brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

သွေးတိုးသမားအတွက် ဓါတ်စာ သစ်ကြားသီး

သစ်ကြားသီးကို အခုနောက်ပိုင်း အတော်စားသုံးလာကြပါတယ်။ မားကတ်တွေမှာလည်း ရနိုင်သလို အွန်လိုင်းကနေလည်း မှာယူ စားသုံးကြပါတယ်။ သူ့ရဲ့ကျန်းမာရေးအာနိသင်တွေကို သိတာထက် ကြိုက်နှစ်သက်လို့ စားကြတာ များပါတယ်။ လူကြီးတွေရော၊ကလေးတွေအတွက်ပါ သရေစာ တစ်ခုအဖြစ် သဘောကျကြတာပါ။ ဒီတစ်ခေါက်တော့ သွေးတိုးသမားအတွက် ဓါတ်စာ အနေနဲ့လည်း သစ်ကြားသီး စားပေးလို့ရတဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

သွေးတိုးသမားအတွက် ဓါတ်စာ သစ်ကြားသီး

သွေးတိုးသမားအတွက် ဓါတ်စာ သစ်ကြားသီး

အကျိုးပြုအဆီတွေ ပါဝင်တဲ့ အစေ့အဆန်တွေက နှလုံးကျန်းမာရေးကို အကျိုးပြုတယ် ဆိုတာ သိထားပြီး ဖြစ်ပါတယ်။ဒီတစ်ခါ သုတေသန တွေ့ရှိချက်မှာတော့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ရှိတဲ့သူတွေဟာ အဆီနည်းတဲ့ စားသောက်မှုပုံစံနဲ့ စားသောက်ပြီး သစ်ကြားသီးကို တွဲဖက်စားသုံးမယ် ဆိုရင် သွေးတိုး ကျစေနိုင်တယ်လို့ ဆိုပါတယ်။
သုတေသီတွေက အသက် ၃၀- ၆၅ ကြားအရွယ်ရှိတဲ့ ကိုယ်အလေးချိန် များနေသူတွေနဲ့ အဝလွန်နေသူ ၄၅ ဦးကိုလေ့လာခဲ့တာ ဖြစ်ပါတယ်။ ပါဝင်သူ အားလုံးကိုလေ့လာမှု မစခင် နှစ်ပတ်အလိုမှာ ပြင်ဆင်ချိန် Diet planနဲ့ စားသောက်စေခဲ့ပါတယ်။ ဒီအစီအစဉ်မှာ အားလုံးကို တသမတ်တည်း ဖြစ်စေဖို့ ချိန်ညှိတဲ့အနေနဲ့ ကြိုတင်လိုက်နာစေတာ ဖြစ်ပါတယ်။ သူတို့မှာ ပြည့်ဝဆီ စားသုံးမှုပမာဏ နည်းနေတဲ့အခါမှ သုံးဖွဲ့ခွဲပြီး အောက်ပါအတိုင်း ၆ ပတ်ကြာ စားသုံးစေပါတယ်။

  • သစ်ကြားသီး ပါဝင်တဲ့ စားသောက်ပုံ
  • သစ်ကြားသီး မပါပေမယ့် သူ့မှာပါတဲ့omega-3 အဆီဓါတ် alpha-linolenic acid (ALA) နဲ့polyunsaturated fatty acids တူညီတဲ့ ပမာဏ ပါတဲ့ စားသောက်ပုံ
  • သစ်ကြားသီး မပါပေမယ့်omega-3 အဆီဓါတ် alpha-linolenic acid (ALA) နဲ့omega-6 fatty acid (linoleic acid) တူညီတဲ့ ပမာဏ ပါတဲ့စားသောက်ပုံ တို့ဖြစ်ပါတယ်။

သစ်ကြားသီးနဲ့ သွေးဖိအားအတက်အကျ ဆက်နွှယ်မှု

ဒီကာလပြီးဆုံးတဲ့အခါ နှလုံးသွေးကြောရောဂါ အန္တရာယ် ရှိနေတဲ့ ပါဝင်သူတွေ အားလုံးကို ဆေးစစ်လေ့လာတဲ့အခါ အုပ်စု သုံးခုလုံးက သူတွေမှာ နှလုံးကျန်းမာရေးက အတိုင်းအတာ တစ်ခု အထိ အရင်ထက် ပိုကောင်းလာတာ တွေ့ရပါတယ်။

ပြည့်ဝဆီကို ရှောင်ပြီး သစ်ကြားသီးက ဖြစ်စေ၊ ဟင်းသီးဟင်းရွက်ဆီတွေက ဖြစ်စေ မပြည့်ဝဆီနဲ့ အစားထိုးတာက နှလုံးသွေးကြော နဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒါပေမယ့် သစ်ကြားသီးချည်းပဲ စားသုံးခဲ့တဲ့ အုပ်စုကတော့ တခြားအုပ်စုတွေထက် ပိုပြီး သွေးဖိအားကျတာ တွေ့ရပါတယ်။

“သစ်ကြားသီးစားတဲ့သူတွေက သစ်ကြားသီးမှာပါတဲ့အလားတူ fatty acids တွေစားခဲ့ကြတဲ့သူတွေထက် အကျိုးကျေးဇူးပိုများနေတာတွေ့ရပါတယ်။ ဒါ့ကြောင့် သူ့မှာပါတဲ့ အကျိုးပြုအဆီဓါတ်ဆိုတာထက်ပိုတဲ့ ဇီဝဒြပ်ပေါင်းတွေကြောင့် သစ်ကြားသီးစားတာက အကျိုးပိုများနေတာဖြစ်နိုင်တယ်။ ဥပမာ အမျှင်ဓါတ်လိုမျိုးပေါ့။ ဒါ့ကြောင့် fatty acids တွေဖြည့်ဆည်းရုံနဲ့ မတူညီနိုင်တာ” လို့ ဦးဆောင်သုတေသီProf. Penny Kris-Etherton ကပြောပါတယ်။

Pennsylvania State University သုတေသီတွေရဲ့ ဒီလေ့လာမှုကိုJournal of the American Heart Associationဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

သစ်ကြားသီးမှာ alpha-linolenic acid (ALA) လို့ခေါ်တဲ့ အပင်ထွက်omega-3 ပါဝင်လို့ သွေးဖိအားအပေါ်အကျိုးပြုသက်ရောက်မှုရှိစေတယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

ဒါပေမယ့် သစ်ကြားသီးရဲ့ ALA က နှလုံးကျန်းမာရေးကို ပိုကောင်းစေတာလား၊ ဒါမှမဟုတ် polyphenols လို သစ်ကြားသီးရဲ့တခြား ပါဝင်ပစ္စည်းတွေကပဲ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ရှိတဲ့သူတွေမှာ သွေးတိုးကို ထိန်းပေးနိုင်တာလား ဆိုတာ သုတေသီတွေက လေ့လာအဖြေထုတ်ဖို့ ဆက်လက် လေ့လာနေကြတာဖြစ်ပါတယ်။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Yun Sandi Nan Mon မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။