backup og meta

နှုတ်ခမ်းတဝိုက် မတော်တဆထိခိုက်မိခဲ့ရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှုတ်ခမ်းတဝိုက် မတော်တဆထိခိုက်မိခဲ့ရင်

    မျက်နှာ်ရဲ့ အလှတရားကိုတိုးစေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှုတ်ခမ်းေလးတွေမှာ မတော်တဆ ထိခိုက်မိတာ၊ စားရင်းက ကြိတ်ဝါးမိတာကြောင့် နှုတ်ခမ်းမှာ မတော်တဆထိခိုက်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မျက်နှာအလှတရားထိခိုက်မှုမရှိစေဖို့ အမြန်ဆုံးဂရုစိုက်နိုင်ဖို့လိုပါမယ်။ နှုတ်ခမ်းမှာထိခိုက်မိတဲ့အခါသေချာဂရုမစိုက်ဘူးဆိုရင် အမာရွတ်ကျန်နိုင်ခြေများသလို အနာကျက်နှေးပြီး ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။

    နှုတ်ခမ်းမှာထိခိုက်မိတဲ့အခါ ဘယ်လိုဂရုစိုက်မလဲ

    နှုတ်ခမ်းမှာထိခိုက်တာက အရမ်းဖြစ်ခဲတဲ့ကိစ္စတော့မဟုတ်ပါဘူး။နေ့စဉ်လှုပ်ရှားသွားလာစားသောက်နေသူတွေအဖို့ဖြစ်နိုင်ခြေရှိတဲ့ထိခိုက်ဒဏ်ရာတစ်ခုပေါ့။ နှုတ်ခမ်းမှာထိခိုက်မိတာက အရမ်းမပြင်းထန်ဘူးဆိုရင်၊ ကြီးမားတဲ့မတော်တဆမှုတစ်ခုခုကြောင့် ထိခိုက်တာမဟုတ်ဘူးဆိုရင်တော့နေအိမ်မှာပဲ သက်သာအောင်လုပ်ပေးလို့ရပါတယ်။ ဘယ်လိုသက်သာအောင်လုပ်လို့ရမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား။ အနာကျက်တာကတော့ ထိခိုက်မိတဲ့အတိုင်းအတာပေါ်မှာလိုက်ပြီး ကြာမြင့်ချိန်ကွာခြားနိုင်ပါတယ်။

    နှုတ်ခမ်းမှာထိခိုက်တာတွေဖြစ်နိုင်တဲ့ အခြေအနေက

  • ရုတ်တရက်ချော်လဲတာ
  • တစ်ခုခုနဲ့ဝင်ဆောင့်မိတာလိုမျိုး မတော်တဆမှုဖြစ်တာ
  • ထိုးကြိတ်မိရင်းကဖြစ်တာ
  • သွားနဲ့ကြိတ်မိတာ
  • ဒေါသတကြီး နှုတ်ခမ်းကို ကိုက်မိတာတွေကြောင့်နှုတ်ခမ်းမှာ ထိခိုက်ဒဏ်ရာတွြေဖစ်နိုင်ပါတယ်။
  • နှုတ်ခမ်းမှာဖြစ်တဲ့ ထိခိုက်ဒဏ်ရာတွေကို ဒီလိုသက်သာအောင်လုပ်ပေးပါ

    နှုတ်ခမ်းမှာ ထိခိုက်မိတဲ့အခါ

    အနာကို သန့်စင်ဆေးကြောပေးပါ

    အနာတစ်ခုခုဖြစ်လာပြီဆိုရင် အရင်ဆုံးက အနာကို သန့်စင်ဆေးကြောဖို့ပါ။ အနာက ပါးစပ်တစ်ဝိုက်ဖြစ်နေတာကြောင့် အရက်ပြန်တို့လိုမျိုးအရာကို သုံးပြီးသန့်စင်ဆေးကြောဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ရေသန့်သန့်လေးသုံးပြီးဆေးကြောပေးပါ။ပြီးရင်တစ်သျှူးစသန့်သန့်လေး ဒါမှမဟုတ် တဘက်စသန့်သန့်လေးနဲ့ အနာကို သုတ်ပေးပါ။

    သွေးတိတ်အောင်လုပ်ပေးပါ

    အနာကိုဆေးကြောပြီးပြီဆိုရင် လုပ်ရမယ့်နောက်တဆင့်က အနာကိုသွေးတိတ်အောင်လုပ်ဖို့ပါ။ အနာပေါ်မှာ အဝတ်စသန်သန့်လေးကို ခပ်ထူထူလေးခေါက်ပြီး ဖိထားပေးပါ။သွေးတိတ်အောင်လုပ်လို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုကရေခဲကပ်ပေးတာပါ။ မိနစ်အနည်ငယ်လောက်ရေခဲကပ်ထားပေးတာက အနာကိုသွေးတိတ်အောင် အထောကအပံ့ဖြစ်စေမှာပါ။ရောင်ရမ်းမှုကိုလည်း သက်သာစေပါလိမ့်မယ်။ရေခဲကို အနာပေါ်မှာ တိုက်ရိုက်ကပ်တာမျိုးမလုပ်ပါနဲ့။ တဘက်စသန့်သန့်လေးထဲမှာ ထည့်ထုတ်ပြီး ကပ်ပေးပါ။ အရေပြားကို ထိခိုက်မှုနည်းစေဖို့ပါ။

    ပျားရည်လူးပေးပါ

    ပျားရည်က သဘာဝပိုးသတ်ဆေးတစ်မျိုးပါ။ ဒါကြောင့်နှုတ်ခမ်းတဝိုက်မှာဆေးလူးရမှာကိုကြောက်တယ်ဆိုရင် စားမိလို့လည်း အန္တရာယ်မရှိစေမယ့် ပျားရည်ကိုသွေးတိတ်သွားတဲ့အနာပေါ်မှာ ခပ်ပါးပါးလေးလူးပေးလိုက်ပါ။ ပိုးမဝင်အောင်ကာကွယ်ပေးမယ့်အပြင် အနာကျက်မြန်အောင်လုပ်ဆောင်ပေးပါလိမ့်မယ်။

    အုန်းဆီလူးပေးပါ

    အုန်းဆီက အသားအရေအတွက်တော်တော်လေးကောင်းကျိုးပေးစွမ်းနိုင်ပါတယ်။ အနာကျက်မြန်စေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ အုန်းဆီရဲ့ အားသာချက်တစ်ခုက အမာရွတ်ကျန်တာမျိုးမဖြစ်စေတာပါ။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အနာထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အနာပေါ်မှာ အုန်းဆီခပ်ပါးပါးလေးလူးပေးပါ။

    နေကြာဆီလူးပေးပါ

    အလွယ်တကူရနိုင်တဲ့ အဆီတစ်မျိုးပေါ့။ အနာကျက်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းအနာကို အန္တရာယ်ကင်းတဲ့ဆေးတစ်မျိုးမျိုးသုံးချင်တယ်ဆိုရင်တော့နေကြာဆီခပ်ပါးပါးလေးလူးပေးလို့ရပါတယ်။

    ပလာစတာကပ်ပေးပါ

    အနာကိုဆေးထည့်ပြီးပြီဆိုရင်တော့ အနာကိုပြင်ပကဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေ ကပ်ငြိတာမျိုးမဖြစ်စေဖို့အတွက် အနာပေါ်မှာ ပလာစတာကပ်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ် ပလာစတာလဲပေးပြီး အနာကို စစ်ဆေးပေးပါ။

    နှုတ်ခမ်းအနာသက်သာအောင် သတိထားရမှာတွေက

    • အနာသက်သာစေတဲ့ဆေးတစ်မျိုးမျိုးသောက်သုံးပေးတာ
    • ရေများများသောက်ပေးတာ
    • အနာကျက်မြန်စေတဲ့ အစားအစာတွေစားသုံးပေးတာ
    • အစားစားတဲ့အခါမှာလည်း နှုတ်ခမ်းကို ထိခိုက်တာမျိုးမဖြစ်စေမယ့် ခပ်ပျော့ပျော့ အစားအစာလေးတွေကို စားသုံးပေးပါ
    • အစားတစ်ခုခုစားပြီးတိုင်း နှုတ်ခမ်းကိုရေနွေးနဲ့ဆေးကြောသန့်စင်ပေးပါ
    • နှုတ်ခမ်းအနာက အရမ်းပြင်းထန်မယ်ဆိုရင်တော့မေးခိုင်ကာကွယ်ဆေးထိုးထားဖို့လိုပါမယ်။

    တကယ်လို့နှုတ်ခမ်းမှာရတဲ့ ထိခိုက်ဒဏ်ရာက ၄၈ နာရီအတွင်းသွေးမတိတ်တာ၊ အရောင်မကျတာမျိုးဖြစ်နေမယ်ဆိုရင်ဆေးခန်းမှာ သွားရောက်ပြသတာ အကောင်းဆုံးဖြစ်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement