အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ …. လူ့ခန္ဓါကိုယ်မှာ အစိတ်အပိုင်းအားလုံးကမရှိမဖြစ် အရေးပါ ပါတယ်။ ဒါ့ကြောင့် ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခုမှာ ထိမိခိုက်မိ ဒဏ်ရာအသေးစားလေးဖြစ်နေရုံနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ ဥပမာ အလုပ်မှာ ကွန်ပျူတာအမြဲသုံးနေရသူတွေ လက်ချောင်းမှာ ဓါးရှထားရင်၊ ထိခိုက်ထားရင် စာရိုက်ရခက်တာမျိုး၊ သွားလာရတာများတဲ့ အလုပ်လုပ်သူတွေခြေထောက်မှာကွဲရှအနာဖြစ်ထားရင် အလုပ်မတွင်တာမျိုးပါ။
ဒါ့အပြင် ဒီလောက်ဒဏ်ရာသေးသေးလေးနဲ့တောင်မေးခိုင်လိုမျိုး ရောဂါပိုးဝင်လာခဲ့ရင် ရောဂါပိုကြီးပြီး နောက်ဆက်တွဲဆိုးကျိုးတွေအမျိုးမျိုးဖြစ်စေနိုင်တာကြောင့် ဘေးအန္တရာယ်ကင်းကင်းနဲ့ အနာမြန်မြန်ကျက်ဖို့လိုပါတယ်။ အနာကျက်မြန်စေဖို့က အနာကိုပိုးမဝင်မှ ဖြစ်မှာပါ။ အပ်နဲ့ထွင်းရမယ့်ကိစ္စလောက်ကနေ ထိခိုက်ဒဏ်ရာလေးတွေကို သေချာမကုသ ၊မစောင့်ရှောက်ရင် ပုဆိန်နဲ့ပေါက်ရမယ့်အဖြစ်မျိုးဖြစ်မလာစေဖို့ အနာမရင်းအောင်ဂရုစိုက်ရပါမယ်။
အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ
အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။ ဒါဆို အနာအမြန်ကျက်စေဖို့ ဘာတွေလုပ်ဖို့လိုသလဲဆိုတာရော သင်သိပါသလား။ သိထားသင့်တဲ့အချက်လေးတွေကိုအောက်မှာပြောပြလိုက်ပါတယ်နော်။
- အရင်ဆုံး အနာရဲ့အနေအထားကို ကြည့်ပါ။ အရေပြားကပွန်းရုံပဲ၊ နီရဲနေရုံဖြစ်ပြီး သွေးမထွက်၊ မပေါက်ပြဲသေးဘူးဆိုရင်ရောဂါပိုးမဝင်အောင်ကာကွယ်ဖို့ပဲလိုပါတယ်။ အနာကိုအစိုဓါတ်မပျောက်အောင်ထိန်းပေးပါ။
- အနာကိုမထိတွေ့ခင်မှာ လက်ကိုသေချာဆေးကြောပါ။ ဘယ်ဒဏ်ရာကိုမဆို မကိုင်တွယ်ခင်မှာ လက်ကိုဆပ်ပြာနဲ့စင်ကြယ်အောင်အမြဲ ဆေးကြောသင့်ပါတယ်။ ဒါမှ ပိုးဝင်နိုင်တဲ့အန္တရာယ်နည်းပါးစေမှာဖြစ်ပါတယ်။
- အနာက လက်မှာဖြစ်နေခဲ့ရင် အနာကို ဆပ်ပြာမထိအောင် သတိထားပါ။ ဆပ်ပြာနဲ့တိုက်ရိုက်ထိတွေ့မိရင် အနာကိုပိုဆိုးစေပါတယ်။
- သွေးတိတ်အောင်လုပ်ပါ။ဆေးကြောသန့်စင်ပြီးလို့ အနာကသွေးထွက်နေသေးတယ်ဆိုရင် ပိုးသတ်ပြီးသားဂွမ်းစလေးနဲ့ အသာအယာဖိထားပေးပါ။
- hydrogen peroxide နဲ့ iodineဆေးတွေမသုံးပါနဲ့။hydrogen peroxide ကို အနာအတွက် ညွှန်းကြပေမယ့် ဘက်တီးရီးယားတွေကိုသေစေဖို့တော့ မစွမ်းနိုင်ပါဘူး။hydrogen peroxide က သဘာဝအလျောက်အနာကျက်တဲ့ဖြစ်စဉ်ကိုတောင်နှေးကွေးစေနိုင်ပြီး အနာကို ပိုစပ်စေနိုင်ပါတယ်။Iodine က ဒဏ်ရာကိုပိုနာစေပါတယ်။
- အနာကိုဆေးထည့်ပါ။ အနာကို ပိုးသတ်ဆေးထည့်ပြီး ပလာစတာကပ်ပါ၊ သို့မဟုတ် ပတ်တီးစည်းပါ။
- အနာက မနက်ဘူးဆိုရင် ထိခိုက်ရှနာတွေလောက်က ရှားစောင်းလက်ပပ်အနှစ် လိမ်းပေးနိုင်ပါတယ်။ အနာကြီးရင် နက်ရင်တော့ မသုံးပါနဲ့။ ရှားစောင်းလက်ပပ်က အနာတဝိုက်အရေပြားကိုအစိုဓါတ်ပေးနိုင်ပြီး ရောင်ရမ်းမှုကိုလျော့စေတဲ့အပြင် အနာကျက်မြန်စေပါတယ်။
- အနာကို ကာကွယ်ဖုံးအုပ်ပါ။ဆေးထည့်ထားတဲ့ အနာကို ပိုးသတ်ပြီးသားဂွမ်းစလေးနဲ့ဖုံးအုပ်ပြီးပေပါတိပ်လေးနဲ့ကပ်နိုင်ပါတယ်။ တခါတည်းနဲ့အဆင်ပြေနိုင်တာက ပလာစတာကပ်လိုက်ရင် ပိုကောင်းပါတယ်။ အနာကျက်လာတဲ့အထိ ပလာစတာကို မှန်မှန်လဲပေးပါ။ ဒီလိုလဲတဲ့အခါတိုင်း အရေးကြီးတာက ဆေးပြန်ထည့်တဲ့အခါတိုင်း ကိုင်တွယ်တဲ့လက်က အမြဲဆေးကြောသန့်စင်ပြီးသားဖြစ်ပါစေ။
- ပရိုတင်းဓါတ်နဲ့ဗီတာမင်တွေပြည့်ဝတဲ့အစားအစာတွေကိုပိုစားပါ။ပရိုတင်းများတာပိုစားပေးရင်အနာကျက်မြန်စေပြီး ဗီတာမင်ကြွယ်ဝတာစားရင် အရေပြားကျန်းမာရေးအတွက်ပိုကောင်းပါတယ်(အထူးသဖြင့် ဗီတာမင် အေနဲ့ ဗီတာမင် စီ)။ ဇင့်ဓါတ်ကလည်း အနာကျက်မြန်စေပါတယ်။ ပရိုတင်းများတဲ့ အဆီမပါအသားတွေ၊ ငါး၊ကြက်ဥနဲ့ပဲအမျိုးမျိုး၊ ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်၊ကီဝီ၊နာနတ်၊ဘယ်ရီအစရှိတဲ့အသီးတွေစားပေးသင့်ပါတယ်။
- ရေအလုံအလောက်သောက်သုံးပါ။ ရေ သို့မဟုတ် ကဖင်းမပါ၊အယ်ကိုဟောမပါတဲ့ သောက်စရာတစ်ခုခုကို နှစ်နာရီခြားတစ်ခါ အနည်းဆုံး ၈အောင်စလောက်ဝင်အောင် သောက်ပါ။ ဒါမှ ထိခိုက်ဒဏ်ရာရချိန်မှာ သွေးထွက်ခြင်း၊ အဖျားတက်ခြင်းကြောင့် ချွေးထွက်ပြီးဆုံးရှုံးသွားတဲ့အရည်ဓါတ်ကိုပြန်ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။
- အနာဖေးတွေကို မခွာပါနဲ့ ။ အကျင့်ပါနေလို့ပဲ ဖြစ်ဖြစ် အနာဖေး တက်နေရင် မခွာပစ်ပါနဲ့။ အနာဖေးတွေက အနာကျက် လာတဲ့ လက္ခဏာ ဖြစ်လို့ သူတို့ကို ခွာလိုက်ရင် မလိုအပ်ဘဲ အမာရွတ် ဖြစ်တာတွေ၊ အနာကျက်ဖို့ အချိန် ပိုကြာသွားတာတွေ ဖြစ်လာစေနိုင်ပါတယ်။
- ဗီတာမင်စီနဲ့ ဗီတာမင်အီး ဆေးဝါးတွေ သောက်ပေးပါ။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး အနာကို ဘက်တီးရီးယား ပိုးဝင်ခြင်းကနေ ကာကွယ်ပေးနိုင် ပါတယ်။ ဗီတာမင် အီးက အရေပြား အပေါ်ယံလွှာ တစ်ရှူးတွေ ပြန်လည် တည်ဆောက်မှုကို အထောက်အကူ ပေးပြီး အနာကျက် မြန်စေပါတယ်။
[embed-health-tool-bmi]