ့ သကြားပါဝင်မှုနည်းတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းရဲ့ အဆိုအရ လူတစ်ယောက်ဟာ တစ်နေ့ကို ပြည့်ဝဆီ ၁၆ဂရမ်၊ trans fats ၂ဂရမ်ထက် ပိုမစားသင့်သလို သကြားစားသုံးမှုကိုလည်း နေ့စဉ်စားသုံးတဲ့ ကယ်လိုရီပမာဏရဲ့ ၅ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းအတွင်းရှိအောင် ချင့်ချိန်ကန့်သတ်သင့်ပါတယ်။

    ကိုလက်စထရောထိန်းရင်း ရေခဲမုန့်စားကြမယ်

    ချောကလက်ရေခဲမုန့်တစ်ခွက်မှာ ပြည့်ဝဆီ ၁၅.၃၆ ဂရမ် (တစ်နေ့တာအများဆုံးစားသုံးနိုင်တဲ့ ပမာဏနီးပါး) ပါဝင်နေပါတယ်။ ဒီတော့ ချောကလက်ရေခဲမုန့်တစ်ခွက် စားလိုက်ပြီဆိုတာနဲ့ အဲဒီနေ့မှာ ပြည့်ဝဆီပါဝင်မှုများတဲ့ အသား၊ ချိစ်၊ နို့နဲ့ အခြားတိရစ္ဆာန်ထွက် အစားအသောက်တွေကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ဒီအရာတွေစားမယ့်အစား သဘာဝအတိုင်းရရှိတဲ့ အစေ့အဆံတွေ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ၊ ပဲအမျိုးမျိုး၊ အခွံမာသီးအမျိုးမျိုးနဲ့ အစေ့အမျိုးမျိုးကို စားသုံးသင့်ပါတယ်။ ဒါပေမယ့် အုန်းသီးလို ပြည့်ဝဆီပါဝင်မှုများတဲ့ အသီးတွေ မစားမိဖို့တော့ သတိပြုသင့်ပါတယ်။

    ရေခဲမုန့်ကို တစ်ခွက်လုံးမဟုတ်ဘဲ ခွက်တစ်ဝက်လောက် လျော့စားခြင်းအားဖြင့်လည်း တစ်နေ့တာအဆီစားသုံးမှုကို လျော့ချနိုင်ပါတယ်။ ဗနီလာရေခဲမုန့် ခွက်တစ်ဝက်မှာ ပြည့်ဝဆီ ၂.၂ဂရမ်၊ သကြား ၁၇ဂရမ်ပါဝင်ပြီး ၆၆ ကယ်လိုရီရရှိမှာဖြစ်ပါတယ်။

    ဒါ့အပြင် ရေခဲမုန့်ကို နေ့စဉ်ရက်ဆက်မစားဘဲ ရံဖန်ရံခါမှသာ စားသုံးသင့်ပါတယ်။ ရေခဲမုန့်အစား အထက်မှာပြောခဲ့သလိုပဲ သဘာဝအတိုင်းရရှိတဲ့ အစေ့အဆံတွေ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ၊ ပဲအမျိုးမျိုး၊ အခွံမာသီးအမျိုးမျိုး၊ အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ အသားဓါတ်ပြည့်ဝတဲ့ အစားအစာတွေကို ပိုမိုစားသုံးသင့်ပါတယ်။

    ရေခဲမုန့်အစား ဘာစားကြမလဲ

    ဒိန်ချဉ်အေး

    ဒိန်ချဉ်အေးတစ်ပွဲစာမှာ ပြည့်ဝဆီ ၂ဂရမ်လောက်သာ ပါဝင်တဲ့အတွက် ပြည့်ဝဆီပါဝင်မှုနည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရေခဲမုန့်နီးပါး ပြည့်ဝဆီထည့်သွင်းပြုလုပ်ထားတဲ့ ဒိန်ချဉ်တွေလည်း ရှိတဲ့အတွက် မဝယ်ယူခင်မှာ ပြုလုပ်ပုံအညွှန်းကို အရင်ဖတ်ကြည့်သင့်ပါတယ်။

    Sherbet

    Sherbet (ရေမှာထည့်ရင် အမြုပ်ထပြီးဆူတဲ့ ဖျော်ရည်မှုန့်) ဟာလည်း နို့ကရရှိတဲ့ သွားရည်စာဖြစ်ပြီး အဆီမပါတဲ့ ဒိန်ချဉ်လိုပဲ ပြည့်ဝဆီပါဝင်မှု အလွန်နည်းတဲ့အပြင် စားလို့ကောင်းတဲ့ အနံ့အရသာအမျိုးမျိုး ထည့်သွင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။

    Sorbet

    သကြားနဲ့သစ်သီးအရောအနှောကို ရေခဲမုန့်လုပ်စက်ထဲမှာ ထည့်သွင်းချက်လုပ်ပြီး ရရှိလာတဲ့ အချိုမုန့်ကို sorbet (ရှာလပတ်ရည်)လို့ ခေါ်တာဖြစ်ပါတယ်။ ရှာလပတ်ရည်မှာ နို့ထွက်ပစ္စည်းမပါဝင်တဲ့အတွက် ကိုလက်စထရောတက်မှာ စိုးရိမ်စရာမလိုတော့ပါဘူး။

    ရေခဲချောင်း

    တကယ်တော့ ရေခဲချောင်းဟာ ကလေးစားတဲ့မုန့်သက်သက် မဟုတ်ပါဘူး။ ရေခဲချောင်းကို အနီ၊ အဖြူ၊ အပြာ စသည်ဖြင့် အရောင်မျိုးစုံ အနံ့အရသာမျိုးစုံနဲ့ ရရှိနိုင်တဲ့အတွက် စားချင်စဖွယ်ဖြစ်နေမှာ အသေအချာပါပဲ။ ဒါပေမယ့် ရေခဲချောင်းမစားခင်မှာ အုန်းနို့လိုမျိုး အဆီပါဝင်မှုများတဲ့ အရာတွေ ထည့်သွင်းပြုလုပ်ထားခြင်းရှိမရှိ အရင်စစ်ဆေးဖို့ လိုအပ်ပါတယ်။

    Smoothies

    သစ်သီးနဲ့ ဟင်းသီးဟင်းရွက် smoothie အားလုံးက နှလုံးကျန်းမာရေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ Smoothie ပြုလုပ်ရာမှာ နို့၊ ခရင်မ်တွေသုံးမယ့်အစား ဒိန်ချဉ်၊ ငှက်ပျောသီးနဲ့ ထောပတ်သီးတို့ကို အသုံးပြုသင့်ပါတယ်။

    အအေးခံထားတဲ့ သစ်သီး

    သဘာဝအတိုင်း အအေးခံထားတဲ့ သစ်သီးတွေမှာ အဆီပါဝင်မှုနည်းပြီး သကြားထပ်မထည့်ထားတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ဆိုနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement